ယနေ့ခေတ်တွင် အသည်းခြောက်ကြသောဝေဒနာရှင်များ နေရာအနှံ့တွေ့ရပြီး ပိုများပြားလာကြပါတယ်။ ထိုအသည်းခြောက်၍ နောက်ဆက်တွဲဆိုးကျိုးဖြင့် အစာရေမျို အစာအိမ်နံရံသွေးကြောပေါက်ခြင်းသည် အသက်အန္တရာယ် ချက်ခြင်းရှိပါသည်။ အသည်းခြောက်ရောဂါအကြောင်းမှာ ပြည့်စုံစွာ သိနားလည်ရန်လည်းလို၍ စာအနည်းငယ်ရှည်သော်လည်း အကျိုးရှိနိုင်မည်ဖြစ်သောကြောင့် အဆုံးထိ ဖတ်စေလိုပါသည် ။
၁ ။ တစ်စ နှင့် တစ်စ ပိုပိုဆိုးလာစေသော အသည်းခြောက်ခြင်း အခြေခံသဘောတရားများ
အသည်းရောင် အသားဝါ ဘီ ပိုး နှင့် စီပိုးကြောင့်သော်၎င်း ၊အရက်အလွန်အကျွံသောက်၍ သော်၎င်း ၊ အသည်းအဆီဖုံးခြင်း ဆိုးရွားစွာဖြစ်လျှင် သော်၎င်း ၊ ရှားပါးသည့် မွေးရာပါ သည်းခြေပြွန်အတွင်း ပြဿနာများရှိနေလျှင် နာတာရှည် အသည်းရောင်ခြင်း ဖြစ်ကြပါသည် ၊၊ ထိုမှတဆင့် ဖော်ပြပါ ဖြစ်ပွားစေသော အကြောင်းရင်းများကို ဆက်လက်မတားဆီးလျှင် အသည်းမှာ ပျက်စီးပြီး ထိုပျက်စီးသွားသော အသည်းဆဲလ်များ နေရာ၌ ပုံမှန်အသည်း၏လုပ်ငန်းများအား မလုပ်ဆောင်နိုင်သော အမာရွတ်များ အစားထိုးဝင်ရောက်ပြီး ဂျွတ်တက်သွားသကဲ့သို့ ဖြစ်လာပါတော့သည် ၊ များများ အမာရွတ်တက်လေလေ ( Fibrous tissue ) အသည်းခြောက်ခြင်း ပိုဆိုးသွားလေလေ နောက်ဆက်တွဲဆိုးကျိုးများ ပိုများပြီး အသက်အန္တရာယ်ရှိလေလေဖြစ်ပါသည်၊၊
၂ ။ ပုံမှန်အသည်း၏ တာဝန်များ
မိမိတို့စားလိုက်သော အသားများ အဆီများ အချိုများ အသီးများ အရွက်များမှာ ခန္ဓာကိုယ်မှ တိုက်ရိုက် အသုံးမပြုနိုင်ပါ ၊ စက်ရုံနှင့်တူသော အသည်းသည် ခန္ဓာကိုယ်မှ အသင့်သုံးဆောင်၍ရရန် ကာဗိုဟိုက်ဒရိတ် Carbohydrate ( အချိုဓာတ် ) ပရိုတင်း Protein ( အသားဓာတ် ) နှင့် ဖတ် Fat ( အဆီဓာတ် ) တို့ကို ခွဲခြမ်းစိတ်ဖြာပြီး ခန္ဓာကိုယ်အနှံ့ လိုအပ်သောနေရာအသီးသီးသို့ ဖြန့်ဝေပေးလိုက်ပါသည် ၊ ထို့ကြောင့် စက်ရုံနှင့်တူသော အသည်းသည် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲပေးရာ နေရာဌာနလည်းဖြစ်ပါသည်။
ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော ရောဂါပိုးများကိုလည်း ခုခံတိုက်ထုတ်ပေးသည်၊ အဆိပ်များကိုလည်း ဖယ်ရှားပေးသည် ( Detox ) ၊ သွေးခဲခြင်း အလွယ်တစ်ကူ သွေးခြေဥခြင်း သွေးထွက်လွန်ခြင်းတို့ကိုလည်း ကာကွယ်ပေးပြန်ပါသည် ။
၃။ အသည်းအတွင်း အမာရွတ်များက ဘာဆိုးကျိုးကို ဖြစ်စေပါသနည်း။
