အခုနောက်ပိုင်း နှစ်အကြာကြီး လက်တွဲနိုင်ခဲ့ကြတဲ့ စုံတွဲတွေကို မြင်လာရတိုင်း စဉ်းစားမိတာက အချစ်ဆိုတာ မြင်တွေ့ရတာထက် ပိုနက်နဲတယ်လို့ ထင်မိတယ်။ လူတိုင်းမှာ Dark side တွေ ရှိကြတယ်။ တချို့က ထိန်းနိုင်တယ်။ တချို့က မထိန်းနိုင်ဘူး။ တချို့က ဖုံးကွယ်ထားတယ်။ တချို့က ပေါ်လွင်နေတယ်။
အစပိုင်းမှာ အားလုံးက လှပနေတယ်။ ချစ်စရာကောင်းနေတယ်။ အချိန်တွေ ကြာလာတဲ့အခါ အဲဒီမျက်နှာဖုံးတွေ တဖြည်းဖြည်း ကွာကျကုန်တယ်။ Dark side တွေ ပေါ်လာတယ်။ အဲဒီအခါမှာ စိတ်ပျက်ကြတယ်။ ရင်ကွဲကြတယ်။ ဒါပေမယ့် တကယ့် အချစ်စစ်ဆိုတာ အဲဒီလိုအခြေအနေမျိုးမှာ စမ်းသပ်ခံရတာ။
တကယ့်မေတ္တာဆိုတာ ကောင်းတာပဲ ချစ်တာ မဟုတ်ဘူး။ အားနည်းချက်တွေ၊ အမှားတွေ၊ အပြစ်အနာအဆာလေးတွေနဲ့တကွ လက်ခံနိုင်မှ စစ်မှန်တဲ့ မေတ္တာ။
မိဘတွေက သားသမီးရဲ့ အဆိုးတွေကိုပါ မြင်ရတယ်။ လိမ်တာတွေ၊ ညာတာတွေ၊ အမှားတွေကို တွေ့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ မေတ္တာက မပြောင်းလဲဘူး။ နောက်ထပ် အခွင့်အရေးတွေ ထပ်ပေးနိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ ဒါက စစ်မှန်တဲ့ မေတ္တာရဲ့ သဘော။
အိမ်ထောင်ဖက်တွေကြားမှာလည်း အချိန်ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ မကောင်းတဲ့ဘက်တွေကို သိလာရတယ်။ စရိုက်ဆိုးတွေ၊ အကျင့်ဆိုးတွေ၊ ဇာတ်ရုပ်အစစ်အမှန်တွေကို တွေ့လာရတယ်။
မိတ်ဆွေတွေကြားမှာလည်း အတူတူပဲ။ နီးစပ်လာလေလေ သူတို့ရဲ့ Dark side တွေကို တွေ့လာရလေလေပဲ။ အရင်က သိပ်မသိခဲ့တဲ့ အကျင့်စရိုက်တွေ၊ မထင်မှတ်ထားတဲ့ အပြုအမူတွေကို မြင်လာရတယ်။
ဒီအခါ သူတို့ကို အရင်လိုပဲ ဆက်ချစ်နိုင်ဖို့က တော်ရုံစိတ်နဲ့ မရတော့ဘူး။ လူတိုင်းမှာ အားနည်းချက်ရှိတယ်၊ အမှားရှိတယ်ဆိုတာကို နားလည်ပြီး လက်ခံနိုင်တဲ့ မေတ္တာမျိုး လိုအပ်လာပြီ။
နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရင်တောင် အတူတူပဲ။ နှစ်တွေ ကြာလာတော့ ကိုယ့်ရဲ့အရိပ်မည်းတွေကို ပိုမြင်လာရတယ်။ ငယ်ငယ်တုန်းက မရှိခဲ့တဲ့ လောဘတွေ၊ ဒေါသတွေကို တွေ့လာရတယ်။
အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ဆက်ချစ်နိုင်ဖို့က သာမန်မေတ္တာမျိုးနဲ့ မလုံလောက်တော့ဘူး။ ကိုယ့်ရဲ့ အားနည်းချက်တွေကို လက်ခံနိုင်တဲ့၊ ခွင့်လွှတ်နိုင်တဲ့ နက်ရှိုင်းတဲ့ မေတ္တာမျိုး လိုအပ်လာပြီ။
