ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာတေးသံလေးတွေ ကြားရတော့မှာပါနော် ဒီလိုအချိန် မှာ အရေးအကြီးဆုံးက‌တော့ မင်္ဂလာရက်မြတ် ရွေးချယ်ကြတာပါဘဲ ဒီကိစ္စက အိမ်ထောင် ရေးအတွက် ပေါ့ပေါ့တန်တန်လုပ်လို့မရတဲ့ ကိစ္စမို့ အသေးစိတ် အလေးအနက်ထား ရွေးချယ်ကြဖို့ အကြံပေးလိုက်ပါ တယ်နော်

မင်္ဂလာသတို့သားလောင်း သတို့သမီးလောင်းလျားတွေရဲ့ နေ့နံဇာတာအလိုက် အသုံးပြုရမဲ့ မင်္ဂလာ ပန်း၊ ဆင်မြန်းရမဲ့ မင်္ဂလာဝတ်စုံအရောင်တွေကိုလည်း စိစစ်ရပါတယ်နော်။ တရားရုံးမှာ လက်ထပ် စာချုပ်ပေါ်မှာ လက်မှတ်ထိုးကြမဲ့ နေ့ရက်အခါကလည်း အရေးကြီးပါတယ်နော်

သွေးမတော် သားမစပ် တစိမ်း ယောကျာ်းလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဘဝကြင်ဖော် အဖြစ်တစ်သက်စာလက်တွဲသွားမယ့် အဦးအစမင်္ဂလာဦးအချိန်ဟာ လွန်စွာအရေးကြီးပါတယ်။ ဘဝတစ်ခုစတင်တည်ဆောက်ကြပြီဆိုရင် လိုအပ်သောဆောင်ရန်ရှောင်ရန်တွေ အများကြီးလိုအပ် ပါတယ်။ နီးစပ်ရာ ဆရာတစ်ဦးထံတွင်သေချာ တွက်စစ်သင့်ပေသည်။ ဒီဆောင်းပါးကနေ ယေဘုယျ သဘောတရားလောက်သာ ပြောပြနိုင်သည်။

ရှေးဆရာကြီးတွေရဲ့အယူအဆအရ မည်သည့်လတွင် မင်္ဂလာဆောင်ရင် မည်သို့အကျိုးအပြစ်တွေ ရှိသည်ဆိုတာမျိုး ဖော်ပြထားတာကိုတွေ့ရပါတယ်။  မင်္ဂလာဆောင်အပ်သောလ ၆ လရှိသလို မင်္ဂလာ မဆောင်အပ်တဲ့ လကလည်း ၆ လ ရှိပါသေးတယ်နော်၊ ဒါကိုလည်း သတိထားမိအောင် ဖော်ပြပေး လိုက်ပါတယ်

လုံးဝ မင်္ဂလာမဆောင်သင့်တဲ့ ၆ လ ကတော့

(၁) ဝါဆိုလ – (ဖျားနာခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း)

(၂) ဝါခေါင်လ-(စိတ်သောကဖြစ်စရာကြုံတတ်ခြင်း)

(၃) တော်သလင်းလ-(ရောဂါထူပြောတတ်ခြင်း၊သေကြေ ပျက်စီးတဲ့အထိ ဖြစ်တတ်ခြင်း)

(၄) နတ်တော်လ -(အိမ်ထောင်ရေးသောက ကြုံရတတ်ခြင်း၊ရောဂါထူပြောတတ်ခြင်း)

(၅) ပြာသိုလ-(ပစ္စည်းဥစ္စာ ခေါင်းပါးတတ်ခြင်း၊ ဆင်းရဲဒုက္ခရောက်ရတတ်သည်)

(၆) တပေါင်းလ- (စကားခဏခဏများတတ်၊ ရှင်ကွဲ ကွဲတတ်သည်)

အခုကတော့ မင်္ဂလာဆောင်ဖို့ အကောင်းဆုံးလတွေကို ဆက်လက်ဖော်ပြပေးပါမယ်နော်

(၁) တန်ခူးလ-(ပစ္စည်းဥစ္စာကြွယ်ဝတတ်သည်)

(၂) ကဆုန်လ-(ချမ်းသာကြွယ်ဝတတ်သည်)

(၃) နယုန်လ-(ပျော်ရွှင်ရတတ်သည်၊ မေတ္တာဓာတ်နဲ့ ပြည့်ဝသည်)

(၄) သီတင်းကျွတ်-(ဆန်ရေစပါး ပြည့်စုံတတ်သည်၊ သားကောင်းသမီးကောင်းထွန်းကာတတ်သည်)

(၅) တန်ဆောင်မုန်း-(နေအိမ်မင်္ဂလာ အသုံးအဆောင်တွေ ပြည့်စုံတတ်သည်)

(၆) တပို့တွဲ- (စိန်ရွှေငွေ ရတနာပစ္စည်းတွေနဲ့ပြည့် စုံတတ်သည် )

အဲဒါကတော့ မင်္ဂလာလက်ထပ်ပွဲ ဆင်နွဲသင့်တဲ့ လတွေကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ ရှေးလူကြီးသူမတွေ လက်ဆင့်ကမ်းပြောကြားခဲ့တဲ့ဆောင်ရန် ရှောင်ရန်တွေဖြစ်ပါတယ်နော်။

