
Self-Esteem ဆိုတာ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ စိတ်ထားဖြစ်ပါတယ်။ Self-Esteem ရှိသူတွေဟာ ကိုယ့်ကိုယ်ကို ချစ်တတ်ကြတယ်၊ ကိုယ့်ကိုယ်ကို လေးစားကြတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့တွေဟာ ပိုပြီး အောင်မြင်ကြတယ်။ ပိုပြီး တိုးတက်ကြတယ်။ ပိုပြီး ပျော်ရွှင်ကြပါတယ်။
ဒါပေမယ့် လက်ရှိလောကကြီးမှာ Self-Esteem ရှိတဲ့သူက အင်မတန် နည်းပါးလာပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူတွေ ရှားလာတယ်လို့ ဆိုလိုချင်တာပါ။ ဒီနေ့ ကျွန်တော်က Self-Esteem ကို ဘယ်လိုမွေးမြူရမလဲဆိုတာ ကျွန်တော်လေ့လာထားသလောက် အကြံပေးချင်ပါတယ်။
1. ကိုယ့်ရဲ့ အားနည်းချက်ကို အပြစ်မမြင်ပါနဲ့။ လောကကြီးမှာ ပြီးပြည့်စုံနေတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ်တိုင်လက်ခံပြီး မေ့ဖျောက်ထားပါ။
2. ကိုယ့်ရဲ့ အားသာချက်ကို ရအောင်ရှာဖွေပါ။ အားသာချက်မရှိတဲ့သူဆိုတာ မရှိပါဘူး။ ကိုယ့်ရဲ့ အားသာချက်အပေါ်မှာ ကိုယ်တိုင်ဂုဏ်ယူပြီး အဲ့ဒီအားသာချက်ကို အသုံးချပါ။
3. ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံထားပါ။ ရုပ်ရည်၊ ပညာရေး၊ ငွေရေးကြေးရေးကအစ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုမှန်သမျှကို သတ္တိရှိရှိလက်ခံထားပါ။
4. သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ နှိုင်းယှဉ်ခြင်းက သိမ်ငယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်စေပါတယ်။ လောကကြီးမှာ ကိုယ့်ထက်သာတဲ့သူတွေ ရှိနေသလို ကိုယ့်ထက် နိမ့်ကျသူတွေလည်း အများကြီးပါ။
5. ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပါ။ မနေ့ကထက် ဒီနေ့ ကိုယ်ဘာတွေပိုတိုးတက်လာလဲဆိုတာ အမြဲနှိုင်းယှဉ်ပါ။ မနက်ဖြန်တိုင်းမှာ ပိုပိုတိုးတက်လာဖို့ပဲ စဉ်းစားပါ။
6. အမှားတွေကို နောင်တရနေစရာမလိုပါဘူး။ လုပ်ခဲ့တဲ့အမှားကို သင်ယူပြီး ဒုတိယအကြိမ် ထပ်မမှားစေဖို့ကိုပဲ ဂရုစိုက်ပါ။ အမှားကင်းတဲ့သူဆိုတာလည်း လောကကြီးမှာ မရှိပါဘူး။
7. ဘယ်ကိစ္စမှာမဆို အကောင်းမြင်ဖို့ ကြိုးစားပါ။ အဆိုးဘက်ကိုပဲတွေးနေတာက ပြဿနာကို မဖြေရှင်းနိုင်ဘဲ နောက်ထပ်ပြဿနာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် အကောင်းဘက်ကို အမြဲပိုတွေးပါ။
8. လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိပါတယ်။ ကိုယ့်ကိုယ်ကို အမြဲတန်ဖိုးထားပါ။ ပြီးရင် ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေနဲ့ အချိန်မကုန်ပါစေနဲ့။ တန်ဖိုးမထားတဲ့သူတွေကို ဘဝထဲကနေ ထုတ်ပစ်ပါ။
9. သူများတွေရဲ့ အခက်အခဲကို ကူညီပါ။ ပရဟိတများများလုပ်ပါ။ နေ့တိုင်း ကောင်းမှုတစ်ခုခုလုပ်ပြီး ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေအပေါ် အမြဲဝမ်းမြောက်ဂုဏ်ယူပါ။
10. မနာလိုစိတ်ကို လုံးဝဖယ်ထုတ်ပါ။ သူတပါးကို မနာလိုတာက ကိုယ့်ကိုယ်ကို မချစ်တာနဲ့ အတူတူပါပဲ။ အချိန်ကုန်၊ အကျိုးမရှိဘဲ ပူလောင်တတ်တဲ့ မဇ္ဈရိယစိတ်တွေကို လုံးဝ ရှင်းထုတ်ထားပါ။
11. အလှအပကို ဂရုစိုက်ပါ။ လူတစ်ယောက်က ဖြစ်သလို ဝတ်စားနေထိုင်မှာထက်စာရင် လှလှပပလေးနေမယ်၊ ကျော့ကျော့ရှင်းရှင်းလေး ဝတ်စားမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးဟာ အလိုလို မြင့်တက်လာပါတယ်။
12. အစားအသောက်လည်း ဂရုစိုက်ပါ။ ကျန်းမာစေတဲ့အစားတွေစားပါ။ တစ်လ နှစ်ခါလောက် မကျန်းမာပေမယ့် အရသာရှိတဲ့အရာတွေလည်း စားပါ။ အစားအသောက်ကြောင့် ကျန်းမာပါစေ၊ ပျော်ရွှင်ပါစေ။
13. ကောင်းကောင်းအိပ်စက်ပါ။ ည ၁၁ နာရီကနေ ၁၂ နာရီအတွင်း အချိန်မှန်အိပ်ပါ။ အိပ်ရေး ၇ နာရီ ပြည့်အောင် အိပ်ပါ။ ကောင်းမွန်စွာအိပ်စက်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။
Self-Esteem မွေးမြူဖို့ အချက်တွေက ဒီထက်ပိုပြီး ရှိပါတယ်။ ဒါပေမယ့် ဒီ ၁၃ ချက်ကို လိုက်နာတာနဲ့တင် ကိုယ့်ရဲ့ Self-Esteem ကလည်း မြင့်တက်လာမှာဖြစ်ပါတယ်။ Self-Esteem မြင့်လာတဲ့အခါ motivation နဲ့ confidence တွေပါ တစ်ပါတည်း မြင့်လာပါလိမ့်မယ်။ အဲ့ဒီအခါ ကိုယ့်ဘဝက ပိုပြီး အောင်မြင်ပျော်ရွှင်လာစေမှာ အသေအချာပါပဲ။
၁၃ ချက်လုံးက မခက်ပါဘူး။ ကျွန်တော်တို့ရဲ့ မှားယွင်းနေတဲ့ စိတ်နေစိတ်ထားတွေ၊ အမူအကျင့်တွေကို သတိထားပြီး ဆင်ခြင်လိုက်ရုံပါပဲ။ ကျွန်တော်လည်း ၂၀၂၁ ကစပြီး Self-Esteem မြင့်လာဖို့ အမြဲကြိုးစားနေပါတယ်။ အားလုံးလည်း ကျွန်တော်နဲ့အတူ လိုက်နာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
credit-AD-Secret Diary
photo credit
