မိန်းကလေး-အမျိုးသမီးအားလုံး ၇ဝ% တခါမဟုတ်တခါ၊ တဖက်မဟုတ် တဖက်မှာ ရင်သားနာတာ ခံစားကြရနိုင်တယ်။ ၁၅% လောက်သာ ဆေးကုဘို့လိုပါမယ်။ ရင်သားနာတာနဲ့ (ကင်ဆာ) ဆိုင်မှာ နည်းလှပါတယ်။ ဘာလို့ ရင်သားနာရသလဲ။ အခြေခံအကြောင်း ၂ မျိုးရှိတယ်။ ရာသီနဲ့ ဆိုင်တာ၊ ရာသီနဲ့ မဆိုင်တာ။
မိန်းကလေးတို့ သဘာဝဆိုတာ ဟော်မုန်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း ဆိုင်နေတယ်။ လစဉ်ရာသီ ဖြစ်စဉ်ကလဲ ဒါဘဲ။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုန်း) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။ ဒီဟော်မုန်းတန်ခိုးကြောင့် ရင်သားထဲက နို့အိတ်၊ နို့ပြွန်တွေကို သက်ရောက်စေတယ်။ တခါတလေ နို့မဖြစ်သေးတဲ့ အရည်အောင်းနေစေမယ်။ ကြီးရင်ကြီးသလို ဖေါင်းမယ်။ အလုံး-အကျိတ်လို စမ်းလို့ရမယ်။ အာရုံကြောသွားဖိရင် နာမယ်။ လတိုင်း အနည်းနဲ့အများ ဖြစ်နေတယ်။ လကုန်ရင် တပတ်ပြီးသွားရော။ အပျိုရွယ်ရောက်လာလို့ နာနိုင်တယ်။ ကိုယ်ဝန်ဆောင်လို့လဲ ရင်သားနာတတ်တယ်။ နို့တိုက်ချိန်လဲ နာတတ်တယ်။
သုတေသနအရ အသက် ၃၄ နှစ် အမျိုးသမီးတွေမှာ Cyclical breast အဖြစ်အများဆုံး။ ရင်သားနာလို့ လာပြသူတွေထဲက ၆ဝ% နဲ့ ရင်သားမှာ တခုခု ဖြစ်လို့လာပြသူထဲက ၇၅% ရှိတယ်။ ဟော်မုန်းတခုထဲ အပြစ်ဖို့လို့ မရဘဲ၊ Stress စိတ်ဖိစည်းမှု ကနေလဲ ဖြစ်နိုင်တယ်။ ကိုယ်လက် လှုတ်ရှားမှုကြောင့်လဲ ဖြစ်နိုင်တယ်။
ရာသီနဲ့မဆိုင်ဘဲ ရင်သားနာတယ်ဆိုတာ ဥပမာ ခိုက်မိလို့ နာတာမျိုး။ ခွဲစိတ်ထားလို့ ဆိုတာမျိုးက နေရာ သတ်သတ် မှတ်မှတ်မှာ နာတယ်။ သွေးဆုံးခါနီး၊ သွေးဆုံးစ နာတတ်တာက ၁-၂ နှစ် နေရင် ကောင်းသွားတယ်။ ရင်သားအောက်က နံရိုး-အရိုးနု ရောင်တာက ရင်သားလို့ မှားတတ်တယ်။ ပိုးဝင်လို့ နာမယ်။ ပြည်တည်ရင် ပိုနာမယ်။ ပိုးဝင်လို့ နို့နာ ဖြစ်တာက ကလေးနို့တိုက်ချိန်မှာ အများဆုံးဖြစ်တယ်။ ဗမာပြည်မှာ တောနယ်တွေ တာဝန်ကျတုံးက သားဦး ၃ ယောက်မွေးရင် ၁ ယောက်မှာ နို့နာဖြစ်ကြတာ သတိထားမိတယ်။ အပြင်ရောက်တော့ အဲလောက် ဖြစ်တာ မတွေ့တော့ပါ။
ကိုယ်ဝန်တားဆေး၊ ဟော်မုန်းအစားထိုးဆေး၊ လူဝလာလို့၊ အတွင်းခံကြပ်လို့၊ အလုံး-အကျိတ်-ကင်ဆာ-အနာတွေနဲ့ ခွဲခြားရမယ်။ Methyldopa (Aldomet), Spironolactone (Aldactone), Anadrol နဲ့ Chlorpromazine ဆေးတွေ ကြောင့်လဲ နာတတ်တယ်။ Birth control pills ဆေးတွေက တချို့မှာ နာစေပြီး တချို့မှာ (Progestin) နာလို့ ပေးရတယ်။
ဆရာဝန်ကစမ်းသပ်မယ်။ လိုအပ်ရင် Mammogram ရိုက်မယ်။ အသားစထုတ်ယူစစ်ဆေးတာ လုပ်မယ်။ ဆေးပေးချင် ပေးမယ်။ ပေးချင်မှ ပေးမယ်ဆိုတာ နှမြောလို့ မဟုတ်ပါ။
ဆေးတွေက ရာသီနဲ့ ဆက်ဖြစ်လို့ ရင်သားနာတာကို သက်သာစေပေမဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတယ်။ Bromocriptine ကနေ ပျို့-အန်၊ ခေါင်းမူး၊ ကလေးမရ ဖြစ်တတ်တယ်။ Danazol ကြောင့် လူဝစေနိုင်တယ်၊ ရာသီမလာတာ၊ ဆေးများရင် မျက်နွှာှေး ပေါက်မယ်။ ရာသီ များမယ်။ အသံသြမယ်။ ကြွက်သား နာမယ်။ Goserelin ဆေးကလဲ မျက်နှာနီ၊ လိင်စိတ်နဲ၊ မွေးလမ်းခြောက်၊ ရင်သားသေး၊ စိတ်တိုဖြစ်စေနိုင်တယ်။ Gestrinone ဆေးသုံးတာ သက်သာနိုင်တယ်။ ဒါပေမဲ့ ကိုယ်မွေးများ၊ ရာသီများ၊ အသံပြောင်း၊ လိင်စိတ်နဲ၊ ရင်သားသေး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ကျဖြစ်စေနိုင်တယ်။ ရာသီဖြစ်စဉ်နဲ့ မဆိုင်ဘဲ နာတာမျိုးက စတီရွိုက်ဆေး ရင်သားမှာ ထိုးပေးတာ၊ ခွဲစိတ်တာ လုပ်ရတတ်တယ်။ တခါတလေ ဆီးသွားစေတဲ့ဆေး နဲနဲ ပေးနိုင်တယ်။
ဆရာဝန်မလိုလောက်တာမျိုးတွေလဲလုပ်ပါ။ အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊ ဆားလျော့စားပါ၊ (ကေဖင်း) ပါတာတွေ လျော့စားသောက်ပါ၊ အဆီလျော့စားပါ။ အသီးအနှံအသီးအရွက် များများစားပါ။ ကိုယ်အလေးချိန် သင့်တင့်ပါစေ။ Ibuprofen, Aspirin, Paracetamol အနာအကိုက် သက်သာဆေးတခုခုသောက်ပါ။ Vitamin B6, Vitamin B1, Vitamin E ဗီတာမင်တွေ သောက်ပါ။ လိမ်းဆေးလဲ သုံးနိုင်တယ်။ ရေခဲကပ်ပေးနိုင်တယ်။ ကိုယ်စိတ် အေးဆေးပါစေ။
မေတ္တာဖြင့်…
CREDIT_ဒေါက်တာတင့်ဆွေ
