အခုခေတ်ကာလနဲ့ အခုလို ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေတွေကြောင့် လူတော်တော်များများဟာ စိတ်ပိုင်းဆိုင်ရာမှာ မွန်းကြပ် ချောင်ပိတ်မိနေကြတာမျိုးတွေ ကြုံတွေ့ခံစားနေကြရလောက်ပါတယ်။
ဒီလိုချောင်ပိတ်နေတဲ့အခါ ကိုယ်ဟာ ထွက်ပေါက်အမှန်ရှာမတွေ့ဘဲ နေ့တဒူဝလုပ်ဆောင်နေရတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ မပျော်ရွှင်တော့တာ၊ ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်မရှိတော့သလိုခံစားရတာ၊ အနာဂတ်မဲ့သလိုခံစားရတာမျိုးနဲ့ ထွက်ပေါက်အမှားရှာမိရင်း မလိုအပ်တဲ့ပြသာနာတွေကို တွေ့ကြုံရခြင်းကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်။
ချောင်ပိတ်မိနေခြင်းမှာ ယေဘုယျအားဖြင့် နှစ်မျိူးရှိတတ်ကြပါတယ်။
(၁) ဘာမှမလုပ်နိုင်ပဲ ချောင်ပိတ်မိနေခြင်းနဲ့
(၂) တာ၀န်များကြား ချောင်ပိတ်မိနေခြင်း တို့ပါ။
နံပါတ် (၁) အမျိုးအစားကတော့ အများအားဖြင့် လူငယ်လူလတ်ပိုင်းတွေမှာ အဖြစ်များမှာပါ။
စွန့်လွှတ်စွန့်စားနိုင်တဲ့စိတ်ရှိသူတွေက နိုင်ငံအတွက် ရေကုန်ရေခမ်း ကြိုးစားပါ၀င်ကြပါတယ်။ ဒါဟာ သူတို့အတွက် စိတ်ထွက်ပေါက်ကို သူတို့ရွေးချယ်လိုက်ခြင်းပါ။ မျှော်လင့်ချက်ကို တိုက်ရိုက်အကောင်အထည်ဖော်ခြင်းနဲ့ စိတ်ထွက်ပေါက်ကို ရွေးချယ်လိုက်တဲ့သဘောပါ။ လူတိုင်းဟာ ဒီလိုမလုပ်နိုင်ကြပါဘူး။ ဒီလိုမလုပ်နိုင်ခြင်းဟာ သဘာဝကျကျအားဖြင့် အပြစ်လည်းမဟုတ်ပါဘူး။ သို့သော်လည်း ယခုလိုစိတ်ထွက်ပေါက်ကို မရွေးချယ်နိုင်တဲ့သူများကတော့ အလုပ်အကိုင်အဆင်မပြေမှု ၊ ပညာရေးအဆင်မပြေမှုတွေ ကြားမှာမှ နိုင်ငံအတွက်လည်း ဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ ချောင်ပိတ်မိခြင်းကို ခံစားရကြတတ်ပါတယ်။ အဲ့ဒီအခါ သာမန်စိတ်ထွက်ပေါက်တွေဟာ ကုစားဖို့အတွက်၊ ရှေ့ဆက်ဖို့အတွက် ဆေးမတိုးတော့ဘဲ ရေရှည်ခံစားလာရပြီး စိတ်ကျခြင်းထိ ရောက်သွားနိင်ပါတယ်။ ဒါကြောင့် ဒီကာလအတွက် အသုံးဝင်မဲ့ healing tips လေးတွေကို အကြုံပြုလိုက်ပါတယ်။
Social Media ကိုကောင်းစွာအသုံးချပါ။