(က) အသည်းအတွင်းရှိ သွေးကြောများ ဖိအားများလာခြင်း Portal Hypertention ပုံမှန် အသည်း ဆဲလ်များသည် ပုဂံများဆေးရာတွင် အသုံးးပြုသော ရေမြှုတ်ကဲ့သို့ ပျော့ပျော့အိအိဖြစ်နေသည်၊ မကြာခဏ အသည်းရောင်ပြီး အသည်းအတွင်း အမာရွတ်များလာလျှင် ၎င်းမာသော အမာရွတ်နေရာစုများက အသည်းအတွင်းရှိသွေးကြောများကို ဖိစေနိုင်ပါသည်၊ အသည်းအတွင်း ယခင်က လွတ်လွတ်လပ်လပ် ဖြတ်သန်းစီးဆင်းနေသော သွေးကြောများကလည်း အသည်း၏ ကြွတ်ဆပ်မူ့ကြောင့် မဖြတ်နိုင်တော့ပဲ နောက်ပြန်စီးဆင်းကာ အနီးကပ်ဆုံးရှိ အစာရေမျိုနှင့် အစာအိမ်နံရံများတွင် သွေးကြောများ ဖိအားပိုလာကာ တီကောင်များကဲ့သို့ ဖောင်းကြွကာ အထွေးကြီးများ ဖြစ်လာပြီး ထိုသွေးကြောပေါက်ထွက်လျှင် ချက်ခြင်း အသက်ဆုံးရူံးနိုင်ပါသည် ။
(ခ ) ။အဆိပ်များ တက်ခြင်း Hepatic Encephalopathy
အမာရွတ်များဖြင့် ပြည့်နေသော အသည်းခြောက်နေသည့်အသည်းမှာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို ကောင်းမွန်စွာ မဖယ်ရှားပေးနိုင်သောကြောင့် သွေးအတွင်း အဆိပ်များတက်ကာ ဦးဏှောက်အတွင်း အဆိပ်ပျံ့၍ သတိလစ်နိုင်ခြင်း ၊ အိပ်ချိန်များပြီး အမြဲတန်းမှိန်းနေခြင်း ၊ ဂယောင်ဂတန်းများပြောဆိုလာခြင်းတို့ ဖြစ်နိုင်ပါသည် ။
( ဂ ) ရောဂါပိုးအလွယ်တကူ ဝင်ရောက်ခြင်း
ခန္ဓာကိုယ်မှ လိုအပ်သော အဟာရဓာတ်များ ကောင်းမွန်စွာ မရရှိတော့သောကြောင့် ဝင်ရောက်လာသော ရောဂါပိုးများအား အလွယ်တကူ မတိုက်ထုတ်နိုင်တော့ပါ ။
( ဃ )ရေဖျဉ်းစွဲခြင်း ၊ အဆုတ်အတွင်း အရည်များစုခြင်း
အထက်မှဖော်ပြပါ အမာရွတ်များဖြင့်ပြည့်နေသော အသည်းအတွင်းရှိ သွေးကြောများ ဖိအားများလာသောအခါ သွေးကြောအတွင်းမှ အရည်များ ဝမ်းခေါင်းအတွင်းသို့ တွန်းကန်မူ့ ရွှေရှားမူ့များဖြစ်ကာ ဝမ်းခေါင်းအတွင်း ရေဖျဉ်းစွဲမူ့များ ဖြစ်လာပါတော့သည် ၊ ရေဖျဉ်းစွဲရာတွင် အရည်များမှာ ဝမ်းခေါင်းအတွင်း၌ရှိပြီး ကျောက်ကပ်မှ ဆုံးရူံးထားသော အရည်များကို ပိုလိုချင်၍ ခန္ဓာကိုယ်အား ရေဆာစေပြီး ရေပိုသောက်မိကြပြန်သည် ၊ ၎င်းရေများမှာ အဆုတ်အတွင်းရှိသွေးကြောများ၏ တွန်းထုတ်အားကြောင့် အဆုတ်အတွင်း ရေစုမိလျှင် အသက်ရူကြပ်ပြီး Pulmonary Oedema ဖြစ်ကာ အသက်အန္တရာယ်ရှိပါသည် ၊အရည်စုမိခြင်းများလျှင် ခြေထောက်များပင် ဖောရောင်လာနိုင်ပါသည်။
( င ) အသည်းပျက်စီး၍ ကျောက်ကပ်ပျက်စီးခြင်း Hepatorenal Syndrome