လူတိုင်းမှာ အလင်းဘက်ခြမ်း (Light side)နဲ့ အမှောင်ဘက်ခြမ်း (Dark side) ရှိကြပါတယ်။ အစပိုင်းမှာတော့ အလင်းဘက်ခြမ်း (Light side) ကိုပဲ တွေ့ရတတ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးတွေ၊ နူးညံ့တဲ့ စကားလုံးတွေ၊ ယဉ်ကျေးတဲ့ အပြုအမူတွေကိုပဲ တွေ့ရတတ်ပါတယ်။ အဲဒါကြောင့် ချစ်မိတာ လွယ်ပါတယ်။
ဒါပေမယ့် အချိန်ကြာလာတဲ့အခါ နီးကပ်လာတဲ့အခါ အမှောင်ဘက်ခြမ်း (Dark side) တွေကို စတင်တွေ့မြင်လာရပါတယ်။ ဒေါသကြီးတတ်တဲ့ အကျင့်တွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောထားတွေ၊ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ၊ မလိုလားအပ်တဲ့ အပြုအမူတွေကို တွေ့လာရပါတယ်။
လူအများစုက အဲဒီအချိန်မှာ စိတ်ပျက်သွားတတ်ကြတယ်။ အရင်တုန်းကလို မချစ်နိုင်တော့ဘူး ဖြစ်သွားတတ်ကြတယ်။
တကယ်တော့ အဲဒီလူက အရင်ကအတိုင်းပဲ။ ကိုယ်က မမြင်ဖူးတဲ့ဘက်ကို စမြင်လာရတာ။ အဲဒီ Dark side တွေက အစကတည်းက ရှိနေခဲ့တာပါ။ ကိုယ်က မမြင်ချင်လို့သာ မမြင်ခဲ့တာ။ မြင်ပြီးတောင် မမြင်ချင်ယောင်ဆောင်ခဲ့တာ။
ကိုယ်က ချစ်ရတဲ့သူကို ပန်းတစ်ပွင့်လို လှပနေစေချင်တယ်။ ငြိမ့်ညောင်းတဲ့ တေးသွားသံစဉ်သီချင်းလို သာယာနေစေချင်တယ်။ နံနက်ခင်းရဲ့လေပြည်လေးလို အေးမြနေစေချင်တယ်။ အဲဒါတွေက ကိုယ့်ရဲ့ ဆန္ဒတွေပါ။
လက်တွေ့မှာ သူက ဆူးပါတဲ့ နှင်းဆီပန်း ဖြစ်နေတတ်တယ်။ ဆူညံပေါက်ကွဲလွန်းတဲ့ ဂီတသံ ဖြစ်နေတတ်တယ်။ မိုးသက်လေပြင်းလို ကြမ်းတမ်းနေတတ်တယ်။ အဲဒါတွေက သူ့ရဲ့ သဘာဝတွေ ဖြစ်နေတာ။
မေတ္တာဆိုတာ ဆန္ဒနဲ့ သဘာဝကို ချိန်ညှိတတ်ဖို့ လိုအပ်ပါတယ်။ စိတ်ကူးယဉ်ထားသလို မဖြစ်လာတဲ့အခါ ခံနိုင်ရည် ရှိဖို့ လိုအပ်ပါတယ်။ ခက်ခဲတယ်။ ဒါပေမယ့် အဲဒီလို မခက်ခဲရင် မေတ္တာစစ်လို့ ခေါ်လို့ရမှာ မဟုတ်ပါဘူး။
မေတ္တာစစ် မေတ္တာမှန်ဆိုတာ အပြစ်ကင်းစင်တဲ့သူကိုမှ ချစ်တာ မဟုတ်ပါဘူး။ အပြစ်အနာအဆာတွေ ရှိနေပေမယ့် နားလည်ပေးနိုင်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် နားလည်ပေးတယ် ဆိုတာနဲ့ လက်ခံတယ်ဆိုတာ မတူပါဘူး။
လူတစ်ယောက်ရဲ့ အမှားတွေကို ခွင့်လွှတ်နိုင်ပေမယ့်၊ အဲဒီအမှားတွေကို အမှန်လို့ လက်ခံထားလို့တော့ မရဘူး။ မှားတာကို မှားတယ်လို့ ရဲရဲပြောနိုင်ရမယ်။ ချစ်တယ်ဆိုတာက မျက်စိစုံမှိတ်ပြီး ဘာမှမမြင်ဘဲ နေတာ မဟုတ်ဘူး။