– လူငယ်တိုင်း social mediaနဲ့မကင်းတတ်ကြပါဘူး။ Social Mediaဟာ အရာရာတိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ platform တစ်ခုဖြစ်လာတဲ့အတွက် ကောင်းခြင်းဆိုးခြင်း အကုန်ရရှိနိုင်ပါတယ်။ ဒါကို လူငယ်တွေအနေနဲ့ ကောင်းမွန်စွာ အသုံးချတတ်မယ်ဆိုရင် စိတ်ထွက်ပေါက်ဟာ မှန်ကန်စွာတွေ့နိုင်ပါတယ်။ ဥပမာ ကိုယ်ဟာ fundingပိုင်းကိုကူမလား၊ informationပိုင်းကို ကူမလား ဒါတွေအကုန် social mediaကိုအသုံးချပြီး ကူလို့ရပါတယ်။ Learningတွေ လုပ်မယ်ဆိုရင်လည်း social mediaကနေ အများကြီးလုပ်လို့ရပါတယ်။ entertainment အတွက်ပဲ သုံးဦးမလား သုံးလို့ရပါတယ်။ သို့သော် toxicကင်းဖို့အတွက်တော့လိုအပ်ပါတယ်။ ဒီကာလမှာ ဝါဒအမျိူးမျိူး၊ လော်ဘီအမျိူးမျိူးကြားမှာ မှူန်ဝါးသွားစေနိုင်တဲ့ အရာတွေ ကို social media အပေါ်မှာ ဖြန့်ဖြူးနေကြပါတယ်။
ရှာဖွေပါ။
– ဘာမှမလုပ်နိုင်ခြင်းတွေထဲမှာ ပိတ်မိနေခြင်းရဲ့ ထွက်ပေါက်ဟာ ရှာဖွေခြင်းပါပဲ။ ကိုယ်ဘာတတ်နိုင်မလဲ ၊ ဘာကိုလုပ်နိုင်မလဲ ဆိုတာကို ရှာဖွေပါ။ ကိုယ့်ကိုပျော်ရွှင်စေမဲ့အရာမဟုတ်သေးရင်တောင် မပျော်မရွှင်ဖြစ်နေခြင်းကို အရင်ဖျက်စီးဖို့ ကိုယ်လုပ်နိုင်မဲ့အရာကို ရှာဖွေပါ။ကိုယ့်ရဲ့ရပ်တည်ချက်ကို ရွေးချယ်ပါ။ ဓမ္မလား အဓမ္မလား။ ဓမ္မကို ရွေးချယ်ပြီးရင်လည်း အဲ့ဒီ ဓမ္မကို ဘယ်လိုနည်းနဲ့ ပြုမှာလဲ၊ ကိုယ်ဘယ်လောက်ထိ လှမ်းနိုင်မလဲကို ချင့်ချိန်ပါ ။ ကိုယ်လှမ်းနိုင်သလောက်ကို လှမ်းပါ။ ကိုယ့်လှမ်းနိုင်သလောက်လှမ်းပြီးရင် ကိုယ့်ကိုကိုယ် ချီးကျူးပေးပါ။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပါ။
လက်ရှိကိုသာ တွေးပါ။
– ချောင်ပိတ်မိနေခြင်းဟာ အရှေ့ဆက်သွားမရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ကြပ်တည်းခြင်းတစ်မျိုးပါ။ ဒီလိုဆက်ပီး ကိုယ့်စိတ်ကိုယ် ပိတ်ထားမိမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိကိုသာ တွေးတောပြီး အကောင်းဆုံးဖြစ်နိုင်ခြေအတွက် ကြိုးစားရှင်သန်ပါ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာလာတဲ့အခါ ပိတ်မိနေခြင်းကနေ တွန်းကန်ထွက်သွားလို့ရနိုင်ပါလိမ့်မယ်။ ဒါကြောင့် စိတ်ကို အရင် ကြံ့ခိုင်အောင်လုပ်ဖို့ အတွက် လက်ရှိအခြေအနေမှာသာ နေထိုင်ပြီး မိမိလုပ်နိုင်တာကို ကြိုးစားလုပ်ဖို့အကြံပေးရတာပါ။
