လူတစ်ဦးနဲ့ တစ်ဦးနားလည်မှုတည်ဆောက်ဖို့ဆိုတာ သာမာန် ကိစ္စလေးဘဲလို့ထင်ရပေမဲ့ တကယ့်လက်တွေ့မှာတော့ အလွန်ခက်ခဲတဲ့ကိစ္စပါ။  ဒါကြောင့် Relationship တွေမှာ နားလည်မှုမတည်ဆောက်နိုင်လို့ လမ်းခွဲခဲ့ကြရတဲ့ စုံတွဲတွေအများကြီးရှိနေတာဖြစ်ပါတယ်။ နားလည်မှုဆိုတာ ကိုယ့်ချစ်သူက ကိုယ့်အတွက်အရေးပါတယ်လို့ ခံစားရစေတဲ့ ခံစားချက်မျိုးပါ။ ဆိုးတိုင်ပင်ကောင်းတိုင်ပင်၊ ကိုယ့်ရဲ့ Dark side တွေကအစ လက်ခံပြီး ကိုယ့်ကို ဂရုစိုက်ပေးတာမျိုး၊ ကိုယ့်ရဲ့ခံစားချက်တွေကို အရိပ်ပြတာနဲ့ အကောင်မြင်တာမျိုးတွေကိုဆိုလိုတာပါ။

နားလည်မှုရှိတဲ့ Relationship တစ်ခုဆိုတာ ကိုယ်ကြိုက်တာတွေ၊ ကိုယ်သဘောတူတဲ့အရာတွေကို လုပ်နေမှ နားလည်ပေးတာမျိုးမဟုတ်ဘဲ တစ်ဖက်လူရဲ့ ခံစားခံချက်ကို စာနာနားလည်နိုင်ပြီး သူခံစားနေရတဲ့အရာတွေ၊ သူ့ရဲ့ လုပ်ပုံကိုင်ပုံ၊ အတွေးအခေါ်တွေကို နားလည်ပေးနိုင်ဖို့လိုပါတယ်။ ဒါဆိုရင် သင်တို့ကိုယ်တိုင်နားလည်မှုတွေကို ဘယ်လိုတည်ဆောက်ကြမလဲ?
နားလည်မှုရှိတဲ့ Relationship တစ်ခုတည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို ဂရုစိုက်ပေးပါ။

ကိုယ့်ချစ်သူကိုတကယ်နားလည်နိုင်ဖို့အချိန်ပေးပါ

ကိုယ့်ချစ်သူကို နားလည်ဖို့ကြိုးစားခြင်းဆိုတာ သူ့ကို ကိုယ့်ရဲ့လက်တွဲဖော်အဖြစ်သာမကဘဲ သာမန်လူတစ်ယောက်အနေနဲ့မြင်တတ်ဖို့လဲ လိုပါတယ်။ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ရဲ့ခံစားချက်တွေကို နားမလည်နိုင်တာမျိုးရှိတတ်လို့ တစ်ခြားသူတစ်ယောက်ရဲ့ ခံစားချက်ကိုအလုံးစုံသိနေနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါကြောင့် သူ့ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ပျော်ရွှင်စေတဲ့အရာတွေ၊ ကြောက်ရွံ့စေတဲ့အရာတွေ၊ မပြည့်စုံမှုတွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါတွေကိုသိထားမှ နားလည်မှုတည်ဆောက်နိုင်မှာဖြစ်လို့ သေချာအချိန်ယူပြီးလေ့လာထားဖို့လိုပါတယ်။

ကိုယ့်ကိုယ်ကိုနားလည်အောင်ကြိုးစားပါ

တစ်ခြားသူကို နားလည်အောင်ကြိုးစားတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်နားလည်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်ရင် တစ်ခြားသူကိုလဲ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဘယ်အရာတွေက သင့်ကိုပျော်ရွှင်စေတယ်၊ ဝမ်းနည်းစေတယ်၊ ဒေါသထွက်စေတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဒီအကြောင်းအရာတွေရဲ့ အဖြေကိုသိမှ သင့်လက်တွဲဖော်ရဲ့ခံစားချက်တွေနဲ့ ကြိုးစားမှုတွေကို နားလည်နိုင်မှာဖြစ်ပါတယ်။

