သူ့ကို ဘယ်လိုမေ့မလဲ

ကဲ .. ကိုယ့်ကိုကိုယ်မညာတမ်း မေးခွန်းတွေပြန်မေးကြမယ် ။ လူတစ်ယောက်ကို ပုံပြီး ချစ်ခဲ့ဖူးလား ။ သွားအတူလာအတူ ၊ အခက်အခဲတွေ အတူဖြေရှင်းရင်း ကိုယ့်နှလုံးသားနဲ့အနီးစပ်ဆုံးရော ဖြစ်ခဲ့ဖူးလား ။ စိတ်ချလက်ချနဲ့ ဘယ်တော့မှ မဝေးရတော့ဘူးထင်ထားတော့မှ ရှင်ကွဲကွဲရဖူးလား ။ ချစ်ရက်နဲ့လမ်းခွဲဖူးလား ၊ မချစ်တော့ဘူးဆိုပြီးတော့ရော အထားခဲ့ခံရဖူးလား ၊ နောက်ဆုံး ရှိသမျှသိက္ခာတွေအကုန်ချနင်းပြီး တောင်းပန်နေတဲ့ကြားက တခြားတစ်ယောက်ဆီ ရုန်းထွက်သွားဖူးလား ။

Future Plan အားလုံးကို လူတစ်ယောက်နဲ့အတူတူ တွဲစီစဥ်ထားပြီးမှ အဲ့ဒီလူအနားမှာမရှိတော့တဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ၊ ယောင်ချာချာကျန်ခဲ့ကြတာ ထုံးစံပါပဲ ။ ဘယ်နေရာကြည့်ကြည့် သူနဲ့ကိုယ်အမှတ်တရချည်းပဲမြင်နေရင်လည်း အဲ့ဒီနေရာကထွက်ပြေးလာလိုက်ချင်တာ ပုံမှန်ပါပဲ ။ အကောင်းကြီးကနေ ဘာအကြောင်းမှမရှိပဲ လှိုက်ခနဲဝမ်းနည်းလာမိတာ ၊ လုပ်လက်စအလုပ်ကိုမေ့ပြီး တစ်နေရာရာကိုငေးမောနေမိတာ ဒါတွေအားလုံးက အနာရွတ်ကျန်တော့မယ့်ဒဏ်ရာတစ်ခုရဲ့ Side Effect တွေပါပဲ ။

တစ်ပတ် ၊ တစ်လလောက် ဆောက်တည်ရာမရငိုမယ် ၊ နောက်ဆုံးတဖြည်းဖြည်းနဲ့ မဆုံနိုင်တော့တာကိုလက်သင့်ခံလာတဲ့အခါ Whatsoever the Reason , ဘဝကိုဆက်ပြီး Move On ဖြစ်ဖို့ ကြိုးစားရပါမယ် ။ ဒါကြောင့်လည်း အတိတ်တစ်ခုမှာ အခုထိ Stuck ဖြစ်နေတဲ့သူအချို့အတွက်ရည်ရွယ်ပြီး ချစ်တဲ့လူတစ်ယောက်ကို ဘယ်လိုမေ့ရမယ်ဆိုတဲ့အကြောင်းလေး ရေးပေးဖြစ်တာပါပဲ ။

လက်သင့်ခံရမယ်

လူတစ်ယောက်ကိုမေ့ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်က ကိုယ်ရှောင်ပြေးနေတဲ့အမှန်တရားနဲ့ ပတ်ပင်းတိုးပစ်လိုက်ဖို့ပဲ ။ ဟုတ်တယ် .. ။ သူ ကိုယ့်ကိုမချစ်တော့တာသေချာတယ် ။ ကိုယ်ဘယ်လောက်ခေါ်ခေါ် သူပြန်မလာတော့ဘူး ။ ကိုယ့်မျက်ရည်တွေက သူ့အမြင်မှပျော့ညံ့ခြင်းလို့ပဲနာမည်တပ်လိမ့်မယ် ။