လုပ်နိုင်သလောက်ကို ကျေနပ်ပါ။
မှောင်မည်းတဲ့ကမ္ဘာထဲကို ရောက်နေတဲ့အခါ ဖယောင်းတိုင်တစ်ချောင်းနဲ့ ကျေနပ်သင့်ရင် ကျေနပ်နိုင်ရပါမယ်။ လျှပ်စစ်မီးကို စောင့်မျှော်နေခြင်းက ကိုယ့်ကိုယ်ကိုညှင်းဆဲခြင်းသာ ဖြစ်နေပါလိမ့်မယ်။ တောထွက်နိုင်ရင် တောထွက်ပါ၊ fundingအတွက် click နိုင်ရင် clickပါ၊ လှူနိုင်ရင် လှူပါ၊ ဓမ္မ မဟုတ်ရင်တောင် အဓမ္မမဖြစ်နေသ၍ ကိုယ်လုပ်နိုင်တာကို လုပ်နေသ၍ ကျေနပ်နှစ်သိမ့်ရမယ့် အနေအထားမျိူးမှာရှိနေတတ်ပါတယ်။ ဒါကိုလည်း လက်ခံပါ။ ကိုယ့်ကိုကိုယ်လည်း အသိအမှတ်ပြုပေးပါ။
ချစ်ပါ။
– ဟုတ်ပါတယ် ချစ်ပါ။ ကိုယ့်ကိုကိုယ် ချစ်ပါ။ မိသားစုကို ချစ်ပါ။ လက်တွဲဖော်ကိုချစ်ပါ။ နိုင်ငံကိုချစ်ပါ။ ဘာလို့လဲဆိုရင် အချစ်ဟာ အကောင်းဆုံး စိတ်ဖြေဆေးတစ်ခုဖြစ်နေလို့ မလို့ပါပဲ။ အချစ်ဟာ ချောင်ပိတ်မိနေတဲ့ သင်တို့ရဲ့ စိတ်အခန်းကျဉ်းလေးကို အလင်းရောင်တွေ ထွန်းလင်းပေးပီး သာယာလှပတဲ့ ရာသီဥတုတစ်ခု ဖန်တီးပေးနိုင်ပါတယ်။
– ဒီအပေါ်က အချက်လေး တွေဟာ လူငယ်တိုင်းရဲ့ ချောင်ပိတ်မိနေခြင်းကနေ healing လုပ်ဖို့အတွက် အကူအညီဖြစ်စေဖို့မျော်လင့်ပါတယ်။
အခုကတော့ နောက်ထပ် နံပါတ်(၂)အမျိုးအစားဖြစ်တဲ့ တာဝန်ဝတ္တရားများကြား ချောင်ပိတ်မိခြင်းအကြောင်းကို ဆက်ပြောကြတာပေါ့နော့။
ဒီအမျိုးအစားဟာ မိသားစုကိုဦးဆောင်နေရတဲ့ လူကြီးမိဘတွေ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို ဦးဆောင်နေရတဲ့ လူကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိကြပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ အောက်ခြေသာမန်လူတန်းစားတွေမှာ ပိုမိုခံစားရတတ်ပါဝာယ်။ အကြပ်အတည်းတွေဟာ ယခုလက်ရှိအခြေအနေနဲ့သက်ဆိုင်ပြီးတော့ ဆက်လက်ပြီး အများအပြားဖြစ်ပေါ်နေဦးမှာ အသေချာပါပဲ။ ဦးဆောင်သူ လူကြီးပိုင်းအသက်အရွယ်များဟာ ငွေကြေးစီးပွားရေး ၊ စား၀တ်နေရေး ၊ ကိုယ့်လက်အောက်ငယ်သား၊ သားသမီးတို့အတွက် ဘယ်လိုထိန်းကြောင်းရမယ် ၊ ဘယ်လိုအနာဂတ်လမ်းကြောင်းကို ပံ့ပိုးမှုပြုရမယ် ဆိုတဲ့ တာ၀န်၀တ္တရားတွေကြားမှာ ချောင်ပိတ်မိနေကြတဲ့သူတွေပေါ့။ သူတို့သည်လည်းပဲ လူငယ်များနည်းတူ ပူပင်မှုနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေကြရမှာကို လူငယ်တွေအနေနဲ့ မေ့လျော့မထားသင့်ပါဘူး ။ သူတို့အတွက် ယခုဝေမျှပေးမဲ့ နည်းလမ်းဟာ အသက်သာဆုံးကုထုံးဖြစ်မယ်လို့ စိတ်ပိုင်းဆိုင်ရာအမြင်ရ အဆိုပြုပါတယ်။
စိတ်ကို ဖွင့်ပြခြင်း ။
– ကိုယ့်ရဲ့စိတ်ကို ပိတ်မထားဘဲ ဖွင့်ထုတ်ခြင်းကနေ စိတ်ထွက်ပေါက် တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့အခက်အခဲ၊ ပူပင်မှူတွေကို ကိုယ့်လက်အောက်ငယ်သား၊ သားသမီးတို့ထံ ပွင့်လင်းစွာ ဝေမျှပါ။ သူတို့ရဲ့ ခံစားချက်ကိုလည်း နားထောင်ပေးပါ။ အကြံဉာဏ်များကို တောင်းခံပါ။ လူကြီးလူငယ် မျှတတဲ့ အပေးအယူ၊ ညီညွတ်တဲ့ အကြံဉာဏ်တွေနဲ့သာ ဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် လူကြီးများအနေနဲ့ မာကျောချင် ယောင်ဆောင်ခြင်းကြောင့် ချောင်ပိတ်မိနေခြင်းကို လွတ်မြောက်ဖို့အတွက် စိတ်ကို ဖွင့်လှစ်လိုက်ပြီး ကိုယ့်သားသမီးတွေ၊ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းဟာ အကောင်းဆုံးထွက်ပေါက်တစ်ခု ဖြစ်ပါတယ်။
နိဂုံးချူပ်အနေနဲ့ ဒီကာလ ဒီအရေးမှာ စိတ်ပိုင်းဆိုင်ရာ ကြပ်တည်းချောင်ပိတ်မိနေသူတို့အနေနဲ့ ကိုယ့်ထွက်ပေါက်ကို ရှာဖွေတဲ့နေရာမှာ ထွက်ပေါက်အမှားတွေကို မဖွင့်မိ မ၀င်မိကြဖို့လိုအပ်ပါတယ်။
ဓမ္မဘက်မှာ နေထိုင်ဖို့ ကြပ်တည်းရင်း အဓမ္မဘက်ကို ရောက်မသွားကြဖို့ရာ မိမိကိုယ်ကို စောင့်ထိန်းရင်း နဲ့ ပတ်၀န်းကျင်ကိုလည်း ကူညီဖေးမခြင်းဟာ ဒီခေတ်ကာလအနေအထားမှာ လုပ်ရမဲ့ ကောင်းမှုကုသိုလ်ပါပဲ။
လူငယ်များ ဘာမှမလုပ်နိုင်ခြင်းကို မစွဲကပ်စေဖို့ နဲ့ လူကြီးများ တာ၀န်၀တ္တရားကြားမှာ မပိတ်မိစေဖို့ ထွက်ပေါက်အမှန်များကို ရှာဖွေတတ်ကြဖို့ မျော်လင့်ရင်း အကြုံပြုချက်တချို့ကို အပြုသဘောဆောင် အဆိုပြုခဲ့ပါတယ်။ ထိရောက်အသုံး၀င်စေဖို့ မျော်လင့်ရင်း ဆက်ပီးတော့လည်းHug Myanmar မှာ သင်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေ စောင့်မျှော် ဖတ်ရှုပေးပါအုံးရှင်…
