ဒါဆိုရင် အဆိပ်ရှိမြွေတွေကို သတ်လို့ရလား
လူတွေရဲ့ ပတ်ဝန်းကျင်မှာ မြွေတွေက အမြဲရှိနေတာပါ။ နောက်ပြီး သူတို့က လူအရမ်းကြောက်ပါတယ်။ သူတို့ထက်အကောင်ကြီးပြီး သူတို့ကို အန္တရာယ်ပြုမှာမှန်းသိလို့ မြွေတွေက လူဆိုရင် အတတ်နိုင်ဆုံး ရှောင်ကြပါတယ်။
နားလည်မှုအလွဲခံရဆုံး မြွေဟောက်နဲ့ ဥပမာထားပြီးပြောပါမယ်။ မြွေဟောက်က ငန်းတော်ကျားနဲ့ ယှဥ်ရင် defensive behavior (ခုခံတဲ့အမှုအယာ) ကို ပိုပြလွယ်တဲ့ မြွေအမျိုးအစားပါ။ မြွေဟောက်တွေ ပါးပျဥ်းထောင်တိုင်း ပေါက်မယ်ဆိုတဲ့သဘောမဟုတ်ပါဘူး လူတွေကို အနားမလာနဲ့ ထွက်သွားဆိုတဲ့ သဘောနဲ့ ခြောက်လွှတ်တာပါ။ ပါးပျဥ်းထောင်ပြီး အနားမလာနဲ့လို့ပြောတဲ့အချိန် ခပ်လှမ်းလှမ်းမှာနေပြီး နောက်ဆုတ်ပေးလိုက်ရင် သူ့ကို အန္တရာယ်မပြုဘူးဆိုတာ သိပြီး သူ့ဘာသာသူ ထွက်သွားမှာပါ။ မြွေတွေရဲ့အဆိပ်က အစာဖမ်းဖို့ပဲသုံးတဲ့အတွက် သူတို့ရဲ့အဆိပ်ကို မလိုအပ်ပဲ energy အကုန်ခံပြီး မသုံးပါဘူး။ မြွေဟောက်တွေက လူကိုပေါက်တိုင်း ကိုက်မယ်ဆိုပြီး ပေါက်တာမဟုတ်ပဲ ခြောက်တဲ့သဘောသာဖြစ်တဲ့အတွက် တခါတလေ လှမ်းပေါက်ပေမဲ့ ပါးစပ်တောင် မဟပါဘူး။ (Video Link ပေးထားပါတယ်)
“ဒီမြွေက အဆိပ်ပြင်းတယ် သတ်လိုက် မဟုတ်ရင် တခြားသူတွေကို သွားကိုက်နေလိမ့်မယ်။ အန္တရာယ်များတယ်။”
မြွေတကောင်ကို ပိုသတ်လိုက်လို့ လူတယောက်အသက်ပိုရှင်သွားမယ်ဆိုတဲ့ အတွေးက မလိုအပ်တာကို တွေးပူနေရာ ရောက်ပါတယ်။ (မြွေအသက်ထက် လူအသက်ကို တန်ဖိုးထားတာလားဆိုတဲ့အတွေး ဝင်ရင် ဒီစာကို အရင်ဆုံးပြီးအောင် ဖတ်ပေးပါ။) မြွေတွေက လူဘယ်လောက်ရှောင်လည်းဆိုတာကို လျော့တွက်ကြတာလည်း ပါပါတယ်။ ဒါကြောင့် လွှတ်လိုက်ရင် လူကို ကိုက်မှာဆိုတာက အတွေးပဲရှိတာပါ။ တကယ်လက်တွေ့ဖြစ်ဖို့ ခက်ပါတယ်။ နောက်ပြီး မြွေတွေက ပတ်ဝန်းကျင်မှာ အမြဲရှိတဲ့အတွက် ကိုယ်သတ်လိုက်လို့ သေသွားတဲ့မြွေရဲ့နေရာကို နောက်တကောင် အစားထိုး ရောက်လာမှာပါ။