သိပ်ခက်တယ် ။ သိပ်လည်းခါးတယ် ။ အမှန်တရားက ခါးတယ်ဆိုတာ ဒီအခြေအနေကိုကြုံဖူးတဲ့သူတိုင်း ကြိတ်မှိတ်မျိုချဖူးတဲ့ ဆေးခါးကြီးတစ်ခွက်ပဲ ။ ပိုဆိုးတာက ဒီရောဂါက ကိုယ့်ကိုပြန်သတ်မယ်ဆိုရင်တောင် ချစ်ရသူဆိုတာ ကိုယ်ပြုံးပြုံးကြီး အသေခံနိုင်တဲ့ကင်ဆာအကြိတ်တစ်ခု ဖြစ်နေတာပါပဲ ။

ဒါပေမယ့်လေ သိလား .. တစ်သက်လုံးအမှောင်မကျသွားခင် ရုန်းထွက်နိုင်ဖို့တော့လိုတယ် ။ ဒီနေရာမှာ ပြန်မဆုံနိုင်ခြင်းကို လက်သင့်ခံလိုက်ဖို့က သိပ်ပြီးအရေးပါတာပဲ ။

မတင်းထားနဲ့

သူမကောင်းလို့ပဲ ထားခဲ့ထားခဲ့ ၊ ကိုယ့်အမှားကြောင့်ပဲ ကျန်ခဲ့ကျန်ခဲ့ .. အားပါးတရငိုကြွေးခွင့်တော့ ကိုယ့်မှာအပြည့်ရှိတယ် ။ Reality ကိုရင်ဆိုင်သလို ၊ မျက်ရည်တွေကိုလည်း ရင်ဆိုင်နိုင်ဖို့တော့လိုမယ်။

ကိုယ်ချင်းစာပါတယ် .. သူစိမ်းနာရေးတစ်ခုမှာ သူများမျက်ရည်မြင်ရုံနဲ့ ကိုယ်ပါလိုက်ငိုချင်တတ်တာမှလား ၊ ဒီကိစ္စကြီးက ဘယ်လောက်ခက်မယ်ဆိုတာ သိပ်ခံစားမိတာပေါ့ ။ ငိုတာကို ပျော့ညံ့တယ်လို့ဘာလို့နာမည်တပ်ကြလဲမသိဘူးနော် ၊ ကျမအတွက်တော့ မျက်ရည်ကျတယ်ဆိုတာ သူရဲကောင်းတွေမှလုပ်နိုင်တဲ့အရာတွေထဲက တစ်ခုပဲ။

ကိုယ်ထားခဲ့တဲ့စေတနာတွေမှန်တယ် ၊ ကိုယ်ပေးခဲ့တဲ့မေတ္တာတွေမှန်တယ်ဆိုမှ လိပ်ပြာသန့်သန့်လေး ငိုချပိုင်ခွင့်ရှိတာမှလား ။ သူ့ကိုသတိရလို့ ရင်ဘတ်ထဲဆူးခနဲတစ်ချက်အောင့်သွားရင် ငိုသာငိုချလိုက် .. မာနနဲ့တင်းခံနေတာထက် ဒီနေရာမှာငိုခြင်းချတာက ရဲရင့်တာပဲ ။

သွားမဆက်သွယ်နဲ့

ဒီနေရာမှာတော့ အတော်ကြီး Strong ဖြစ်တဲ့လူတစ်ချို့ပဲ Survive လုပ်နိုင်တာများတယ် ။ ဖုန်းသွားမခေါ်နဲ့ ၊ စာသွားမပို့နဲ့ .. ကိုယ့်ဖက်ကနာတဲ့သူငယ်ချင်းတွေပါးစပ်က လွယ်လွယ်လေးအားပေးတတ်ကြတယ် ။ ဒါပေမယ့် တစ်သက်လုံးရည်စူးထားတဲ့လူတစ်ယောက်ကို မခေါ်မပြောနေလိုက်ဖို့က ဘယ်လွယ်မှာလဲနော် ။ အထူးသဖြင့် စိတ်ညစ်စရာရှိတိုင်း တိုင်ပင်နေကျ ၊ ရင်ဖွင့်နေကျလူတစ်ယောက်ကို ဘဝရဲ့အဆိုးရွားဆုံးအခိုက်အတန့်တစ်ခုမှာ မတိုင်တည်ပဲနေလိုက်ဖို့က ထင်တာထက်အများကြီး ပိုခက်ခဲပါတယ် ။ ဒါဆို ကျမတို့ ဘယ်လိုစိတ်တင်းကြမလဲ?

