နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ
Sleep inertia ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အတိအကျတော့ မပြောနိုင်သေးပါဘူး။ သီအိုရီတွေကတော့ ဒါက ခန္ဓာကိုယ်ရဲ့ အကာအကွယ်ဖြစ်စဉ်တစ်ခုပါတဲ့။ ဆိုလိုတာက အိပ်ရာကနေ ရုတ်တရက် နိုးလာပြီး ပြန်အိပ်အောင် ငြီးစီစီ ဖြစ်ခိုင်းထားတဲ့ သဘောပါပဲ။Sleep inertia နဲ့ ပတ်သက်ပြီး တခြားသီအိုရီတွေလည်း ရှိပါသေးတယ်။ ဒီထဲက တချို့ကတော့
- ဦးနှောက်ထဲမှာ ဒယ်တာလှိုင်း (Delta waves)တွေ များနေတာ
- ဦးနှောက်ကို သွေးစီးဆင်းမှု မကောင်းတာ
နိုးခါစအချိန်မှာ ဦးနှောက်ထဲ သွေးအရောက်နည်းနေသေးတာကြောင့် နိုးနိုးချင်းမှာ ခေါင်းမကြည်တာ ဖြစ်နိုင်ပါတယ်။
- ဦးနှောက်က အလုပ်ပြန်လုပ်ဖို့ နှေးနေတာ
အာရုံစိုက်ရတဲ့ အလုပ်တွေ လုပ်ရတဲ့ ဦးနှောက်အရှေ့ပိုင်းလို နေရာမျိုးက နိုးလာပြီးရင် ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်ယူရတာကြောင့်ပါ။
- Adenosine ပမာဏများနေတာ
Adenosine ဆိုတာ အိပ်စက်ခြင်းနဲ့ နိုးထခြင်းအတွက် လိုအပ်တဲ့ nucleic acidပါ။ နိုးလာပြီဆိုရင် ဦးနှောက်ထဲက Adenosine ပမာဏက ကျသွားမှ လူကလန်းမှာပါ။ ကိုယ်က အိပ်ရေးပျက်ထားလို့ Adenosine ပမာဏတွေ များနေတယ်ဆိုရင်တော့ Sleep inertia ဖြစ်နိုင်ခြေ များပါတယ်။
နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာကို ဖြစ်တတ်တဲ့သူတွေကတော့
- ညဆိုင်းဆင်းထားတဲ့သူတွေ
- အိပ်ရေးပျက်တဲ့သူတွေ
- အိပ်စက်ခြင်းပြဿနာတစ်ခုခု ရှိသူတွေ (ဥပမာ ဟောက်တာ၊ အိပ်နေတုန်း အသက်ရှူရပ်ရပ်သွားတတ်သူတွေ၊ အိပ်မပျော်တဲ့သူတွေ)
- စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
Sleep inertiaကြောင့် ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ
နေ့ခင်းဘက် အိပ်ပြီး ထလာတဲ့အခါ ခေါင်းမကြည်တာအပြင် လူက
- ထိုင်းမှိုင်းနေတာ
- တစ်ခုခု ပြောဖို့၊ လုပ်ဖို့ အရှိန်ယူနေရတာ
- သူများက တစ်ခုခု ပြောရင် ပြန်တုံ့ပြန်ဖို့ ကြာနေတာ
- ဦးနှောက်က အလုပ်လုပ်တာ နှေးနေတာ
- ခုပြော ခုမေ့ဖြစ်တာ
- ပြန်အိပ်ချင်တာ
- အာရုံစိုက်ရခက်တာ
- ခေါင်းကိုက်တာ
- တချို့သူတွေမှာ နေမကောင်းချင်သလို ဖြစ်တာတွေ ခံစားရတတ်ပါတယ်။
နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ကို ဘယ်လိုဖြေရှင်းမလဲ
- နေ့ခင်းဘက်ကို အချိန်အကြာကြီး မအိပ်ပါနဲ့။
နေ့ခင်းဘက်မှာ အချိန်ဘယ်လောက်ကြာကြာအိပ်သလဲဆိုတာက နိုးလာတဲ့အခါ ငြီးစီစီ ဖြစ်မဖြစ်ဆိုတာနဲ့ ဆိုင်ပါတယ်။ လူတွေက အိပ်ပြီးရင် အဆင့်ဆင့်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့်အထိ ရောက်တတ်တော့ အဲ့အဆင့်အထိ ရောက်ပြီးမှ အတင်းပြန်ထရရင် လူက လေးလေးကြီး ဖြစ်နေမှာပါ။ဒီတော့ နေ့လယ်ခင်းမှာ တရေးတမော အိပ်မယ်ဆို မိနစ် ၂၀လောက်ပဲ အိပ်ပါ။ မိနစ် ၂၀လောက်ဆိုရင် အိပ်ပြီး ပြန်ထရင်တောင် လန်းလန်းဆန်းဆန်း ဖြစ်နေမှာပါ။
- မျက်နှာသစ်ပါ။
- အလင်းရောင်ရှိတဲ့နေရာမှာနေပါ။
အိပ်ရာက နိုးလာပြီးရင် အလင်းရောင်ရှိတဲ့နေရာမှာ နေပါ။ နေရောင်ရတဲ့နေရာမှာ နေတာပဲဖြစ်ဖြစ်၊ မီးအလင်းရောင်ရတဲ့နေရာမှာ နေတာပဲဖြစ်ဖြစ် လူကို ခေါင်းကြည်စေပြီး အိပ်ချင်မူးတူးဖြစ်တာကို သက်သာစေမှာပါ။
- ကဖင်းပါတာ တစ်ခုခုသောက်ပါ။
အလွယ်ဆုံးကတော့ ကော်ဖီပေါ့။ ကော်ဖီသောက်ရင် လန်းတယ်ဆိုတာ သိထားပြီးသားပါ။ နိုးလာရင် ကဖင်း ၁၀၀ မီလီဂရမ် (ကော်ဖီခွက် တစ်ခွက်စာ)လောက် သောက်လိုက်တာက ခေါင်းကြည်စေမှာပါ။
Coffee nap ဆိုတာလည်း လုပ်ကြည့်လို့ ရပါတယ်။ ဒါကတော့ နေ့ခင်းဘက် မမှေးခင် သောက်တာပါ။ တရေးတမော မအိပ်ခင် မိနစ် ၂၀၊ နာရီဝက်အလိုမှာ သောက်ပြီး အိပ်လိုက်တာပါ။ ကော်ဖီက အာနိသင်ပြဖို့ နာရီဝက်လောက် ကြာတာဆိုတော့ သောက်ပြီး အိပ်လိုက်ရင် နောက်နာရီဝက်ကြာတာနဲ့ ပြန်နိုးလာမှာပါ။ ဒီတော့ အချိန်ကြာကြာ မအိပ်ဖြစ်တော့ဘူးပေါ့။
သတိထားရမှာက ကော်ဖီရဲ့ အာနိသင်က ၈နာရီလောက် ခံတာဆိုတော့ ညအိပ်ချိန်နဲ့ တစ်ချက် ပြန်ညှိဖို့ လိုပါတယ်။ မဟုတ်ရင် ညဘက်တွေပါ အိပ်မပျော်ဘဲ ဖြစ်နေနိုင်ပါတယ်။
နေ့ခင်းဘက်တွေ အိပ်ပြီး ခေါင်းမကြည်တာ ဖြစ်တတ်တယ်ဆိုပေမယ့် လူကို နေလို့ မကောင်းစေတာကြောင့် ဒီနည်းတွေ သုံးပြီး ဖြေရှင်းကြည့်လို့ရပါတယ်။