တောင်သူလယ်သမားတွေရဲ့ အဓိကရန်သူ မြွေပွေးဆိုရင် တွေ့တာနဲ့ သတ်ကြပါတယ်။ မြွေပွေးက လယ်ယာတွေကို ဖျက်စီးတဲ့ကြွက်တွေကို အဓိကစားပေးတဲ့အတွက် မြွေပွေးအရေအတွက်နည်းလာရင် ကြွက်တွေများလာနိုင်ပြီး လူတွေရဲ့ စီးပွားရေးကို ထိခိုက်တဲ့အပြင် ပိုးမွှားများတဲ့ကြွက်တွေကြောင့် လူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ မြွေပွေးနဲ့ထိတွေ့မိလို့ ကိုက်ခံရပြီး လူတွေ သေဆုံးရတာလည်း များပါတယ်။ ခုနက ပြောသလိုပဲ သူ့ကိုသတ်ရင် သူ့နေရာကို နောက်တကောင်ရောက်လာမှာပါ။ ဒါကြောင့် အကောင်းဆုံး ကာကွယ်နည်းက ရာဘာဖိနပ်ရှည်ဝတ်ပါ။ (ရာဘာဖိနပ်ရှည်တောင် တခါတလေ အစွယ်ပေါက်နိုင်ပါတယ် ဒါပေမဲ့ ခြေဗလာထက်တော့ အများကြီးသာပါတယ်။)
အဆိပ်ရှိတဲ့မြွေတွေကို သတ်လိုက်ရင် သူတို့စားတဲ့ တခြားမြွေမျိုးစိတ်တွေပိုများလာနိုင်ပါတယ်။ အဲ့ဒီမျိုးစိတ်တွေက ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်တွေကို အကုန်စားပါတယ်။ ဥပမာ ဖားတွေကို အကုန်လိုက်စားရင် အဲ့ဒီဖားတွေရဲ့ အစာဖြစ်တဲ့ ပိုးကောင်တွေကို စားပေးမယ့် ဖားတွေမရှိတော့ ပိုးကောင်တွေ အရမ်းများလာပါပြီး ပတ်ဝန်းကျင် ထိခိုက်ပါတယ်။ အဲ့လိုပဲ ကြွက်တွေ ဖားတွေကို စားနေတဲ့ တခြားသားရဲတွေ စပြီး ငတ်ပြတ်လာပြီး သေဆုံးနိုင်ပါတယ်။ မသေပဲ တခြားနေရာကို ပြောင်းသွားတယ်ဆိုရင် သူတို့ပြောင်းသွားတဲ့နေရာရဲ့သားရဲတွေက အစာလုခံရသလိုဖြစ်ပြီး ငတ်ပြတ်နိုင်ပါတယ်။ အရှေ့မှာ သတ်တာ ၁ ကောင်ဆိုပေမဲ့ နောက်ဆက်တွဲမှာ အများကြီး ထိခိုက်နစ်နာပါတယ်။ ၁ ကောင် ၂ ကောင် သတ်ရင် မသိသာပေမဲ့ ဒီစိတ်နဲ့ လူတွေက မြွေကိုသတ်ရင်း အကောင် ရာချီ ထောင်ချီဖြစ်သွားရင် ခုနပြောသလို ဂေဟစနစ် ယိမ်းယိုင်သွားနိုင်ပါတယ်။ ဒါကြောင့် အဆိပ်ရှိတဲ့မြွေတွေက အဆိပ်မရှိတဲ့မြွေတွေလိုမျိုး ပတ်ဝန်းကျင်အတွက် တန်းတူအကျိုးပြုပါတယ်။
ဘယ်မြွေမဆို ထိတွေ့ဖို့ မကြိုးစားပါနဲ့။ တုတ်ရှည်ရှည် တချောင်းနဲ့ ခြောက်ထုတ်လိုက်လို့ရပါတယ်။
Photo credit – Bhikkhu Agga (Snakes of Myanmar)
မြွေမျိုးစိတ် – မန္တလေးမြွေဟောက် / Naja mandalayensis (အဆိပ်ပြင်း)