(ဖန်ဘူး ၆ခု ဓနစီမံကိန်း)

စာရေးသူအနေနဲ့ငယ်စဉ်ကတည်းက ဝင်ငွေကိုဘယ်လိုစီမံရမလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို သိလိုစိတ်ပြင်းပြခဲ့ဖူးတယ်။
ပတ်ဝန်းကျင်မှာ ငွေကို မဆင်မခြင်သုံးလို့ဒုက္ခ ရောက်နေတဲ့ မိတ်ဆွေတွေ၊အကြွေးနွံနစ်နေတဲ့မိတ်ဆွေတွေ၊သူဌေးဖြစ် ခွေးဖြစ် စွန့်စားရာက ဒေဝါလီခံလိုက်ရတဲ့ လုပ်ငန်းကြီးတွေအကြောင်း မြင်ရကြားရတိုင်းငါတော့ သူတို့လိုမလုပ်ဘူးဆိုတဲ့ အတွေး မကြာခဏဝင်လာခဲ့ဖူးပါတယ်။အဲ့သည်လိုဖြစ်နေတဲ့သူတွေကို အပြစ်တင်လို့တော့လည်း မရဘူးပေါ့။ကျွန်တော်တို့အသက်၂၀လောက်ထိ ပညာတွေသင်ခဲ့ပေမယ့် ဝင်ငွေကိုဘယ်လိုစီမံရမလဲနဲ့စပ်လျဉ်းလို့ ကျောင်းသင်ခန်းစာမှာ ဖော်ပြထားတာကို မတွေ့ရဖူးပါဘူး။ အဲ့ဒီအတွက်လည်း ပညာရေးကိုအတော်လေးအားမလိုအားမရဖြစ်ခဲ့ဖူးပြီ။ကဲ…မဆိုင်တာတွေဆီ ရောက်မသွားရအောင်၊ မယောင်ရာဆီမလူးမိအောင် အဓိကအကြောင်းကိုစပြောပါတော့မယ်။ကျွန်တော်တို့ရဲ့ဝင်ငွေဟာ အကန့်အသတ်ရှိပါတယ်။ခုစာဖတ်နေသူက သန်းကြွယ်ချမ်းသာသူဖြစ်စေဦးတော့ ဝင်ငွေဟာအကန့်အသတ်ရှိနေပါတယ်။ဘယ်လောက်များပြားလှတဲ့ငွေပမာဏပဲဖြစ်ဖြစ် လောင်ကစားလုပ်သလိုသုံးပစ်ရင် တစ်ရက်ထဲ ခမ်းသွားပါလိမ့်မယ်။လောင်းကစားမဟုတ်တောင် ဆင်ခြင်မှုမပါ ဖြစ်ချင်ရာဖြစ် မထီမဲ့မြင်လုပ်မိရင်လည်း တဖြည်းဖြည်းနဲ့ခမ်းသွားနိုင်ပါသေးတယ်။ကောင်းပြီ… ကျွန်တော်တို့ရဲ့ဝင်ငွေကို စီမံဖို့ဆိုတာ တဖက်စောင်းနင်းဖြစ်လို့တော့မရဘူး။ငွေပဲစုမယ်။ ကျန်တာတွေဘာမှဂရုမစိုက်ဘူး။ ကျန်းမာရေး၊ မိသားစု၊ ပညာရေးဘာမှမသုံးဘူးဆိုပြန်ရင်လည်း အဆင်မပြေသေးဘူး။ အဲ့သလိုမဖြစ်ရအောင် ဘဝတစ်ခုလုံးစာအတွက်ဟန်ချက်ညီစေမယ့် ဝင်ငွေကိုစီမံခန့်ခွဲနည်းလိုပါမယ်။