သူနဲ့ပတ်သက်သမျှစိတ်ဝင်စားပေးပါ

တစ်ခါတလေ ပြသနာတက်တဲ့အခါမှာ ကိုယ့်ချစ်သူပြောတာတွေကို သေချာနားထောင်ပြီး သူဘာကိုဆိုလိုလဲဆိုတာကို သဘောပေါက်အောင်လုပ်ပါ။ ကိုယ်မကြိုက်တဲ့အရာဖြစ်တယ်ဆိုပြီး ဝေဖန်တာတွေ၊ အပြစ်တင်တာတွေမလုပ်ပါနဲ့။ ဒီလိုတွေလုပ်တာက သင်တို့နှစ်ယောက်လုံးကို နားလည်မှုလွဲပြီး ပြသနာတွေကိုပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် နားလည်မှုရချင်တယ်ဆိုရင် တစ်ယောက်ပြောတာကို တစ်ယောက်သေချာနားထောင်ပြီး စကားလုံးတွေရဲ့ ဆိုလိုရင်းကို သဘောပေါက်အောင်ကြိုးစားပါ။ ချစ်သူတော်တော်များများ ဒီအချက်ကြောင့် လမ်းခွဲရတာများလို့ သေချာဂရုစိုက်စေချင်ပါတယ်။

အမှားတွေကနေသင်ခန်းစာယူနိုင်အောင်ကူညီပါ

သင့်ချစ်သူက သင်လက်မခံနိုင်တဲ့ အမှားတစ်ခုခု ကိုလုပ်ခဲ့မိတယ်ဆိုရင် နားလည်ပေးလိုက်ခြင်းကသာ သင်တို့နှစ်ယောက်ရဲ့ ပြတ်စဲခါနီးဖြစ်နေတဲ့ Relationship တစ်ခုကို ပြန်လည်အဆင်ပြေသွားစေမှာပါ။ အမှားကို ပြန်ပြင်ဖို့အတွက်ဆိုရင် ဒုတိယအကြိမ်အခွင့်အရေးပေးမှဖြစ်မှာပါ။ ဒီလို အခွင့်အရေးပေးမယ်ဆိုရင်တော့ သင်က စိတ်ရှည်ပြီး နားလည်ပေးဖို့တော့လိုပါလိမ့်မယ်။ အရေးအကြီးဆုံးတစ်ချက်က သူတို့မှားခဲ့တဲ့အမှားတွေကို အာရုံမစိုက်ဘဲ သူတို့ရဲ့ ကြိုးစားမှုကိုသာ ပိုပြီးအာရုံစိုက်ပေးသင့်ပါတယ်။

မျှဝေခံစားပါ

ဒီအချက်ကတော့ နှစ်ဦးနှစ်ဖက်အတူ နားလည်မှုရှိရှိနဲ့ ပေါင်းဖက်ဖို့အတွက် အရမ်းကိုအရေးပါတဲ့ အချက်ပါ။ တကယ်တော့ ချစ်သူထားတယ်ဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ့်ရဲ့တစ်နေ့တာပေါင်းများစွာကို မျှဝေခံစားပေးမဲ့ သူတစ်ယောက်ကိုရှာဖွေခြင်းဘဲ မဟုတ်လား။ ကိုယ်အားငယ်တဲ့အချိန်မှာ အားပေးမဲ့သူမျိုး၊ ကိုယ်အောင်မြင်တဲ့အချိန်မှာ ဂုဏ်ပြုပေးမဲ့သူမျိုး၊ ကိုယ့်ဘဝရဲ့အခက်အခဲတွေကို အတူကျော်ဖြတ်ပေးမဲ့သူမျိုးတွေပေါ့။ ဒီလို ချစ်သူမျိုးရထားပြီဆိုရင်တော့ သင့်ကိုယ်သင်ဂုဏ်ယူလိုက်ပါ။ မျှဝေခံစားတတ်ဖို့ကို လေ့ကျင့်ဖို့မလိုပါဘူး၊ စာနာမှုလေးဘဲထားလိုက်ပါ။ သူ့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို စာနာမှုထားပြီး ကူညီပေးလိုက်ပါ။ ဒါဆိုရင် သင်တို့နှစ်ယောက်ကြားမှာ နားလည်မှုရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ နှောင်ကြိုးလေးတွေရစ်ပတ်လာမှာ အသေအချာပါဘဲ။

သင်သာ ယခုဖော်ပြခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ကာ လိုက်ပါလုပ်ဆောင်မယ်ဆိုရင် သင်တို့နှစ်ယောက်ကြားမှာ နားလည်မှုနဲ့ အချစ်တွေတည်ဆောက်နိုင်မယ်ဆိုတာ သေချာပါတယ်။

အားလုံးဘဲ နားလည်မှု ရှိတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ…