အထီးကျန်တယ်ဆိုတာ ကျွန်မတို့ တော်တော်များများ မကြာခဏ ခံစားဖူးတဲ့ စိတ်ခံစားချက်တစ်ခုပါ။
တစ်ယောက်တည်း နေနေတဲ့အခါမှာမှမဟုတ်ဘဲ လူအများရှိတဲ့နေရာ၊ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် မိသားစုများနဲ့ အတူရှိနေရင်တောင် ကိုယ့်စိတ်ထဲကနေ အထီးကျန်သလို၊ ဝမ်းနည်းသလို ခံစားနေရတာမျိုးလည်းကြုံဖူးနိုင်ပါတယ်။
ဘယ်လိုအချက်တွေက ကိုယ့်ကိုအထီးကျန်တယ်လို့ ခံစားရစေတာလဲ ?
ကိုယ့်ရဲ့စိတ်ခံစားချက်တွေက အခြားသူကြောင့်ဖြစ်လာတယ်လို့ခံယူထားတာ
“သူမရှိရင် မဖြစ်ဘူး၊ နေလို့မပျော်ဘူး…” ဆိုပြီး ကိုယ့်ရဲ့ရပ်တည်မှုကို အခြားတစ်ယောက်နဲ့အတူ ပေါင်းစပ်ပြီးတွေးလိုက်တာက အခြားတစ်ယောက်က ကိုယ့်အတွက် အချိန်မပေးနိုင်တဲ့အခါ အထီးကျန်တယ်လို့ခံစားရစေတတ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်တာ
အတိတ်ကဖြစ်ဖူးတဲ့ အတွေ့အကြုံကြောင့် လူအသစ်တွေနဲ့ထပ်မခင်ချင်တော့တာ၊ အပေါင်းသင်းတွေကို ခင်တွယ်မိမှာစိုးရိမ်နေရင်းကနေ လူတွေကိုရှောင်လာတဲ့အခါ တစ်ဦးတည်းသီးသန့် ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးခံစားရစေပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ပစ်ထားမိတာ
ငယ်ငယ်တုန်းက သူငယ်ချင်းအဖွဲ့မှာ မခေါ်မှာစိုးလို့ သူတို့စိတ်ကြိုက် လိုက်နေပေးရတယ်ဆိုတဲ့ အကြောင်းတွေကို ဒီရက်ပိုင်း တော်တော်များများတွေ့နေရပြီး အဲ့လိုနေခဲ့ရတာလည်း ဘယ်လောက်ထိ ခက်ခဲခဲ့တယ်ဆိုတာကို တကယ်ခံစားဖူးတဲ့သူတိုင်းသိမှာပါ။
ကိုယ့်ကိုယ်ကိုယ်မေ့ပြီး အခြားသူတွေကိုပဲ ဂရုစိုက်နေရတာက တကယ်အထီးကျန်ပြီး ကိုယ့်ကိုယ်လက်တွေ့ဘဝကနေကင်းကွာစေပါတယ်။
Toxic person နဲ့အချိန်ဖြုန်းနေမိတာ
ကိုယ့်ကိုတကယ်မခင်ဘဲ လိုအပ်တဲ့အချိန်မှသုံးတတ်ပြီး ချုပ်ချယ်တတ်တဲ့သူနဲ့ပဲ အချိန်တွေ ဖြုန်းနေမိတာကလည်း အထီးကျန်တယ်လို့ ခံစားမိရာကနေ နောက်ဆက်တွဲစိတ်ခံစားချက် ပြဿနာတွေကိုပါ ခံစားရစေပါတယ်။
အဆိုးတွေကိုပဲ တွေးနေမိတာ
ကိုယ်ချစ်ရတဲ့သူတွေရဲ့ အပြုမူတွေ စကားပြောပုံဆိုပုံတွေကအစ လိုက်ကြည့်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် အခြားသူနဲ့ပြန်ယှဉ်တွေးပြီး အားငယ်နေတတ်တာမျိုးပါ။
ဒါတွေအပြင် self-esteem (ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု) ကျနေတာ၊ depression ဝင်တာ စတဲ့ စိတ်ခံစားချက်ပြဿနာတစ်ခုခုကို ခံစားနေရတာကြောင့်လည်း အထီးကျန်သလို ဖြစ်နေတာ ဖြစ်နိုင်ပါသေးတယ်။
ကိုယ်က အချိန်တော်တော်များများမှာ အထီးကျန်သလို၊ ဝမ်းနည်း စိတ်ဓာတ်ကျသလို ခံစားနေရပြီဆိုရင်တော့…..
- ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးတာ
- အနီးနားကအရာတွေနဲ့
- ဆက်သွယ်ဖို့ ကြိုးစားတာ
- ဝါသနာပါတာလေးတွေလုပ်ပေးတာ
- လူတိုင်းက မပြည့်စုံနိုင်ဘူးလို့ ဖြည့်တွေးပေးတာ
- ကိုယ့်ကိုယ်ဂရုစိုက်ဖို့ ကိုယ်ကပဲတာဝန်အရှိဆုံးလို့လက်ခံလိုက်တာ…..
ဒီလို ကိုယ်စိတ်ကို အင်အားဖြစ်စေမယ့် အရာလေးတွေ လုပ်ပေးဖို့ တိုက်တွန်းပါရစေ….
အထီးကျန်ခြင်းကင်းတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်…..