ကိုယ့်ကိုနာကျင်စေတဲ့လူက ကိုယ့်ဖုန်းနဲ့လက်မကြားက Call Button လေးတစ်ခုပဲခြားတယ်ဆိုတာ သတိရရမယ် ။ ဒီနေရာမှာတော့ မာနနဲ့သိက္ခာကို ရှေ့တန်းတင်ရတော့မယ် ။ ကိုယ့်မျက်ရည်က သူ့အတွက် Annoy ဖြစ်တာနဲ့ ပျော့ညံ့ခြင်းလို့ပဲမြင်နေမှာကို သတိဝင်ရမယ် ။ နောက်ဆုံး Last Chance လေးအဖြစ် တစ်ခါလောက် “သေချာပြီလား”လို့ မေးချင်မှာ Ellie သိတာပေါ့ ။ ဒါပေမယ့် မိအေးနှစ်ခါအနာမခံသင့်ဘူးလေ ဟုတ်တယ်မှလား ။ ဘာလို့ဆို သူလမ်းခွဲစကားပြောကတည်းက / တစ်ခြားတစ်ယောက်ကို သူရွေးချယ်လိုက်ပြီဆိုကတည်းက သိပ်သေချာတဲ့အဖြေက သူ့မှာရှိနှင့်ပြီးသားပဲကို ။

လွမ်းစရာကို လွမ်းစရာနဲ့ပဲဖြေပါ

ချစ်တဲ့လူကို မုန်းပစ်ဖို့ဆိုတာ ဘယ်လိုလို့ဖြစ်နိုင်မှာလဲ ။ တခါတလေ မာန်တင်းထားတာ ကိစ္စမရှိပေမယ့် လွမ်းစရာပေါ်လာတိုင်း နာစရာတွေချည်းလှည့်တွေးဖို့ဆိုတာ ထင်တာထက် ပိုခက်ခဲပါတယ် ။ အထူးသဖြင့် သူထားခဲ့တဲ့အမှတ်တရတွေက ပျော်စရာတွေများတဲ့အခါ ဘယ်လိုပုံဘယ်လိုနည်းနဲ့ နာကျည်းကြမှာလဲ ။ မုန်းတဲ့လူတစ်ယောက်ကို ချစ်လိုက်ဖို့ထက် ၊ ချစ်တဲ့လူတစ်ယောက်ကို မုန်းပစ်ဖို့က အဆတစ်ရာမက ပိုခက်ပါတယ်။

နာစရာတွေချည်းဖိတွေးတဲ့အခါ နေသာသလိုရှိပေမယ့် တစ်ပတ်နဲ့ပျောက်ရမယ့်အနာက အတွင်းကြေဖြစ်သွားတာမျိုးလည်း ဖြစ်လေ့ရှိပါတယ် ။ ဒါဆို သူ့ကိုလွမ်းနေပြီလား .. ? ခနလောက် သူ့အကြောင်းတွေးချင်တွေး ၊ ပြီးရင်တော့ ကော်ဖီဖျော် ၊ ရုပ်ရှင်ထဖွင့် ၊ အလုပ်ထလုပ် ။ လွမ်းတာကိုမေ့သွားတဲ့အထိ အာရုံလွှဲပစ်လိုက်တာ အကောင်းဆုံးမေ့နိုင်တဲ့နည်းလမ်းပါပဲ ။

ခွင့်လွှတ်လိုက်ပါ

ဘာလဲ .. ? သူလုပ်ခဲ့တဲ့ပုံက ကိုယ့်ဖက်တစ်ချက်မှမငဲ့တာမို့ ခွင့်လွှတ်နိုင်စရာမရှိဘူးမှလား ။ ဒါဆိုရင်တော့ ခွင့်လွှတ်တယ်ဆိုတာ သူ့ဖက်က ခွင့်လွှတ်ဖို့ထိုက်တန်လို့မဟုတ်ပဲ ၊ ကိုယ့်ကိုကိုယ်လွတ်မြောက်ခွင့်ပေးဖို့ဆိုတာလေး ပြန်သတိရဖို့လိုလာပြီ ။ အများစုစိတ်ထဲ ခွင့်လွှတ်ပါဆိုရင် အပြစ်သားကိုခြေချုပ်ကလွှတ်ပြီး သွားလိုရာပေးသွားလိုက်သလိုမျိုး မြင်လေ့ရှိကြတယ်။

