Right Person ဆိုတာဘယ်လိုလူမျိုးလဲ?
Right Person ဆိုတာ ကာလ၊ဒေသ၊ အခြေအနေ အပြောင်းအလဲတွေကြောင့် ကိုယ့်အပေါ်ခင်မင်မှု ကိုယ့်အကျိုးလိုလားမှု မပျက်ပြားသွားတဲ့သူလို့ နားလည်မိတယ်။အရင်ကတော့ ကိုယ့်ဖက်က Right person တွေလိုလားတယ်။ နောက်ပိုင်း တဖြည်းဖြည်းနားလည်လာတာကတော့ ကိုယ့်ဖက်က စစ်မှန်တဲ့အရာတခုကို မပေးနိုင်သမျှကာလပတ်လုံး ဘယ်သူ့ဆီကမှ စစ်မှန်တဲ့အရာတခုကို ရေရှည်မရနိုင်ဘူးဆိုတဲ့အချက်ပဲ။ဒါ့ကြောင့်မို့ Right person တွေ့အောင် မရှာတော့ဘူးRight person အနေနဲ့ပဲ ပြုမူလှုပ်ရှားတယ်။
တစုံတယောက်အတွက်၊ တစုံတယောက်ရဲ့ဘဝမှာ ကိုယ့်အနေနဲ့ Right person မဖြစ်နိုင်ဘူးဆိုရင် တိုးတိုးတိတ်တိတ်ကျောခိုင်းလိုက်တာများတယ်။တဖြည်းဖြည်းနဲ့ကိုယ့်အတွက် စစ်မှန်တဲ့သူအနည်းစုလောက်ပဲ ကိုယ့်အနားမှာကျန်တော့တယ်။ဒါပေမယ့် စစ်မှန်တဲ့သူတွေပဲ ကျန်ခဲ့တဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာတွေ မရှိတော့သလောက်နည်းသွားတယ်။
ကိုယ်ကိုယ်တိုင်ကလည်း သိပ်ပြီး လူရာဝင်ချင်စိတ်ဖြစ်မနေဘူး၊ လူအထင်ကြီးခံရမှာတွေ လူအထင်သေးခံရမှာတွေ မထင်ပေါ်မှုအပေါ် စိုးရိမ်စိတ်တွေ ဖြစ်မနေတော့တဲ့အခါ ဘဝမှာဆုံးဖြတ်ချက်တွေ ချရတာ အင်မတန်လွယ်ကူမှုရှိလာတယ်ဆိုတဲ့အချက်ကို မျှဝေချင်ပါတယ်။တရက်က Video တခုမှာပြောထားတာရှင်းတယ်။လူသုံးမျိုးကို သစ်ပင်တစ်ပင်နဲ့ ယှဉ်ပြထားတယ်။ပထမအမျိုးအစာစက သစ်ရွက်လေးတွေနဲ့တူတယ်။အပေါ်ယံကြည့်ရတာ လှနေပေမယ့် လေတိုက်လိုက်တာနဲ့ ကြွေလွှင့်သွားတယ်…ဆိုလိုတာက တချို့လူတွေဟာ အပေါ်ယံကြည့်ရင် ခင်မင်နှစ်လိုဖွယ်ဖြစ်ပေမယ့်လို့ ဘာမဟုတ်တာလေးနဲ့ စိတ်ခုသွားတာနဲ့ ကိုယ့်ကို ကျောခိုင်းသွားတတ်တယ်ဆိုတာပဲ။
ဒုတိယ အမျိုးအစားကသစ်ကိုင်းတွေနဲ့တူတယ်။တော်တန်ရုံ လေတိုက်တာလောက် ပြသနာမဟုတ်ပေမယ့် လေပြင်းမုန်တိုင်းနည်းနည်းကျရောက်တာနဲ့ ကျိုးပဲ့သွားနိုင်တယ်။တတိယ အမျိုးအစားကတော့ ပင်စည် အမြစ်နဲ့တူတယ်။တော်ရုံ လေပြင်းတိုက်တာမပြောနဲ့…. ပြင်းထန်တဲ့မုန်တိုင်းနဲ့ကြုံရင်တောင်လွယ်လွယ်နဲ့ မပြိုလဲသွားတတ်ဘူး။တချို့လူတွေဟာ အဲ့သည် ပင်စည် အမြစ်လို ကိုယ့်အပေါ် အရမ်းသည်းခံနိုင်တယ်။ အနွံတာခံနိုင်တယ်။ တော်တန်ရုံကိုယ့်ကြောင့်စိတ်ထိခိုက်စရာရှိရင်တောင် စွန့်လွှတ်ကျောခိုင်းတာမျိုးမလုပ်ကြဘူး။Right person ဆိုတဲ့ အဲ့သည်လိုလူတွေကို ဆိုလိုတာဖြစ်တယ်။ကိုယ့်အနေနဲ့ လူတယောက်အတွက် Right person အဖြစ်ရပ်တည်ဖို့ဆိုတာ အဲ့သည်လူရဲ့ဖြစ်တည်မှုကို ကိုယ့်လောက်နီးပါးထပ်တူ တန်ဖိုးထားမှု မရှိဘဲနဲ့ မလွယ်ကူဘူးဆိုတာ နားလည်လာပါတယ်။Right person တွေ့ဖို့ကအရေးကြီးရင် Right person ဖြစ်နေဖို့က ပိုအရေးကြီးပါလိမ့်မယ်။Right person ဖြစ်လာဖို့ မိမိကိုယ်ကို သိဖို့အဓိက ကျတယ်။
