ခါကာဘိုရာဇီလို့ ပြောလိုက်ရင် အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်တစ်တောင်ဆိုတာ လူတော်တော်များသိမယ် ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်း တိဗက်-မြန်မာ နယ်စပ်အနီးတွင် တည်ရှိနေပါတယ်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျှက်ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်ပါတယ်။ အမြင့်ပေ ၁၉,၂၉၆ ရှိတယ်ဆိုပေမယ့် အချို့သော မှတ်တမ်းများများမှာတော့ ၁၉,၃၁၄ ပေ မြင့်တယ်လို့ မှတ်ထားတာတွေ တွေ့ရပါတယ်။ မြောက်လတ္တီတွဒ် ၂၈°၁၈’ အရှေ့လောင်ဂျီတွဒ် ၉၇°၃၂’ အကြားတွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိတဲ့ တောင်လည်းဖြစ်ပါတယ်။ တိဗက်နဲ့ မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားတဲ့ တောင်တန်းဖြစ်ပါတယ်။ တိဗက်နယ်စပ်နဲ့ နှစ်မိုင်ခန့်သာ ဝေးပြီးတော့ မချမ်းဘောမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိနေပါတယ်။
ခါခါဘိုရာဇီ ဆိုတဲ့ နာမည်ဟာဆိုရင် မြန်မာများ ခေါ်ဆိုတဲ့ နာမည်မဟုတ်ပါဘူး တိဗက်လိုခေါ်တဲ့အမည် ဖြစ်ပါတယ်။ တိဗက်ဘာသာစကားအရ ခါ ဆိုသည်မှာ နှင်း ဖြစ်ပြီး ခါဘို ဆိုသည်မှာ အဖြူဟု အဓိပ္ပါယ် ရှိတယ်လို့ ဆိုပါတယ်။
ခါကာဘိုရာဇီ ဆိုသည်မှာ ကချင်ပြည်နယ်ရှိ ရဝမ်လူမျိုးများရဲ့ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံများထွက်ခြင်း၊ ပြောခြင်း ရာဇီ ဆီသည်မှာ တောင် ဟု အဓိပ္ပာယ်ရပြီး အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရတယ်လို့ ဆိုကြပါတယ်။
ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးတယ်။
၁၉၂၃ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ တစ်ဖွဲ့ ပူတာအိုမြို့ မြောက်ပိုင်းသို့ လုပ်ငန်းသဘောအရ ရောက်ရှိခဲ့ပြီး ခါကာဘိုရာ ဇီတောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ခါကာဘိုရာဇီ တောင် ကြော တစ်လျှောက် ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွ စသော အပင်များကို တွေ့ရပြီး ထိုဒေသရေခဲပြင် အောက် တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရပါတယ်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာ ဘိုရာဇီတောင်၌ တွေ့ရပါတယ်။ ခါကာဘိုရာဇီ တောင်ကြော တစ်လျှောက်တွင် တိဗက်လူမျိုးများအပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင်ကြပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ မြန်မာလူမျိုးများ ပါဝင်တဲ့ တောင်တက်အဖွဲ့ဟာဆိုရင် မြောက်ဘက်မျက်နှာမှ တောင်ပေါ်သို့တက်လို့ရရန်အတွက် လမ်းကြောင်းသစ်ကို ရှာဖွေခဲ့ပြီး အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံမင်းသူတို့ နှစ်ဦးကတော့ ဩဂုတ် ၃၁ ရက်နေ့မှာ ဒုတိယအဆင့်ကိုထပ်မံတက်သည့်အခါမှာတော့ တောင်ထိပ်သို့ ရောက်ရှိပြီး၊ အလံ၊ နာမည်ပါ စာတမ်းနှင့် ဘုရားပုံတို့ကို ထားခဲ့ပါတယ်။ ( တောင်တက်သူများသည် တောင်ထိပ်သို့ ရောက်ပြီးနောက် ရေဒီယိုအားကုန်သွားရာ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားသည်။ အောက်ဘက် စခန်းသို့ ပြန်မဆင်းနိုင်သော်၊ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ရသည်။ပျောက်ဆုံးနေသော တောင်တက်သူများကို ရှာဖွေရေးသည် အောက်တိုဘာလအထိ ပြုလုပ်နေဆဲ ဖြစ်သည်။ ဟယ်လီကော့ပတာလည်း ပျက်ကျပြီး၊ ပိုင်းလော့ တဦး သေဆုံးကာ၊ ကျန်ပိုင်းလော့နှင့် ခရီးသည် တောင်တက်သူတို့မှာ ရှင်သန်ရေးအတွက် ၁၁ ရက်တာ ကြိုးစားခဲ့ရသည်။)
နိုဝင်ဘာ ၂၀၁၄ ခုနှစ် ၊ National Geographic Society/ The North Face သည် ဂမ်လန်ရာဇီတောင်တက်အဖွဲ့ သုံးခဲ့ပြီး အလားတူ ကိရိယာကို အသုံးပြုကာ ခါကာဘိုရာဇီရဲ့ အမြင့်ကို တိုင်းတာရန် အဖွဲ့တဖွဲ့ကို ထောက်ပံ့ စေလွှတ်ခဲ့ပါတယ်။ ၂၀၁၄ အုပ်စုကို ဟီလရီး အိုနေး ဦးဆောင်ကာ၊ မတ် ဒေးဗစ် ဂျင်ကင်း၊ ကိုရီ ရစ်ချတ်၊ ရီနန် အော့တာ့၊ အမ္မလီ ဟာရင်းတန်နှင့် တေလာ ရီးတို့ ပါဝင်ခဲ့ပါတယ်။ ၇ နိုဝင်ဘာ ၂၀၁၄ မှာတော့ ဂျင်ကင်း၊ ရစ်ချတ်နှင့် အော့တာ့ တို့ နောက်ဆုံးအကြိမ် တောင်ထိပ် တက်ရန် ကြိုးစားသော်လည်း အမြင့်မီတာ ၅၇၄၂ (၁၈၈၄၉ ပေ)ဝယ် ပြန်ဆင်းလာခဲ့ရတယ်လို့ ဆိုပါတယ်။ တောင်ထိပ်ရောက်ရန်အတွက် နောက်ထပ် အမြင့်ပေ ၈၀၀ ( ၂၄၀ မီတာ) လောက်ဝယ် တည်ရှိလိမ့်မည်ဟု သူတို့က တွက်ချက်ခဲ့တယ်လို့ ဆိုပါတယ်။ချစ်မိတ်ဆွေတို့လည်း ဗဟုသုတရမယ့်အကြောင်းအရာလေးတွေကို ဖတ်ရှုရလို့ စိတ်ချမ်းမြေ့စရာလေးတွေ အနည်းငယ်ရစေမယ်လို့ မျှော်လင့်မိတယ်ရှင်။