ကိုယ့်ရဲ့ပြုမူဆောင်ရွက်မှု့တွေကို ကိုယ့်ဘာသာ သတိထားမိလာလို့ စိတ်ကို ထိန်းသိမ်းနေထိုင်နေရတယ် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးတခုလုံးကို ကိုယ်တစ်ယောက်ထဲ အကုန်ဖြေရှင်းရုန်းကန်နေရတော့ ဘာမဟုတ်တာလေးနဲ့လဲ စိတ်တွေတိုဒေါသတွေထွက်ပီး ကိုယ့်ပတ်ဝန်းကျင်က သူတွေကို ပေါက်ကွဲဆူပူ အရမ်းပင်ပမ်းနေတဲ့အချိန်တွေဆိုပိုဆိုးတယ် ကိုယ့်ခလေးလေးတွေကိုပါ စကားတွေအဆုံးပြောမိတယ် ဘယ်လောက်နေရမယ်မှန်းမသိတဲ့ လက်ကျန်အချိန်လေးတွေကို ကိုယ်ရော ကိုယ်ပတ်ဝန်းကျင်ကသူတွေရောကို စိတ်မပင်ပမ်းစေပဲ နေထိုင်တတ်အောင် လေ့ကျင့်သွားရပေအုံးမယ်။
သက်လတ်ပိုင်းအရွယ်ဆိုတာအိမ်ထောင်ရေး စီးပွားရေး လူမှုရေးတွေ အကုန်စုံပြီး ရင်ဆိုင်ရတဲ့အရွယ်ဖြစ်ပါတယ် တချို့တွေဆို အဆင့်မြင့်ပညာရေးတောင် ထပ်ပြီးသင်ယူနေကြ တုန်းပါ မိသားစုပြဿနာတွေဖြေရှင်းရတယ် ငွေလည်းရှာရသေးတယ် လူမှုရေးပြဿနာတွေ လည်း ရင်ဆိုင်ရတယ် တကယ့်ကို challenging age လို့ပြောရမှာပါ ငယ်ငယ်ကဘယ်လို နေခဲ့နေခဲ့ သက်လတ်ပိုင်းရောက်လာတဲ့အခါ ဘဝရဲ့ management level တစ်ခုကို သူ့အလိုလိုရောက်လာတာမျိုးပါ။ တချို့က ငွေရှာတော်ကြပါတယ် တချို့က လူမှုရေးအောင်မြင် ကြပါတယ် တချို့က မိသားစုအတွက်တာဝန်ကျေကြပါတယ် တချို့က အများအကျိုးတောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဒါပေမယ့် တချို့တွေသတိမထားမိတာက သက်လတ်ပိုင်းအရွယ် တွေရဲ့ စိတ်ခံစားမှုပါ ရုန်းကန်မှုတွေများလာတဲ့အခါ စိတ်အခြေအနေချင်း ကွာခြားသွားပါတယ်။ တချို့ကနေ့စဉ် ဒေါသတွေနဲ့ဖြတ်သန်းကြတယ် တချို့က နေ့စဉ်လောဘတွေနဲ့ကုန်ဆုံးကြတယ်
တချို့က အလုပ်တွေများနေရတာ လောင်မြိုက်နေရတာကိုက ဘဝရဲ့အဓိပ္ပာယ်လို့ယူဆပြီး ကျေနပ်စွာ လောင်မြိုက်နေကြပေမယ့် တချို့ကတော့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး ဖြတ်သန်း ကြပါတယ် တဖြေးဖြေးနဲ့ကွာခြားလာကြတာ ငွေကြေးနဲ့ အောင်မြင်မှုတွေလို့ထင်ပါလိမ့်မယ်။