တကယ်တော့ လူတစ်ယောက်ကိုခွင့်မလွှတ်နိုင်ဘူးဆိုတာ သူနဲ့ကိုယ်နှစ်ယောက်လုံးကို ချည်တိုင်တစ်ခုမှာ တွဲချည်ထားလိုက်တာပါပဲ ။ ချစ်စွဲပဲဖြစ်ဖြစ် ၊ မုန်းစွဲပဲဖြစ်ဖြစ် မဖြစ်နိုင်တော့တဲ့လူတစ်ယောက်ကို Move On လုပ်နိုင်ဖို့ ခွင့်လွှတ်လိုက်ဖို့ လိုကိုလိုပါတယ် ။ တကယ်တော့ ခွင့်လွှတ်လိုက်တယ်ဆိုတာ ကိုယ့်ခြေချင်းလေးကိုယ်ဖြုတ်ရင်း သူ့ဟာသူဘယ်သောင်တင်တင် ဘယ်ကမ်းကပ်ကပ် ၊ ဘယ်ကျန်ခဲ့ကျန်ခဲ့ ဥပေက္ခာပြုလိုက်တာပါပဲ။

အသစ်ရှာပါ

ဟုတ်တယ် ။ အသစ်ရှာကို ရှာရမယ် ။ ဒါပေမယ့် ကိုယ့် Emotion တွေ Fragile အဖြစ်ဆုံးအချိန်မှာ နောက်ထပ်အချစ်ရေးကလွဲရင် ကျန်တာအားလုံး အသစ်ရှာသင့်ရှာရမယ် ။ ဒါဆိုဘာတွေလဲ .. ? သူငယ်ချင်းအသစ်တွေရှာ၊ ပတ်ဝန်းကျင်အသစ်တွေ လျှောက်လည်တာကနေပြီး အိပ်ရာခင်းလဲတာ ၊ ခန်းဆီးလဲတာအထိပဲ ၊ ကိုယ့်နေ့စဥ်ဘဝထဲ စိတ်သစ်လူသစ်ဖြစ်စေမယ့်အရာမှန်သမျှ အသစ်တစ်ခုပြောင်းလဲပစ်လိုက်သင့်တယ်။

အခန်းရှင်းရင်း ပစ္စည်းတွေနေရာရွေ့မလား ၊ အခန်းကို Wallpaper အသစ်ကပ်မလား ? ကိုယ်ရှိုက်ကြီးတငင်ငိုဖူးတဲ့ ခေါင်းအုံးတွေ ၊ အိပ်ရာခင်းတွေ အသစ်ပြောင်းပစ်လိုက်တာ ၊ ငိုင်ပြီးစိုက်ကြည့်နေဖူးတဲ့ ပြတင်းပေါက်ကခန်းဆီးလိုက်ကာတွေကအစ အသစ်လဲပစ်လိုက်တာမျိုးက ကိုယ့်ဘဝကို စိတ်သစ်လူသစ်ပြန်စခွင့်ပေးတော့မယ့် မျှော်လင့်ချက်အရိပ်အယောင်တွေပဲပေါ့။

တစ်ယောက်ထဲနေပါ

အခုပဲ Possibilities အသစ်တွေရှာခိုင်းတယ် ၊ အခုပဲ တစ်ယောက်ထဲနေခိုင်းပြန်ပြီ ။ အဲ့လိုတော့ မထင်လိုက်ပါနဲ့ ။ စိတ်ပြေလက်ပျောက် အပြင်လျှောက်သွားတာမျိုး ၊ Gym ဆော့ ၊ ရေကူး ၊ ကျန်းမာရေးလိုက်စားတာမျိုးလုပ်သင့်သလို တစ်ကိုယ်ထဲရှိနေမယ့် နေ့လည်ခင်းတွေ ၊ အိပ်ရာဝင်ချိန်တွေအတွက်လည်း Me Time လေးပြန်ပေးစေချင်တယ် ။