နောက်ဆုံးတွင် အသည်းပျက်စီးသွား၍ ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း အရည်ထိန်းသိန်းနိုင်ခြင်း မရှိတော့သောကြောင့် ကျောက်ကပ်သို့ ဆီးအဖြစ်စွန့်ရန် သွေးများလည်း လည်ပတ်စီးဆင်းခြင်း နည်းသွားပြီး ဆီးထွက်နည်းကာ ကျောက်ကပ်ပါပျက်စီးသွားပါမည် ။
၄ ။ ဖြစ်ပွားစေသော အကြောင်းရင်းများ
အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုးကြောင့် ၆၀ % ၊ အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ၃၅ % နှင့် ကျန် ၅% မှာ ရှားပါးသော သည်းခြေပြွန် ပုံမှန်မဟုတ်သဖြင့် အသည်းခြောက်ခြင်း ၊ အသည်းအတွင်းရှိသွေးကြောအတွင်း သွေးခဲပိတ်ခြင်း ၊ အသည်းအတွင်း သံကောင်တစ်မျိုး ဝင်ရောက်ခြင်း ျပင်းထန်သော အသည်းအဆီဖုံျးခင်း တို့ကြောင့် ဖြစ်ပါသည်၊ ထိုသို့ အသည်းခြောက်ပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် သွေးကြောထုံးများ ဖြစ်စေသည် ။
၅ ။ ရောဂါ လက္ခဏာများ ။
- အလွယ်တကူ မောပန်းခြင်း ၊ အားအင်ကုန်ခမ်းခြင်း၊
- နူံးနေခြင်း ၊
- ပျို့ခြင်း ၊ အန်ခြင်း၊
- အစားအသောက်ပျက်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း ၊
- ကာမဆန္ဒများ အားနည်းလာခြင်း ၊
- အသည်းဆဲလ်များပျက်စီး၍ အဆိပ်များထွက်ကာ အသားဝါခြင်း ၊
- ခံနိုင်ရည်စွမ်းအားနည်း၍ မကြာခဏ ဖျားခြင်း ၊
- အလွယ်တကူ ဝမ်းချုပ်ခြင်း၊
- ခန္ဓာကိုယ် အရေပြားများ ယားယံခြင်း ၊
- ဗိုက်အောင့်ခြင်း လေထိုးလေအောင့်ဖြစ်ခြင်း ၊
- ရေဖျဉ်းစွဲခြင်း ၊
- ခြေချင်းဝတ်များ ဖောခြင်း ရောင်ခြင်း ၊
- အဆုတ်အတွင်းရေဝင်၍ မောခြင်း အသက်ရူကြပ်ခြင်း၊
- ဦးဏှောက်အတွင်း အဆိပ်များ ရောက်သွား၍ မှတ်ဉာဏ် အားနည်းလာခြင်း ကယောင်ကတန်းပြောခြင်း ၊သတိလစ်ခြင်း ၊ အလွန်အမင်းအိပ်ခြင်း ၊
- နှာခေါင်းမှ၎င်း သွားဖုံးတို့မှ၎င်း သွေးထွက်လွယ်ခြင်း ၊
- မပြင်းထန်ပါပဲ ထိခိုက်မိရာနေရာများတွင် အလွယ်တကူ သွေးခြေဥခြင်း
- အစာရေမျို နံရံသွေးကြောထုံးများပေါက်၍ သွေးအန်ခြင်း ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲပျစ်ပျစ်များသွားခြင်း ၊
- သွေးကြောအတွင်း ဖိအားများ များလာ၍ရုတ်တရက် လိပ်ခေါင်းဖြစ်ခြင်း ၊
- ခန္ဓာကိုယ်တွင်း ကြွက်သားများဆုံးရူံးသွား၍ ကြုံလှီလာခြင်း ၊
- ဟော်မုန်း အပြောင်းအလဲကြောင့် အမျိုးသမီးများတွင် လစဉ် သွေးပေါ်ခြင်း ဓမ္မတာ မမှန်တော့ခြင်း ၊ ဟော်မုန်း အပြောင်းအလဲကြောင့် အမျိုးသားများ အမျိူးသမီးများကဲ့သို့ ရင်သားစူလာခြင်း ၊ဝှေးစေ့ သေး၍ သိမ်သွားခြင်း ကပ္ပါယ်အိပ် ရောင်ခြင်း ၊
