အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။ ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်တော်တို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ ဒါဆို ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

(၁) မိမိကိုယ်မိမိ Positive Self-Talk တွေများများပြောပါ။

ပထမဦးဆုံး Affirmation လို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။ မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေ ပြောပါ။ ဒီလိုပြောခြင်းက မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

(၂)အတွေးတွေကို သတိထားပါ။

ပါးစပ်ကတော့ ကောင်းတဲ့စကားတွေကိုပြောနေပြီး အတွေးတွေကတော့ မကောင်းတာတွေ တွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး ၂ခုပိုတွေးပေးလိုက်ပါ။

(၃) အတင်းပြောခြင်းကိုရှောင်ပါ။

သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်ဝတဲ့ သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့် သူများအတင်းပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။

(၄) မညည်းညူပါနဲ့။

အမြဲတစေ ဘဝကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှ အကြည်ဓာတ်ကရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

(၅) Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။

Jim Rohn ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ “You are the average of the five people you spend the most time with” တဲ့။ ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်ဝေဖန်ပြောဆိုတတ်တဲ့ လူတွေလား။
အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။

(၆) Gratitude နဲ့ နေထိုင်ပါ။

ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်တော်တို့ရဲ့ဘဝကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကိုကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။ တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ် စသဖြင့်ပေါ့ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

(၇) နာကျင်စေခဲ့သမျှကို လွှတ်ချခဲ့ပါ။

လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

(၈) များများ ပြုံးရယ်ပါ။

ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။ တခြားသူတွေကိုလည်း ပြုံးပြပါ။ ပြုံးရယ်ပြခြင်းက ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

(၉) ကြင်နာတတ်ပါစေ။

လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊ လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ၊ စျေးဝယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိပါ။

(၁၀) မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။

မိမိကိုယ်ကိုယ် ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီး ဂရုစိုက်ခြင်းဟာ positive energy တွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။ Skin care လုပ်တာ၊ self-care လုပ်တာ၊ mental break ယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့ အမြဲသတိရပါ။

(၁၁) လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့် ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။

အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ ဒီနေ့ကစပြီး မိမိကိုယ်မိမိ challenge လုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ရင် သင်လည်း အကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကက အကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို ယုံကြည်ထားဖို့ပါပဲ