ဗိုက်အောင့်တယ်။ တချို့က ဆာရင် အောင့်တယ်။ တချို့က စားရင်အောင့်တယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ မေးကြည့်လိုက်ရင်လည်း အစာအိမ်ရှိတယ်ဆိုတာလောက်ပဲ သိတယ်။ တချို့ကတော့ ဘာဖြစ်မှန်းတောင် မသိဘူး။ ဒီဆောင်းပါးမှာတော့ လက္ခဏာပေါ်မူတည်ပြီး အစာအိမ်အနာလား၊ အူအနာလားဆိုတာ ပြောပြပေးပါမယ်။
လက္ခဏာနဲ့ ပြောတာ ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်ပဲ မှန်မှာပါ။ အတိအကျသိချင်ရင်တော့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။
အစာအိမ်အနာလား။ အူအနာလား။အစာအိမ်အနာကို gastric ulcer လို့ခေါ်ပါတယ်။ အတိုကောက် GUလို့ ခေါ်ရအောင်။ အူအနာကိုတော့ duodenal ulcer လို့ ခေါ်ပါတယ်။ အတိုကောက် DUလို့ ခေါ်ရအောင်။ အူအနာကတော့ အူသိမ်ဦးပိုင်းမှာ ဖြစ်တာများပါတယ်။ဖြစ်ရတဲ့ အကြောင်းတွေကလည်း အတူတူလောက်ပါပဲ။H.pyloriလို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဆေးလိပ်သောက်တာကြောင်အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်တာကြောင့် စတဲ့ အကြောင်းရင်းတွေပါပဲ။ကွာတာက ခံစားရတဲ့ လက္ခဏာတွေပါ။ အနည်းငယ်တော့ ကွာခြားနိုင်ပါတယ်။
ဖြစ်တဲ့ပုံစံ
GUက အက်စစ်များလို့ဆိုတာထက် အစာအိမ်နံရံက အချွဲတွေ နည်းသွားလို့ အနာဖြစ်တာပါ။ DUကကျတော့ အက်စစ်တွေများပြီး အူနံရံကို စားလို့ ဖြစ်တာပါ။ အူနံရံက အချွဲတွေက အစာအိမ်နံရံလောက် အက်စစ်တွေကို ခံနိုင်ရည်မရှိပါဘူး။
နာတဲ့ပုံစံ
အစာအိမ်နာတာက စားလိုက်ရင် အစာခြေဖို့အတွက် အက်စစ်တွေ ထွက်လာလို့ အချွဲတွေ နည်းသွားသလို ဖြစ်ပြီး နာပါတယ်။ အူနာကတော့ ဗိုက်ထဲမှာ အစာမရှိရင် အက်စစ်နဲ့ အူနဲ့ တိုက်ရိုက်တွေ့လို့ နာတတ်ပါတယ်။
သက္သာတဲ့ပုံစံ
အစာအိမ်နာတဲ့သူက စားလိုက်ရင် နာတဲ့အတွက် ဘာမှ သိပ်မစားကြဘူး။ အက်စစ်ဓာတ်ထွက်တာ သက်သာအောင် နို့လေး၊ ဘာလေး သောက်ကြပါတယ်။ အစားမစားတာကြောင့် တဖြည်းဖြည်းနဲ့ ပိန်လာပါတယ်။အူအနာဖြစ်တဲ့သူကကျတော့ ဆာလို့မရပါဘူး။ ဆာရင် နာလာလို့ တစ်ခု မဟုတ် တစ်ခု စားပြီး သက်သာအောင် နေကြပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ဝိတ်တက်လာပါတယ်။
ဖြစ်တဲ့အချိန်
Periodicity ဆိုတာ ရှိပါတယ်။ သီးသန့်နာတဲ့အချိန်ပေါ့။ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဒီအချိန်ရောက်ရင် နာလာပါတယ်။ အထူးသဖြင့် အူအနာမှာ ဒီလိုနာတတ်ပါတယ်။ ၃လလောက် သက်သာသွားလိုက် ပြန်နာလိုက်၊ တချို့ကျတော့ ဆောင်းတွင်းဆိုနာပြီ စသဖြင့်ပေါ့။
အနာက သွေးထွက်ရင်
အနာက သွေးထွက်ရင် အစာအိမ်အနာက သွေးအန်တာ၊ ကော်ဖီရောင်အန်တာ များပါတယ်။ အူအနာကတော့ အောက်ကို ဆင်းတာများတာကြောင့် ဝမ်းထဲမှာ သွေးပါတာ များပါတယ်။
ဘယ်အနာလည်း သေချာသိချင်ရင် ဘာဆက်လုပ်နိုင်လဲ။
အခုပြောခဲ့တဲ့ လက္ခဏာတွေက လူအများစုမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကို ပြောထားတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒီထက်ပို သေချာချင်ရင်တော့ အောက်ကဆေးစစ်ချက်တွေ လုပ်ရမှာပါ။
H.pyloriကို ရှာဖွေတာ
အန္တရာယ်မရှိတဲ့ ရေဒီယိုသတ္တိကြွ ကာဗွန်ကို သောက်၊ လေပြန်မှုတ်ထုတ်ပြီး စမ်းသပ်တာပါ။ ဗိုက်ထဲမှာ ဘက်တီးရီးယားရှိနေရင် ရေဒီယိုသတ္တိကြွ ကာဗွန်ကို ဖြိုခွဲလိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အနေနဲ့ ပြန်ထွက်လာပါတယ်။ ဒါကို စမ်းသပ်တာပါ။
မှန်ပြောင်းကြည့်တာ
အစာအိမ်နဲ့အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ပြီး အနာဘယ်နားမှာလဲဆိုတာကို ရှာတာပါ။ လိုအပ်ရင် အသားစပါ တစ်ခါတည်း ယူပါတယ်။ အကြောင်းက အစာအိမ်အနာတွေက ကင်ဆာ ပြောင်းတတ်လို့ပါ။
ဓာတ်မှန်ရိုက်တာ
Bariumလို့ ခေါ်တဲ့ အရည်တစ်မျိုးကို မျိုချပြီး ဓာတ်မှန်ရိုက်တာပါ။ အရည်ပါတဲ့အတွက် အနာရှိတဲ့နေရာကို ထင်ထင်ရှားရှား မြင်ရပါတယ်။
သွေးစစ်တာ
တခြား လိုအပ်တဲ့ သွေးစစ်တာတွေလည်း လိုအပ်ရင် လိုအပ်သလို လုပ်ရမှာပါ။
ဒီလောက်ဆိုရင် အစာအိမ်အနာနဲ့ အူအနာနဲ့ နည်းနည်းပါးပါး ခွဲလို့ရမှာပါ။ အကောင်းဆုံးကတော့ ဆေးစစ်တာပါပဲ။
Credit:- Dr.Phyo Wai Lin