အသည်းကွဲလို့ သူငယ်ချင်းတွေနဲ့ဟေးလားဝါးလားနေတယ်ဆိုတာ သိပ်ကောင်းတဲ့အာရုံလွှဲနည်းပေမယ့် ကြာလာရင်တော့ သူများကို Dependent ဖြစ်တဲ့လူတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာနိုင်ပါတယ် ။ တစ်ချိန်သူတို့မိသားစုကိုယ်သူတို့ ဦးစားပေးကြမယ့်လူအချို့အတွက် အချိန်တွေအကုန်မသုံးလိုက်ခင် ကိုယ့်ဝါသနာနဲ့ Self Confidence တွေပြန်ရလာဖို့အတွက် Me Time လေးတွေ သီးသန့်ဖယ်ထားသင့်တယ် ။

အချိန်ကြိုက်သလောက်ယူ

အကယ်၍မင်းမှာ လူတစ်ယောက်ကိုတစ်ပတ်နဲ့မေ့နိုင်တယ်ဆိုပြီး ကြွားဝါနေတဲ့မိတ်ဆွေမျိုးရှိနေရင် ကိုယ့်အပေါင်းအသင်းကို ပြန်စီစစ်ဖို့သင့်ပါပြီ ။ “ငါတို့တုန်းဘယ်လိုမေ့လိုက်တာ ၊ မင်းမို့လို့လိုက်ခံစားနေတာ ၊ သူ့လိုလူမျိုးခေါင်းထဲထည့်ဖို့မတန်ဘူး ၊ မေ့ပစ်လိုက် ၊ One Go Two Come” ဘာညာနဲ့ အားပေးလေ့ရှိတဲ့သူငယ်ချင်းအချို့လည်း ကိုယ့်စကားဘယ်ရောက်သွားလဲမသိပဲ စိတ်ပြေမယ်ထင်တာ ရမ်းသမ်းပြောနေတာမျိုး ဆင်ခြင်သင့်ပါတယ်။

ဘာလို့ဆို .. “ကိုယ်က သူတို့မဟုတ်လို့ပါပဲ” ။ သူကောင်းကောင်းဆိုးဆိုး ကိုယ်တန်ဖိုးထားခဲ့တဲ့ Memories တွေကို Cherish လုပ်ပိုင်ခွင့် ကိုယ့်မှာအပြည့်အဝရှိပါတယ် ။ သူများတွေဘယ်လိုနည်းနဲ့မေ့တယ်ဆိုလို့ လိုက်ကြိုးစားကြည့်တာက ဆရာဝန်ကိုဘေးဖယ်ပြီး လမ်းဘေးဆေးဆိုင်မှာ စပ်ဆေးတွေလိုက်သောက်နေတာနဲ့ပဲတူပါတယ် ။ One Go Two Come ရအောင်လည်း ကိုယ်က ချစ်သူအပေါ် Invest မလုပ်ပဲ ၊ ကောင်းတာချည်းသဲ့ယူတတ်တဲ့ ရှုပ်ပွေတတ်တဲ့သူဆိုလည်း အဆင်ပြေတာပေါ့။

မဟုတ်ဘူးဆိုရင်တော့ ဆေးမှီးတိုတွေလိုက် Try နေမယ့်အစား ၊ ဆရာဝန်အစစ်ဖြစ်တဲ့ ကိုယ့်ရင်ဘတ်ကိုပဲ ပြန်စီစစ်သင့်ပါတယ် ။ တစ်လလား ၊ တစ်နှစ်လား ၊ ဒဏ်ရာအတိမ်အနက် ဘယ်လောက်ရှိသလဲ ၊ ကိုယ်ဘာကြိုက်တတ်လဲ ၊ ဘာလုပ်ချင်လဲ ၊ ကိုယ့် Limit လေးကို ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကြားချပြီး စိတ်ရှည်ရှည်လေး ကုသနိုင်ဖို့အရေးကြီးပါတယ် ။

ပေးသွားလိုက်ပါ

ဒါပေါ့ .. ။ ဆွဲထားလည်း ရုန်းကန်ထွက်သွားလို့တောင် ဝေးခဲ့ပြီးပြီပဲ ။ ဒါဆိုဘာလို့ အမှတ်တရတွေကို ကိုယ့်စိတ်ထဲထောင်ချထားဦးမလဲ ။ သူ့ဟာသူပိုကောင်းတဲ့လူလည်း ရနိုင်တယ် ၊ ပိုဆိုးတဲ့လူလည်း ရနိုင်တယ် ။ သူပိုအဆင်ပြေနေတာလည်း ဖြစ်နိုင်တယ် ၊ အဆင်မပြေတော့တာလည်း ဖြစ်နိုင်တယ်။

