



မင်္ဂလာပါချစ်တို့ရေ။ ဒီနေ့တော့ ဗဟုသုတလည်းဖြစ်၊ ဖက်ရှင်အကြောင်းလည်း ထဲထဲဝင်ဝင် ပိုသိစေဖို့ နိုင်ငံမှာသာမက ဒီနိုင်ငံမှာပါ ရေပန်းစားနေတာ တော်တော်လေး ကြာပြီဖြစ်တဲ့ Bohemian ဖက်ရှင်စတိုင်လ် အကြောင်းလေး ပြောချင်ပါတယ်။ ပျိုမေတွေ တော်တော်များများဟာ ဒီဖက်ရှင်ကို ဘာမှန်းမသိခင် ကတည်းက တော်တော်မိုက်တဲ့ ဖက်ရှင်ဆိုပြီး စိတ်ဝင်တစား ဝတ်ဆင်နေခဲ့ကြတာပါ။ နိုင်ငံတကာက ဖက်ရှင်ပုံတွေ၊ အနုပညာရှင်ပုံတွေ ကြည့်ပြီးတော့လည်း ကိုယ်တိုင်လိုက်ဝတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုယ်ဝတ်နေတဲ့ Boho ၊ Bohemian ဖက်ရှင်အကြောင်းလေး သေချာသိထားပြီး ဝတ်မယ်ဆိုရင် အခြားသူတွေမေးတဲ့အခါမှာလည်း ကိုယ့်အနေနဲ့ သေချာရှင်းပြနိုင်တာပေါ့နော်။
Bohemian စတိုင်လ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀လောက်ကတည်းက ရှိနေခဲ့တာပါ။ အဲ့ဒီခေတ်တွေကတည်းက အခြားဖက်ရှင်စတိုင်လ်တွေနဲ့ သွေဖယ်ပြီးကွဲထွက်ထင်ရှားနေခဲ့တဲ့ ဒီ Bohemian ဖက်ရှင်စတိုင်လ်ဟာဆိုရင် အနုပညာရှင်တွေ၊ အထူးသဖြင့် ပန်းချီဆရာ၊ စာရေးဆရာတွေ စတင် ဝတ်ဆင်ရာကနေ ပေါ်ပြူလာဖြစ်လာတဲ့ ဖက်ရှင်တစ်မျိုးပါ။ Bohemian ဓလေ့ယဉ်ကျေးမှုကနေ ဆင်းသက်လာတာမို့ အဲ့ဒီဖက်ရှင်စတိုင်လ်ကိုကြည့်လိုက်ရင် သမိုင်းဝင် ဝတ်စုံတစ်ခုပုံစံဖြစ်နေခဲ့တာ ယနေ့အထိပါပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက bohemian ဖက်ရှင်နဲ့ ခု bohemian ဖက်ရှင်ဆိုရင် ပြောင်းလဲဆန်းသစ်လာတာလေးတွေ အနည်းအကျဉ်းတော့ ရှိလာခဲ့တာပေါ့နော်။ ဒါကိုတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။
– Bohemian စတိုင်လ်ဆိုတာ ဘာများလဲ???????
သူ့မှာ လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ ကာလာစုံအဝတ်အစားတွေ ပေါင်းစပ်ထားခြင်းပါပဲ။ ဒါတင်မကသေးပါဘူး။ အတည်တကျမနေထိုင်သူတွေ ဝတ်လေ့ရှိတဲ့ hippie စတိုင်လ်ကိုလည်း ဒီ bohemian စတိုင်လ်မှာ ပေါင်းစပ်ပျော်ဝင်နေ တာ တွေ့နိုင်ပါသေးတယ်။ အခြားဖက်ရှင်တွေနဲ့ယှဉ်လိုက်ရင် bohemian ဖက်ရှင်တွေက အမြဲထင်ရှားနေရခြင်း အကြောင်းကတော့ ရှည်လျားပြီး ကျောလယ်လောက်ထိရှည်တဲ့ ဆံပင်တွေကို ပိတ်ကြိုးတစ်ခုခု၊ ခေါင်းပတ်တစ်ခုခုနဲ့ ပတ်ချည်ထားတဲ့ ပျိုမေဟာ ခုနပြောသလို သူတို့ရဲ့ ဓလေ့၊ ယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့ အရောင်စုံအဝတ်အစား ပွပွ လွင့်လွင့်လေးတွေကို ဝတ်ဆင်ထားတာကြောင့်ပါပဲ။ တကယ်တော့ Bohemain စတိုင်လ်ဆိုတော့ အထူးတလည် ရှာဖွေတွဲစပ် ဝတ်ဆင်နေစရာမလိုပဲ အဆင်ပြေသလို တွဲစပ်ဝတ်ဆင်ထားတဲ့ စတိုင်လ်မျိုးတွေဆို ပိုမှန်ပါလိမ့မယ်။ အဲ့ဒီခေတ်တုန်းက အနုပညာရှင်တွေနဲ့ Bohemian ဖက်ရှင်ဘယ်လောက်ခေတ်စားခဲ့သလဲဆိုရင် အနုပညာရှင်(စာရေးဆရာ၊ ပန်းချီဆရာ) မှန်ရင် အဲ့ဒီလိုပုံမျိုး ဝတ်စားကြတယ်လို့တောင် ပြောစမှတ်တွင်တဲ့အထိပါပဲ။