ဒီနည်းကို အနှစ်ချုပ်အလင်းပြခဲ့သူကတော့ စာရေးသူအထူးလေးစားရတဲ့ T Harv Eker ဖြစ်ပါတယ်။ ဘဝမှာ အလဲလဲအကွဲကွဲနဲ့ဆယ်နှစ်လုံးကြိုးစားပြီးရခဲ့တဲ့ မီလျံနာတစ်ယောက်ရဲ့စိတ်ဓာတ်ကို မခြွင်းမချန် ကမ္ဘာ ကိုချပြခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဖော်ပြထားတဲ့ စနစ်ကိုတော့ The 6 Jar Wealth Management Systemလို့နာမည်တပ်ထားပါတယ်။ဖန်ဘူး ၆ခွက် ဓနစီမံကိန်းလို့ဘာသာပြန်လိုက်ပါရစေ။

ယခုဖော်ပြမယ့်နည်းစနစ်ဟာ ရိုးရှင်းလှပါတယ်။ဖန်ဘူး ၆ခုရှိတယ်လို့စိတ်ကူးကြည့်ပါ။ဖန်ဘူးတစ်ခုချင်းစီဟာ ငွေကို ဘယ်နေရာမှာ ဘယ်လောက်ပမာဏအသုံးပြုရမလဲဆိုတာကို ကိုယ်စားပြုပါတယ်။အဲ့ဒါကိုနားလည်လွယ်စေဖို့အတွက် ခေါင်းစဉ် ၆ခုနဲ့တစ်ခုချင်းရှင်းပြသွားပါ့မယ်။

(၁) မဖြစ်မနေ သုံးရမည့်အရာများကို ကိုယ်စားပြုတဲ့ ဖန်ဘူးအတွက် ၅၅% အသုံးပြုပါ။
(Necessities (55%)

ရလာတဲ့ ဝင်ငွေရဲ့ တစ်ဝက်တိတိကို မဖြစ်မနေပေးရန်လိုအပ်တဲ့၊ ပေးကိုပေးရမယ့် အရာတွေဖြစ်တဲ့ စား ဝတ် နေရေး ဖြစ်တဲ့ စားသောက်ကုန်ကျစရိတ်၊ အဝတ်အစား အသုံးအဆောင်စရိတ်၊ အိမ်လခ ရေခွန်၊မီတာခ အစရှိသဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။ ဒီနေရမှာ အဆင်ပြေစေဖို့အတွက် မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်နှစ်ရပ်ရှိပါတယ်။
ပထမတစ်ခုကတော့ ဘဝကို ရိုးရှင်းစွာနေဖို့ပြင်ဆင်ပါ…ဆိုလိုတာက မလိုတာတွေသုံးမိနေတာတွေရယ်၊ အရေးမကြီးတဲ့နေရာတွေမှာ အကုန်အကျများနေတာတွေကို စာရင်းပြုစုပြီး နောက်လကစလို့ငွေယိုပေါက်တွေအားလုံးကို ထပ်မဖြစ်ရအောင် ပြင်ဆင်ဖို့ပါပဲ။
ဒုတိယတစ်ခုကတော့ လစဉ် ဝင်ငွေကို တိုးလာစေဖို့ဘာတွေထပ်ပြီး လေ့လာရမလဲ ဆိုတာပါပဲ။

(၂) ငွေကြေးလွတ်မြောက်မှု အတွက် ၁၀%ကိုဘဏ်မှာ လစဉ်စုဆောင်းပါ။
(Financial Freedom Account (10%)
ဒီဖန်ဘူးလေးထဲ ဝင်သွားတဲ့ ဝင်ငွေရဲ့အစိတ်အပိုင်းဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာနားလည်ဖို့လိုသလို ဘယ်လိုအခြေအနေမျိုးမှာမှ အသုံးမပြုဖို့အရေးကြီးပါတယ်။

(၃) ရေရှည်စုဆောင်းရန် ၁၀%ကို ဖယ်ထားပါ။
(Long Term Savings (10%)
တချိန်မှာ လိုလာနိုင်တဲ့ အကြောင်းကိစ္စ တွေဖြစ်တဲ့ ကားဝယ်တာ၊ ခရီးထွက်တာ၊ လက်ဆောင်ပေးဖို့လိုတာ၊ အိမ်တွင်းပရိဘောဂအသစ်လဲချင်တာ၊ အကြွေးပေးဖို့လိုတာ အစရှိသဖြင့် အမျိုးမျိုးသော အကြောင်းကိစ္စ တွေမှာ အသုံးပြုဖို့ဖြစ်ပါတယ်။