အချစ်ဆိုတာ အမြင်ကြည်လင်နေဖို့ လိုပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ အားနည်းချက်တွေကို သိနေရမယ်။ သူလုပ်နေတဲ့ အမှားတွေကို မြင်နေရမယ်။
ပြီးတော့မှ… နားလည်ပေးမလား။ လမ်းပြပေးမလား။ ရပ်တည်ပေးမလား။ ခွာထွက်သွားမလား ဆိုတာကို ဆုံးဖြတ်ရတာပါ။
ချစ်လွန်းလို့ မှားတာတွေကို လက်ခံပေးမိတာဟာ နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက်စလုံး ပျက်စီးကုန်တတ်တယ်။ မေတ္တာစစ်စစ်က တစ်ဖက်သားကို တိုးတက်စေချင်တယ်။ ကောင်းတဲ့ဘက်ကို ဦးတည်စေချင်တယ်။
သူ မှားတဲ့အခါ တည့်တည့်ပြောတတ်ရမယ်။ သူ့အမှားကို ခွင့်လွှတ်နိုင်ပေမယ့် အမှန်တရားကိုတော့ မဖုံးကွယ်သင့်ဘူး။ မေတ္တာစစ်စစ်က အသိဉာဏ်ပညာနဲ့ ယှဉ်တွဲပါဝင်ရမယ်။
တစ်ခါတစ်လေ တစ်ဖက်သားကို နာကျင်အောင် မလုပ်ချင်လို့ အမှန်တရားကို ဖုံးကွယ်ထားမိတတ်တယ်။ ဒါဟာ နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက်စလုံးအတွက် မကောင်းဘူး။ အမှန်တရားက နာကျင်စရာကောင်းပေမဲ့ အဲဒီအမှန်တရားကို သိမှပဲ ပြုပြင်ပြောင်းလဲလာနိုင်မှာ။
မေတ္တာစစ်စစ်ဆိုတာ နာကျင်စရာတွေကို မကြောက်ဘူး။ တစ်ဖက်သားကို ချစ်လွန်းလို့ အမှန်တရားကို ပြောရဲတယ်။ ဒီအမှန်တရားက သူ့အတွက် ကောင်းမွန်တဲ့ဘဝကို ရောက်ရှိအောင် လမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
သတ္တိရှိရှိနဲ့ အမှန်တရားကို ရင်ဆိုင်တတ်မှပဲ စစ်မှန်တဲ့မေတ္တာလို့ ဆိုနိုင်မယ်။ အကုန်လုံးကို မျက်စိမှိတ် လက်ခံထားတာဟာ မေတ္တာ မဟုတ်သလို၊ အကုန်လုံးကို ငြင်းပယ်ပစ်လိုက်တာကလည်း မေတ္တာ မဟုတ်ဘူး။ မေတ္တာစစ်စစ်က နှလုံးသားရော ဦးနှောက်ပါ နှစ်ခုလုံး သုံးတတ်ရမယ်။
ဒီလောက်ဆို မေတ္တာစစ်ဆိုတာ လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ အချိန်တွေ ပေးရပါတယ်။ စိတ်ရှည်လက်ရှည် နားလည်အောင် ကြိုးစားရပါတယ်။ လိုအပ်ရင် လမ်းပြပေးရပါတယ်။
အမှောင်ဘက်ခြမ်း (Dark side) တွေ တွေ့လာတဲ့အခါ ဆက်ချစ်နိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲပါတယ်။ ဒါပေမယ့် Dark side တွေကို မြင်လာရတဲ့အခါမှာလည်း ချစ်ခြင်းမေတ္တာ မပျောက်ပျက်သွားအောင် ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားဟာ ရင့်ကျက်တဲ့မေတ္တာရဲ့ လက္ခဏာပါပဲ။