၁၈၃၀ခုနှစ်လောက်မှာတော့ ပြင်သစ် bohemianဖက်ရှင်စတိုင်လ်တွေ ခေတ်စားလာခဲ့ပြီး ဖက်ရှင်ချစ်သူလူအများကြားမှာ bohemian ဖက်ရှင်စတိုင်လ်ရယ်လို့ စတင်ဝတ်ဆင်လာကြပါပြီ။ အဲ့ဒီနောက်ပိုင်း Bohemian ဖက်ရှင်ကို အရင်လို ဖရိုဖရဲဒီဇိုင်းမျိုး မဟုတ်တော့ပဲ အစီအစဉ်တကျဝတ်ဆင်လာကြပေမယ့် Bohemian ဖက်ရှင်ဆိုတာ ဘာလဲဆိုတာကို သွေဖယ်မသွားအောင်တော့ ထိန်းသိမ်းဝတ်ဆင်နေကြဆဲပါ။ အဓိကကတော့ Bohemian ဖက်ရှင်ဟာ လွတ်လပ်မှုရှိကိုရှိရပါမယ်။ Bohemian ဖက်ရှင်ဟာ အနုပညာကို ကိုယ်စားပြုထားတဲ့ အဝတ်အစားသာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းကို လုံးဝကိုယ်စားမပြုပါဘူး။
၁၉ရာစုရောက်တဲ့အခါမှာလည်း Bohemian ဖက်ရှင်ဟာ ဆင့်ကဲပြောင်းလဲလာတာမျိုးရှိပေမယ့် နစ်မြုပ်မသွားပဲ ပိုတိုးလို့တောင် ဖက်ရှင်ချစ်သူတွေကြား ရေပန်းစားလာခဲ့တာပါ။ အဲ့ဒီမှာ ဘာကိုတွေ့လာရသလဲ ဆိုတော့ ပျော့ပျောင်းနူးညံ့တဲ့ ချည်ထည်တွေကို ကာလာရောင်အဆန်းတွေဆိုးထားမယ်၊ အဲ့ဒါကို လက်ချုပ်လိုက်ပြီး ချုပ်ဝတ်တာမျိုးတွေ ခေတ်စားလာတယ်ဆိုတာပါပဲ။ တအားကြီးသပ်ရပ်နေလွန်းရင် Bohemian ဖက်ရှင်မဟုတ်တော့ပါဘူး။
Bohemian စတိုင်လ်ကို ခုနောက်ပိုင်းတော့ Boho ဆိုပြီး ခေါ်ဝေါ်လာကြပါပြီ။ ဒီတော့ Bohemian ဖက်ရှင်ကို ဘယ်လိုတွေ ဝတ်ဆင်လာကြသလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။
– ချည်သား နဲ့ချုပ်လုပ်ထားတဲ့ လျော့တိလျော့ရဲ၊ ပေါ့ပေါ့ပါးပါး အကျီအဝတ်အစားတွေ
– ဆံပင်ခွေခွေ ကောက်ကောက်လေးတွေကို ဖားလျားချထားတာမျိုး
– အဲ့ဒီဆံပင်တွေမှာ ကျစ်ကြိုး၊ အဝတ်အစ စတာတွေနဲ့ ခေါင်းပတ်ချည်အလှဆင်ထားတာမျိုး
– လည်ပင်းတွေမှာ scarf တွေကို တစ်ခုတည်းမဟုတ်ပဲကာလာစုံ ပတ်ချည်ထားတာမျိုး
– ချည်သားမဟုတ်ရင်တောင် အသားအိအိ ပျော့ပျော့တွေကို အောက်ဘက်က ကားကား၊ လက်ကအပွဒီဇိုင်းမျိုး ချုပ်ပြီး အောက်က ဘောင်းဘီပွပွ၊ boot ဖိနပ် ဒါမှမဟုတ် ကြိုးအသိုင်းအရှုပ်ဖိနပ်ပါးလေးတွေနဲ့ တွဲစီးတာမျိုး
– ကြိုးတွေသိုင်းရှုပ်နေတဲ့အကျီဒီဇိုင်း၊ ကီမိုနိုတွေ၊ ပါရှား၊ အိန္ဒိယ၊ တူရကီနဲ့ တရုတ်ဘက်က ပိတ်စဒီဇိုင်းမျိုးတွေ ချုပ်ဝတ်တာမျိုး
-ကိုယ့်ဆီမှာ ခေတ်စားတဲ့ ရိုးရာဝတ်စုံကို ကိုယ့်စိတ်ကြိုက် အထပ်အလွှာတွေနဲ့ဆင်မြန်းတာမျိုး
-ပွင့်ရိုက်ဒီဇိုင်းတွေနဲ့ ကာလာတွေကို သူများနဲ့မတူအောင် ကစားပြီးဝတ်တာမျိုး
-ပုတီးတွေ၊ လက်ကောက်တွေ၊ ဝတ်နေကျမဟုတ်တဲ့ လက်ပတ်တွေ၊ ကျောက်မျက်ရတနာတွေကို ရောပြီး ဝတ်တာမျိုး
-နားဆွဲခပ်ကြီးကြီးတွေ ဝတ်တာမျိုး
– အကျီမှာ တံဆိပ်တွေအများကြီးကပ်ဝတ်တာမျိုး စတာတွေဟာ Bohemian ရဲ့ ဖက်ရှင်စတိုင်လ်တွေပဲဖြစ်ပါတယ်။
credit- I am Fashion
photo credit