မိမိကိုယ်ကို သေသေချာချာ သိရှိခြင်းရဲ့ ကောင်းကျိုး
ကိုယ်ရွေးချယ်တဲ့အလုပ်ဟာ ကိုယ်အမှန်တကယ်ဖြစ်ချင်တဲ့သူတယောက်ဖြစ်လာစေရေးမှာ အထောက်အပံ့ကောင်းဖြစ်နေဖို့လိုတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ်ဖြစ်ချင်တဲ့လူတယောက်ရဲ့ပုံစံနဲ့ ကွာဟချက်တွေများနေရင် အလုပ်ကြောင့် စိတ်ချမ်းမြေ့ပျော်ရွှင်ရမှာမဟုတ်ဘူး။ဒါ့ကြောင့်မို့ အလုပ်ကို မရွေးချယ်မီ ငါဘယ်လိုလူတယောက်ဖြစ်လာချင်တာလဲ အရင်သိအောင်လုပ်ရမယ်။ အဲ့ဒီလိုလူတယောက်ဖြစ်လာစေမယ့် အလုပ်မျိုးကိုရွေးချယ်ရမယ်။ငါဘယ်လိုလူတယောက်ဖြစ်လာချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာတာနဲ့အမျှ ငါဘယ်လိုအလုပ်မျိုးကို တသက်လုံးလုပ်သွားချင်တာလဲ ဆိုတာ ပြတ်ပြတ်သားသားသိလာပါလိမ့်မယ်။တဖက်မှာလည်း ဘယ်လိုလူတွေနဲ့ ရေရှည်ပူးပေါင်းမလဲ။ဘယ်လိုလူတွေကို ပြတ်ပြတ်သားသားကျောခိုင်းမလဲဆိုတာကိုပါ Bonus အနေနဲ့သိလာလိမ့်မယ်။
Right person လို ဘယ်လို ပြုမူနေထိုင်မလဲ?
လူတယောက်ကို မေတ္တာရှိရင်သူဆီက ဘာမှ မျှော်လင့်ချက်မထားဘဲသူ့အနားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှုတ်၏ဆောင်မခြင်း၊အပြုအမူ ဖြင့်စောင့်ရှောက်ခြင်းနဲ့အတူသူအဆင်ပြေအောင် တတ်နိုင်တာအားလုံးဖြည့်ဆည်းပေးပါ၊အဲ့သလိုလုပ်ရခြင်းအပေါ် ဝမ်းသာပီတိဖြစ်ပါ။ဒါဆို ကိုယ်လည်းပိုကောင်းတဲ့သူဖြစ်လာသလိုသူလည်း ပိုကောင်းတဲ့သူဖြစ်လာပါလိမ့်မယ်။သူ့ဖက်ကလည်း ကိုယ်နဲ့ ခင်မင်ရခြင်းအတွက်နှစ်သက်ဝမ်းမြောက်ပါလိမ့်မယ်။
Right person မှန်းသိနိုင်မယ့် အချိန်
ချစ်ရသူနှစ်ယောက်အကြားတယောက်ကိုတယောက် ဘယ်လောက်ထိ သံယောဇဉ်ခိုင်မာသလဲ၊တယောက်ကိုတယောက် ဘယ်လောက်ထိ တန်ဖိုးထားသလဲ ဆိုတာ အခက်အခဲ မရှိသေးလို့အားလုံးအဆင်ပြေနေသေးတဲ့ အချိန်မှာ မသိနိုင်ဘူး။တယောက်နဲ့တယောက် အရင်လို ဝတ္တရားတွေ မဖြည့်ဆည်းပေးနိုင်တော့တဲ့အချိန်၊အဆင်မပြေမှုတွေကြုံရတဲ့အချိန်၊လက်လွတ်ဆုံးရှုံး၊ လမ်းခွဲရမယ့် အချိန်ရောက်မှ…ဘယ်အတိုင်းအတာထိ ခွင့်လွှတ်ပေးနိုင်သလဲ။ဘယ်လောက်ထိ စာနာနားလည်ပေးမှုပေးနိုင်သလဲ။အရင်လို လက်တွဲပြီး အတူရှိနေချင်တာ သေချာရဲ့လား ဆိုပြီးသိခွင့်ရတာမျိုးပါ။ဒီလောက်ဆို Right Person အကြောင်း ခြုံငုံမိလောက်မယ်ထင်ပါတယ်။Right person နဲ့ပတ်သက်ပြီး မျှဝေချင်တာလေးတွေ Comment မှာရေးသွားကြပါဦး။
Credit: ဆြာသိန်း