(၄) ပညာသင်ကြားရေးအတွက် ၁၀% အသုံးပြုပါ။
Education (10%):
ချမ်းသာကြွယ်ဝသူတွေဟာ အမြဲတမ်းလေ့လာတဲ့သူဖြစ်ပါတယ်။ ကျောင်းပြီးသွားတာနဲ့ဘာမှဆက်ပြီးမလေ့လာတော့ဘူးဆိုရင်တော့ ဒီနေ့ခေတ်ကြီးထဲမှာ သင်ဟာ မောင်ကျန်ရစ်ကြီးဖြစ်သွားပါလိမ့်မယ်။ အဲ့သည်လိုမဖြစ်လေရအောင် လစဉ် သင်တန်းတက်တာ၊ ဟောပြောပို့ချချက်တွေနားထောင်တာ၊ စာဖတ်တာ၊ အကြံပေးတိုင်ပင်ခံနဲ့ဆွေးနွေးတာတွေလုပ်ရပါမယ်။ အဲ့ဒီအရာတွေ စီမံဆောင်ရွက်ဖို့အတွက် ဝင်ငွေရဲ့ ၁၀%ကို အသုံးပြုရန်ဖြစ်ပါတယ်။

(၅) စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် ၁၀%အသုံးပြုပါ။
(Play 10%)
ကျွန်တော်တို့အားလုံးလူသားတွေဖြစ်တာကြောင့် အနားယူအပန်းဖြေဖို့လိုအပ်ပါတယ်။ စိတ်၏ကျန်းမာရေး ကိုယ်၏ကျန်းမာရေးတို့အတွက် မိတ်ဆုံးစားပွဲလုပ်တာ၊ တခါခါ အရမ်းလိုချင်တဲ့ အင်္ကျ ီလေး၊ ဖိနပ်၊ ဖန်စီ ပစ္စည်းလေး ဝယ်ချင်တဲ့အခါမျိုးတွေမှာ အသုံးပြုဖို့၁၀%ဖယ်ထားပါ။ ဒါဟာဘာ့ကြောင့် လိုအပ်သလဲဆိုရင် စာဖတ်သူအနေနဲ့လူတန်းစေ့နေနိုင်ဖို့ရယ်၊ ကိုယ်အရမ်းလိုချင်တာလေးဝယ်လိုက်ရလို့အပြစ်ရှိသလိုနာကျင်ခံစားမနေရဖို့ဖြစ်ပါတယ်။

(၆) အလှူဒါနပြုရန်အတွက် ၅%ကို သုံးပါ။
( Give 5%)
ကိုယ်ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကိုယ့်ထက် အတိ ဒုက္ခနေကြသူတွေဆိုတာ ရှိတာမို့အလှူဒါနပြုသင့်ပါတယ်။ အဲ့သည်လို ဒါနပြုနိုင်ရန်အတွက် စာဖတ်သူရဲ့ဝင်ငွေရဲ့ ၅%ကို ပရဟိတ ဖောင်ဒေးရှင်းလိုနေရာတွေ၊ ဆင်းရဲချို့တဲ့သူတွေကို လှူဒါန်းလိုက်ပါ။

ငွေကြေးချမ်းသာသူတွေဟာ လူတွေကို ကူညီချင်တဲ့စိတ်ထားကြတာဟာ အလျှံပယ်စိတ်ရှိလို့ဖြစ်ပါတယ်။ အရာရာဟာ ရှားပါးတယ် ဒါ့ကြောင့် မသုံးမစွဲ မလှူမဒါန်း ကပ်စေးနှဲရမယ်ဆိုတဲ့ ချို့တဲ့တဲ့စိတ်မျိုးမမွေးတာအကောင်းဆုံးပါပဲ။ ချို့တဲ့သောစိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းတွေ ကြုံရခြင်းမဖြစ်စေရန် အဲ့သည်ခံယူချက်ကို စွန့်ပယ်သင့်ပါတယ်။