- လက်ဖဝါးများ သွေးအားကောင်းခြင်း မဟုတ်ပါပဲ နီရဲစွာရှိခြင်း ၊
- ခန္ဓာကိုယ် ရင်ဘက်အပေါ်ပိုင်း ပင့်ကူငယ်များကဲ့သို့ သွေးကြောငယ်များပျံ့နှံ့ခြင်း ၊
- နောက်ဆုံးတွင် ၅မှ ၁၀ %ခန့် မှာ အသည်းကင်ဆာ အဖြစ်ပြောင်းလဲသွားခြင်း
တို့ ဖြစ်ပါသည် ။
၆ ။ ကုသရန်နည်းလမ်းများ
( က ) အစာအိမ် မှန်ပြောင်းမှတဆင့် ကုသခြင်း
သွေးကြောပေါက်လျှင် ချက်ခြင်း အစာအိမ်မှန်ပြောင်းကြည့်၍ ထိုမှန်ပြောင်းမှတဆင့် သွေးကြောပေါက်နေသော သွေးကြောထုံးများအား တိုက်ရိုက် အထူးသားရေကွင်းနှင့် ချည်နိုင် သွေးကြောပိတ်နိုင်ပါသည်။
( ခ ) အထူးနှာခေါင်းပိုက်ထည့်၍ ကုသခြင်း
သွေးများအလွန်အမင်းထွက်နေလျှင် အထူးစီမံထားသော အစာအိမ်အတွင်းထည့်ရသည့်ပိုက် Sengstaken Tube , Menninsota Tube အား ၂၄နာရီထည့်ထားပြီး သွေးတိတ်ရန် ကုသရပါမည်၊ရေခဲရေနှင့် သွေးတိတ်ဆေးရော၍ အစာအိမ်ကို ဆေးရပါမည် ။
( ဂ ) ဆေးဝါးများဖြင့် ကုသခြင်း
အသည်းခြောက်ခြင်းအတွက် အသည်းဆေးများ အသည်းအတွင်း သွေးဖိအားကျစေရန်ဆေးများ သွေးတိတ်ဆေးများ အစာအိမ်ဆေးများဖြင့် ကုရပါမည် ၊ အသည်းရောင် ( ဘီ) ပိုးနှင့် ( စီ) ပိုး ပျောက်ကင်းရန် ကုရပါမည် ။
( ဃ ) ခွဲစိတ်ကုသခြင်း
သွေးကြောများ ထိန်းချုပ်မရအောင် အလွန်ပေါက်လျှင် ခွဲစိတ်ကုသရပါမည် ၊ ၎င်း ခွဲစိတ်ခြင်း ( Shunt Operations , TIPSS ) တို့ကပင် ၇၅% အသက်အန္တရာယ် ကြီးလှပါသည် ၊ အသည်းခြောက်ခြင်း အလွန်ဆိုးလျှင်လည်း ကုသမူ့စရိတ်ကြီးလှသော အသည်းအစားထိုးခြင်းတို့ဖြင့် ကုသရပါမည် ။
( င ) အရက်သောက်၍ အသည်းခြောက်ခြင်းဖြစ်မည်ဆိုပါက အရက်အား လုံး ဝ ( လုံးဝ) ဖြတ်၍ ရှောင်ကြဉ်ရပါမည် ။
အသည်းခြောက်၍ ချက်ခြင်း အသက်မဆုံးရူံးသော်လည်း ဖော်ပြပါ အစာရေမျို သွေးကြောပေါက်လျှင် ချက်ချင်းအသက်ဆုံးရူံးနိုင်ပါသည် ၊ အသည်းခြောက်သူများ ကြိုတင်၍သော်၎င်း သွေးကြောထုံးများအား မနာမကျင် ကောင်းမွန်စွာ အိပ်ပျော်နေစဉ် ခွဲစိတ်ရန်မလိုပဲ မှန်ပြောင်းမှတဆင့် သွေးကြောပိတ်ခြင်း အထူး သားရေကွင်းဖြင့် သွေးကြောချည်ခြင်းတို့အား Z & T အစာအိမ်အူလမ်းကြောင်း အထူးကုဆေးခန်း မှ အကောင်းဆုံး စိတ်အချရဆုံး ကုသမှု များပေးနေပါသည် ၊ ( ဖော်ပြပါ မှန်ပြောင်းကြည့် ပုံများမှာ Text Book , Internet ထဲမှမဟုတ် အမှန်တကယ် လူနာများအား သွေးကြောပိတ်ပေးထားသော ပုံများဖြစ်ပါသည် ။ )
Credit : Dr Moe Myat Aung