ဒါပေမယ့် သူ့ဘဝသူဘာဆက်ဖြစ်ဖြစ် ကိုယ်နဲ့မှ မဆိုင်တော့တာလေနော် ။ ယောကျားလေးတွေတော့မသိပေမယ့် မိန်းကလေးအများစုလုပ်လေ့ရှိတဲ့ Social Media တွေပေါ်ကလိုက်ပြီး Stalk လုပ်တာမျိုး ၊ သူဘာဖြစ်နေပြီလဲ ၊ သူထပ်ရတဲ့ရည်းစားက ကိုယ့်ထက်သာလား ၊ မသာဘူးလား Judge လုပ်တာမျိုးက ကိုယ့်ရဲ့သစ်လွင်တဲ့အနာဂတ်ထဲ အရင်လူရဲ့အရိပ်တွေကို ညစ်ပေခွင့်ပေးနေတာပါပဲ ။ ဒါကြောင့်မို့ အကြောင်းကံကုန်လို့ ဝေးကြပြီဆိုလည်း စိတ်ထဲက လှိုက်လှုက်လှဲလှဲပေးသွားလိုက်ဖို့လိုပါတယ် ။

သူ့တရားသူစီမံပါစေ

နောက်ဆုံးတစ်ချက်အနေနဲ့ မှာချင်တာကတော့ သူတို့အကြောင်းသူတို့ကံ ပေးခံလိုက်စေချင်တာပါ ။ ဘာသာရေးယုံကြည်တဲ့လူတွေအနေနဲ့ သူတို့စိတ်ထဲ အမှတ်လွဲနေတာတစ်ခုက ကိုယ့်ကိုသူတို့ထားခဲ့ရင် သူတို့ကိုနောက်တစ်ယောက်ကလည်း ပြန်ထားခဲ့မယ်ဆိုတာချည်း စိတ်ထဲစွဲနေတာပါပဲ။

မဟုတ်ဘူးလားဆိုရင်တော့ ဟုတ်ပါတယ် ။ ချစ်သူပဲဖြစ်ဖြစ် ၊ လင်မယားပဲဖြစ်ဖြစ် ၊ မိဘပဲဖြစ်ဖြစ် ဖြူစင်တဲ့မေတ္တာကိုစော်ကားတာမျိုးက အဟောသိကံမဖြစ်သွားပါဘူး ။ တစ်ချိန်ဝဋ်ပြန် လည်ကိုလည်မှာသေချာပါတယ် ။ ဒါပေမယ့် သူထပ်ရတဲ့ ချစ်သူအသစ်ဆီကဖြစ်ချင်မှဖြစ်မယ် ၊ မိသားစုဆီကလည်း ဖြစ်ချင်ဖြစ်မယ်။

တူသောအကျိုးက ပဲ့တင်သံလိုပြန်လာမှာသေချာပေမယ့် မုန်းစွဲတစ်ခုနဲ့သူဝဋ်လည်အောင် လုပ်ယူတာမျိုး ၊ ဆုတောင်းတာမျိုး ၊ သူဒုက္ခပင်လယ်ဝေတဲ့အချိန် လက်ခုပ်တီးဖို့ စောင့်ဆိုင်းနေတာမျိုးက ကိုယ်လက်မတင်လေး လွတ်မြောက်လာတဲ့ Toxic သံသရာတစ်ခုထဲ ကိုယ့်ကိုကိုယ်ပြန်ဆွဲထည့်နေသလိုပါပဲ။

ဒါကြောင့်မို့ ကိုယ့်ဆီကအကြွေးတွေ တခြားတစ်ယောက်ဆီ သူသွားဆပ်ရတဲ့အခါ လှစ်ကနဲဝမ်းသာတာမျိုး ၊ ကျေနပ်မိတာမျိုးမဖြစ်ရင်တော့ အကောင်းဆုံးပါပဲ ။ အဲ့ဒီလောက်ထိ Move On လုပ်နိုင်ခဲ့ပြီဆိုရင်တော့ ကိုယ့်အပေါ် Toxic ဖြစ်တဲ့လူတစ်ယောက်နဲ့ နောင်သံသရာမှာ ဒီပုံဒီနည်းထပ်မဆုံကြဖို့ စိတ်ချထားလိုက်လို့ရပါတယ် ။