ချမ်းသာကြွယ်ဝဖို့အတွက် နည်းလမ်းအမျိုးမျိုးကို ဖတ်ဖူးလေ့လာဖူးကြမှာပါ။ ဒါပေမယ့် ဘယ်နှစ်ခုကို လက်တွေ့လုပ်ဖူးပါသလဲ။ နည့းလမ်းအများစုကလည်း သဘောတရားအားဖြင့် ဟုတ်သလိုရှိပေမယ့် လက်တွေလုပ်ဖို့ အလှမ်းဝေးနေတတ်ပါတယ်။ ဒါဆိုရင် ချမ်းသာကြွယ်ဝလာဖို့ လက်တွေ့ကျကျလုပ်ဆောင်နိုင်တဲ့ နည်းလမ်း မရှိဘူးလား။ ရှိပါတယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့်လိုက်ပါ။

၁။ မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံပါ။

အောင်မြင်သူတိုင်းဟာ သူတို့ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့ အချိန်၊ ခွန်အားနဲ့ ငွေကြေးတွေကို ရင်းနှီးမြုပ်နှံလေ့ရှိကြပါတယ်။ အခြားသူတွေကို ကူညီနိုင်ဖို့ မိမိကိုယ်ကိုယ် အကူအညီမလိုအပ်သူတစ်ယောက်ဖြစ်အောင် အရင်လုပ်ဖို့ လိုပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းပါ။ သင့်မှာ အရည်အချင်းတွေ ပြည့်စုံနေမှ အခွင့်အလမ်းပေါ်လာချိန်မှာ အမိအရဖမ်းဆုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။

၂။ မှန်ကန်တဲ့ အလုပ်ကိုရှာပါ။

အလုပ်အကိုင်တစ်ခုကို ရွေးချယ်ရာမှာ အလုပ်ရရင် ပြီးရော မရွေးချယ်သင့်ပါဘူး။ သင့်ရဲ့ စိတ်ကူးအိပ်မက်တည်ဆောက်ဖို့ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ အသိပညာ၊ အတတ်ပညာနဲ့ အတွေ့အကြုံကောင်းတွေ ရနိုင်မယ့် အလုပ်ကိုရွေးချယ်ပါ။ လူငယ်တစ်ယောက်အနေနဲ့ စတင်တည်ထောင်ခါစ လုပ်ငန်းတစ်ခုမှာ ဝင်လုပ်တာက လုပ်ငန်းတိုးတက်လာတာနဲ့ အမျှ ပညာပိုရလာနိုင်ပါတယ်။

၃။ ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်ပါ။

ဘယ်အလုပ်ကိုပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ သာမန်လောက်နဲ့ ကျေနပ်မနေပါနဲ့။ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆိုညအကောင်းဆုံး အထူးချွန်ဆုံးသူတွေပဲ အကျိုးရလဒ်ကြီးကြီးမားမားရရှိနိုင်တာ ဖြစ်ပါတယ်။ ရှင်သန်စားသောက်နေရုံ မဟုတ်ပဲ အစွဲအလမ်းကြီးကြီးနဲ့ လုပ်မှ အကောင်းဆုံးရလဒ်တွေကို စွမ်းဆောင်နိုင်မှာပါ။

၄။ ဝင်ငွေလမ်းကြောင်း များများဖန်တီးပါ။

ဝင်ငွေလမ်းကြောင်း တစ်ခုထဲနဲ့ ဘယ်တော့မှ ချမ်းသာလာနိုင်မှာ မဟုတ်ပါဘူး။ အရင်ဆုံး သင့်ရဲ့ လက်ရှိဝင်ငွေကိုတိုးတက်လာအောင် လုပ်ပါ။ ပြီးရင် နောက်ထပ်ဝင်ငွေလမ်းကြောင်းတွေ ထပ်ဖန်တီးပါ။ ဒီဝင်ငွေလမ်းကြောင်းနှစ်ခုက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပါစေ။

၅။ ငွေသိန်းတစ်ထောင်ရအောင် အရင်လုပ်ပါ။

အရင်ဆုံး ငွေ သိန်းတစ်ထောင်ရအောင် ရှာပါ။ ဒီငွေကို ရအောင် ရှာနိုင်ပြီဆိုရင် နောက်ထပ် ဝင်ငွေအမြောက်အများရှာဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါလိမ့်မယ်။ သင့်ရဲ့ ဝင်ငွေရဲ့ တစိတ်တပိုင်းကို သိန်းတစ်ထောင်ရဖို့ ရည်မှန်းချက်ထားပြီး စုဆောင်းပါ။ ငွေအလုံးအရင်းရလာပြီဆိုရင် တိုးပွားဖို့အတွက် နည်းလမ်းရှာပါ။ အိမ်ခြံမြေ ဝယ်ပြီး ငှားစားတာက ရှေးရိုးစွဲဆန်ပေမယ့် ရိုးရှင်းလွယ်ကူတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။