တကယ်တော့ စိတ်တွေကွာခြားလာကြတာပါ။ တကယ်တော့ သက်ကြီးပိုင်းမှာ ပိုင်ဆိုင်ရမယ့် စိတ်အခြေအနေကိုသက်လတ်ပိုင်းမှာ စတင်မွေးမြူရတာပါ တဘဝလုံး လောင်မြိုက်ခဲ့ပြီး အသက်ကြီးမှ အေးချမ်းချင်လို့ မရနိုင်တော့ပါဘူး အထုံပါသွားတဲ့သဘောပါ သတ်လတ်ပိုင်းမှာ ဘာရယ်မဟုတ်တဲ့နိစ္စဓူဝကိစ္စတွေအပေါ် စိတ်ရှိတိုင်းလွှတ်ထားခဲ့တဲ့ စိတ်တွေ ဟာ တဖြေးဖြေး နဲ့အကျင့်ဖြစ်လာပါတယ် လောဘဒေါသမောဟတွေကြောင့် စိတ်သွားတဲ့ အတိုင်းလိုက်ပြီး လှုပ်ရှားနေရတဲ့ခန္ဓာကိုယ်ဟာ တဖြေးဖြေးနဲ့ ရောဂါတွေ ဝင်လာပါတယ် ရောဂါနုသေးတဲ့အချိန် စိတ်ကလည်း ဇောအဟုန်တွေအားကြီးနေတာကြောင့် ခန္ဓာကိုယ်က ဘာမှမခံစားရသေးပါဘူး စိတ်ဆောင်နေတာကြောင့်ပါ အသက်ကြီးပိုင်းရောက်လို့ အလုပ်တွေ နည်းသွားတဲ့အချိန်မှာ မူလအမြစ်တွယ် အစပျိုးခဲ့တဲ့ရောဂါတွေဟာ တဖြေးဖြေးနဲ့ အားကောင်း လာပါပြီ အခွင့်အရေးရတာနဲ့ ဖောက်ပြန်တော့တာပါပဲ ဒါ့ကြောင့် နမူနာဖြစ်စဉ်တွေကိုကြည့်ရင် တစ်သက်လုံးရှာထားတဲ့ပိုက်ဆံ ခဏလေးဆေးကုတာနဲ့ကုန်သွားတယ် တစ်သက်လုံး ထောင်လွှားခဲ့တဲ့ မာနတွေ အသက်ကြီးမှ အစွယ်ကျိုးတော့တယ် ဒါမျိုးတွေ တွေ့မြင်ကြဖူးမှာပါ။
ဘဝရဲ့ နောက်ဆုံးသက်ကြီးပိုင်းအရွယ်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ဆိုရင် လူတွေက ပိုက်ဆံစုထားကြဖို့ပဲတွေးတတ်ကြပါတယ် ဒါမမှားပါဘူး ဒါပေမယ့် တကယ်လုပ်သင့်တာက သက်လတ်ပိုင်းအရွယ်ကနေစတင်ပြီး စိတ်ထားတတ်အောင် လေ့ကျင့်ဖို့ သိပ်အရေးကြီးပါတယ် အသက်ကြီးတဲ့အခါ စိတ်မထားတတ်ရင် အရမ်းပင်ပန်းပါတယ်။ ငယ်စဉ်က တိုက်တွေကားတွေ အောင်မြင်မှုတွေ ဆရာဝန်တွေ အင်ဂျီနီယာတွေဆိုတာ အသက်ကြီးလာရင် ထင်သလောက် အရေးမပါတော့ပါဘူး တကယ်တမ်းအရေးပါလာတာ ” ကိုယ့်ရဲ့စိတ်ထား “ပါပဲ ဘဝရဲ့နောက်ဆုံး အသက်အပိုင်းအခြားဆယ်နှစ် ၁၅နှစ်မှာ တကယ်အရေးပါလာတာ ” လေ့ကျင့်မွေးမြူထားတဲ့စိတ် “ပါပဲ နောက်ဆုံးအရွယ်အတွက်ပြင်ဆင်ကြတဲ့အခါ ရွှေငွေပစ္စည်းတွေစုဆောင်းကြသလို စိတ်တွေကိုလည်း တဖြေးဖြေးလေ့ကျင့်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ် အသက်ကြီးရင် ပြုစုဖို့ဆိုပြီး သားသမီးတွေယူကြပါတယ် ဆေးပေးမီးယူဆိုပြီး အိမ်ထောင်တွေပြုကြပါတယ် ဒါပေမယ့် ဇနီးမယား ခင်ပွန်း သားသမီးတွေရှိနေပါလျက်စိတ်မထားတတ်လို့ ဒုက္ခရောက်နေတဲ့ သက်ကြီးပိုင်းတွေ ပတ်ဝန်းကျင်မှာ မမြင်ချင်မှအဆုံးပါ။ ဒါ့ကြောင့် နေဝင်ချိန်သက်သာဖို့ မွန်းတည့်ချိန်ကစပြီး ဂရုစိုက်ဖို့လိုပါတယ် နောက်ဆုံးအချိန်အထိ ကိုယ်နဲ့အတူရှိနေမှာကိုယ့်ရဲ့စိတ်ပဲ မဟုတ်လား…….