(၇) ငွေကြေးအခက်အခဲကြောင့် ပူလောင်ဆင်းရဲမှုက လွတ်မြောက်ရေး စုဘူး
အပေါ်က ၆ခုအပြင် ပိုလျှံတဲ့ အကြွေ၊ ကြားပေါက်ရလာတဲ့ငွေတွေကို စုဖို့ဖန်ဘူးတစ်ဘူးလိုပါမယ်။
ဒါဟာ ငွေကြေးကြောင့် ပူလောင်ဆင်းရဲရခြင်းက လွတ်မြောက်အောင်လုပ်ဖို့မိမိကိုယ်မိမိ အမြဲသတိတရရှိစေဖို့ဖြစ်ပါတယ်။

လက်တွေ့လုပ်ဆောင်ရန်

ယခုဖော်ပြပေးလိုက်တဲ့ စနစ်ကို ယနေ့ပဲ အဆင့် (၃)ခုနဲ့စတင်လိုက်ကြရအောင်ပါ။

(၁) ဝင်ငွေ ထွက်ငွေကို သိအောင်လုပ်ပါ။
စာဖတ်သူအနေနဲ့တစ်လ ဝင်ငွေ၊ ထွက်ငွေဘယ်လောက်ရှိနေလဲ တိတိပပ မသိဘူးဆိုရင်တော့ ငွေကြေးကြောင့် စိတ်ပင်ပန်းနေရဦးမှာ ဖြစ်တာကြောင့် အဲ့သည်လိုမဖြစ်ရအောင် ယခုပဲ ဝင်ငွေ၊ ထွက်ငွေစာရင်းကို ပြုစုလိုက်ပါ။
နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အသုံးစရိတ်ကို အတတ်နိုင်ဆုံး စီစစ်ပါ။ ဒါမှ မှန်ကန်တဲ့လမ်းပေါ် အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

(၂) စိတ်ဓာတ်ကိုပြောင်းလဲပစ်ပါ။
ငွေကိုစီမံတဲ့လုပ်ငန်းဟာ ပျော်ရွှင်မှုကို ချုပ်တည်းပစ်တာမျိုး မဟုတ်ပါဘူး။ ခံယူချက်ကိုပြောင်းလဲလိုက်တာမျိုးသာဖြစ်သင့်ပါတယ်။ ငွေကြေးအခက်အခဲကြောင့် ပူလောင်ဆင်းရဲမှုတွေကို အဆုံးသတ်ခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့တချိန် အငြိမ်းစားယူတဲ့အချိန်ထိ ငွေကြေးအခက်အခဲမရှိဘူး၊ လူတန်စေ့နေထိုင်နိုင်ရေးကို မြင်ယောင်ကြည့်လိုက်ရင် ဒါကို သဘောပေါက်ပါလိမ့်မယ်။ ငါသည် ငွေကို ကောင်းစွာစီမံတတ်သူဖြစ်သည် လို့ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိပေးတဲ့ အလေ့အကျင့်မွေးမြူပါ။

(၃) ဆင်ခြေပေးနေတာတွေ အဆုံးသတ်ပါ။
ငါတော့ ဒီအစီအစဉ်ကို နောက်တစ်လမှ ၊ နောက်တစ်နှစ်မှ စတော့မယ်လို့နေ့ရွှေ့၊ ညရွှေ့ဆင်ခြေပေးနေတာအားလုံး ရပ်တန်းက ရပ်ပစ်လိုက်ပါ။ ငွေကြေစီမံမှုမှာ အချိန်ဆွဲတဲ့အကျင့် မပူးကပ်ပါစေနဲ့။ အစီအစဉ်အတိုင်း နေ့တိုင်းသာ လိုက်နာဆောင်ရွက်ပါ။ငွေကြေးအခက်အခဲတွေကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ကင်းဝေးကြပါစေ။

Credit:  ဆြာသိန်း