နေ့ရက်အလိုက် ဆောင်ရန်ရှောင်ရန်ကတော့  တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်ရင် သားကောင်းရတနာထွန်းကားတတ်သလို ဥစ္စာပစ္စည်းလဲ ကြွယ်ဝချမ်းသာတတ်ကြပါတယ်။

စနေနေ့၊ တနင်္လာနေ့တွေမှာ မင်္ဂလာဆောင်ရင်တော့ သားသမီးအရနည်းတတ်သလို လင်မယားချင်းလဲ တကျက်ကျက်ဖြစ်တတ်ပါတယ်။

မင်္ဂလာနေ့ရက်တွေရွေးချယ်ပေးပြီးပြီဆိုတော့ ကောင်းဆုံးမင်္ဂလာ အချိန်လေးတွေရွေးချယ်ပေး လိုက်ပါတယ်ဗျာ။  အခုရွေးချယ်ပေးမဲ့ မင်္ဂလာအချိန်တွေကတော့ မင်္ဂလာပွဲတွေမှာ အခမ်းအနားမှူး ဘိသိတ်ဆရာက   “မင်္ဂလာအချိန်ကျရောက်ပါပြီ”လို့   နှုတ်မြွက်ပြောကြားပြီး မင်္ဂလာအခမ်းအနား စတင်ဖွင့်လှစ်ဖို့  အကောင်းဆုံး အချိန်တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံးအချိန်တွေကိုလဲ ထပ်မံရွေးချယ်ပေး လိုက်ပါတယ်။

တနင်္ဂနွေနေ့ ၊ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်  အကောင်းဆုံး မင်္ဂလာအချိန်တွေကတော့ မနက် ၆နာရီမှ ၈နာရီ ၂၄မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ မင်္ဂလာအခမ်းအနားစတင်နိုင်ပါတယ်နော်။

အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ညနေပိုင်းက ပိုသင့်တော်ပါ တယ်။  ညနေ ၃နာရီ ၃၇မိနစ် မှ ၆နာရီအတွင်း မင်္ဂလာအခမ်းအနား စတင်ဖို့အကောင်းဆုံး အချိန်ကာလပဲဖြစ်ပါတယ်။

တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်လက်မှတ်ရေးထိုးဖို့ အကောင်းဆုံးအချိန်တွေကတော့

အင်္ဂါနေ့မှာ မနက် ၁၀နာရီ ၄၉မိနစ် မှ မွန်းလွဲ ၁နာရီ ၁၂ မိနစ်အတွင်းက အကောင်းဆုံး ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မွန်းလွဲ ၁နာရီ ၁၃မိနစ် မှ ၃နာရီ ၃၆မိနစ်အတွင်းက လက်မှတ်ရေးထိုးဖို့ အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်နော်။

ကြာသပတေးနေ့ဆို မနက် ၈နာရီ ၂၅မိနစ် မှ ၁၀နာရီ ၄၈မိနစ် အတွင်းက မင်္ဂလာလက်မှတ်  ရေးထိုးဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။

သောကြာနေ့ မှာ ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံး အချိန်ကတော့ မနက် ၁၀နာရီ ၄၉မိနစ်ကနေ မွန်းလွဲ ၁နာရီ ၁၂မိနစ်အတွင်းဟာ အကောင်းဆုံးအချိန်ပါပဲ။

ဒီလောက်ဆို မိမိတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မင်္ဂလာအခါ ရွေးတတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

စနေနဲ့တနင်္လာ မပါတာက အဲ့ဒီနေ့တွေက မင်္ဂလာမဆောင်သင့်ဘူးလို့ ပြောထားပြီးပြီ ဖြစ်တဲ့အတွက် အချိန်မရွေးပေးတော့တာဖြစ်ပါတယ်နော်။

ရက်ရာဇာ၊ ပြဿဒါး၊ သမားဖြူ၊၊ သမားညို ၊ ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။ အဲဒီမှာ တစ်ခု သတိပေးချင်တာက မင်္ဂလာအခါတွေ ဘယ်လောက် ရွေးရွေး ကာယကံရှင်ဇနီးမောင်နှံ နှစ်ဦးရဲ့ဇာတာနှစ်ခုကို တိုက်စစ်ပြီး ဆောင်ရန်ရှောင်ရန်တွေ လုပ်ဆောင်ထားခြင်းကတော့ အကောင်းဆုံးပါပဲနော်။  အခါကောင်းတွေ ရွေးချယ်ပြီး ထိမ်းမြား လက်ထပ်ကြမဲ့ ဇာတာတွေ မတိုက်ဆိုင်ဘဲနဲ့ ယူထားရင် စလယ်ဝင်အိုးဖင်မမဲခင် ပြန်ကွဲသွားကြမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နီးစပ်ရာဆရာတွေဆီမှာ သေချာစွာ ဇာတာတိုက်စစ်ဆေးကြဖို့ အကြံပြုလိုပါတယ်နော်။ ဇာတာတွေမတိုက်ဆိုင်ဘူးဆိုရင် ဆရာ့တွေဆီကနေ လိုအပ်တဲ့ အိမ်ထောင်ရေး အေးချမ်းစေမဲ့ ယတြာတွေတောင်းပါလို့ တိုက်တွန်းရင်း မင်္ဂလာဆောင်ဖို့ ရည်ရွယ်နေကြတဲ့  hug ကလေးတွေကို ရွှေလက်တွဲမြဲကြဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ချစ်ခြင်းအားဖြင့်…