ရိုးရိုးရှင်းရှင်းနဲ့ လျှာလည်သွားစေမယ့် ဟင်းအတွဲအစပ်လေးတစ်ခုရှိပါတယ်။ ငါးပင်စိမ်းချက်နဲ့ ခရမ်းသီးမီးဖုတ်သုပ် ဟင်းလျာလေးတွေပါ။ ငါးပင်စိမ်းချက်က ငါးကို သေချာအရသာ သွင်းပြီး ပင်စိမ်းအုပ်ထားလို့ အနံ့ရော၊အရသာနဲ့ပါ ပြည့်စုံတဲ့ ဟင်းပွဲလေးပေါ့။ ခရမ်းသီးကို မီးဖုတ်လိုက်တဲ့ အခါ အနံ့ပိုမွှေးလာရုံတင်မကဘဲ ခရမ်းသီးရဲ့ ပင်ကိုယ်အချို ဓာတ်ကိုပါ ပိုပေါ်လွင်လာစေတာကြောင့် ထမင်းစားလို့မြိန်စေမယ်ဆိုတာ အထူးညွှန်းနေစရာမလိုတော့ပါဘူးနော်။

ခရမ်းသီးမီးဖုတ်အတွက် ပါဝင်ပစ္စည်းများ

  • ခရမ်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီး

ပြုလုပ်နည်းလေးကတော့ 

  • အရင်ဆုံး မီးသွေးမွှေးပြီး ခရမ်းသီးကို မီးဖုတ်ပေးပါ။ မီးဖုတ်နေစဥ် အတွင်းထဲထိ နူးနူးနပ်နပ်ဖြစ်ပြီး အကျက်ညီ အောင် ခရမ်းသီးတစ်လုံးလုံးကို သွားကြားထိုးတံလေးနဲ့ ထိုးပေးပါ။ အပေါ်ယံအခွံတွေ မီးကျွမ်းလာရင် ခရမ်းသီးမီးဖုတ် ကျက်ပါပြီ။
  • အပေါ်ယံမီးကျွမ်းသွားတဲ့ အခွံတွေကို ဖယ်လိုက်ပြီး ခရမ်းသီးကို အပိုင်းသေးသေးလေးတွေ ညှပ်ပေးထားပါ။
  • ကြက်သွန်အနီ၊ အဖြူနဲ့ ငရုတ်သီးတို့ကို ပါးပါးလှီး၊ ဆား၊ သကြား၊ ရှာလကာရည်တို့နဲ့ သမအောင်မွှေပြီး ခရမ်းသီး မီးဖုတ်ထဲကို ထည့်လိုက်ပါ။
  • နံနံပင်၊ ဆား၊ ငါးငံပြာရည်၊ နှမ်းဆီတို့ကိုလည်း ထည့်ပြီး ခရမ်းသီးမီးဖုတ်ကို သမအောင် မွှေပေးပါ။
  • ပုစွန်ခြောက်မှုန့်နဲ့ နှမ်းအနည်းငယ်ကို အပေါ်ယံကဖြူးပေးလိုက်ပြီးရင် မီးသင်းနံ့မွှေးမွှေးလေးနဲ့ ခရမ်းသီးမီးဖုတ်သုတ် ရပါပြီ။

ငါးပင်စိမ်း ပါဝင်ပစ္စည်းများ

  • ကကတစ် ငါး၊ နံနံပင်အမြစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ငါးပင်စိမ်းချက်နည်း‌လေးကတော့

  • ကကတစ်ငါးခေါင်းနဲ့ အရိုးတွေကို နံနံပင်အမြစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေနဲ့အတူ ရေမြုပ်အောင်ထည့် တည်ထားပါ။
  • ငါးအသားကို ဆား၊ ငရုတ်ကောင်း၊ နနွင်းမှုန့်၊ ငါးငံပြာရည်တွေနဲ့ နယ်ပြီး အရသာသွင်းထားပါ။
  • ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီး ဆီသတ်ပါ။
  • အရသာသွင်းထားတဲ့ငါးနဲ့ အတူ၊ ဆားအနည်းငယ်၊ ပုစွန်ခြောက်မှုန့်တို့ကိုထည့်ပြီး ‌ရေအနည်းငယ်ထည့် ၍ အိုးအဖုံးကို အုပ်ထားပါ။
  • ရေခမ်းသွားပြီဆိုရင် ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းအုပ်လိုက်ပါ။
  • ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွှေးနဲ့ ငါးပင်စိမ်းချက်လေးကို ခရမ်းသီးမီးဖုတ်သုပ်ချိုချိုလေးနဲ့ တွဲဖက်စား သုံးနိုင်ပါပြီ။

အစပ်အဟပ်တည့်တဲ့ ဒီဟင်းတွဲလေးဟာဆိုရင် ငယ်ငယ်က မိသားစုထမင်းဝိုင်းမှာ စားခဲ့ရတဲ့ အမေ့လက်ရာ ဟင်းပွဲတွေကို ပြန်သတိရစေမှာပါ။ ဒီဟင်းတွဲလေးကို တခါမှမစားဖူးသေးရင်လည်း အပေါ်က ဟင်းချက်နည်းလေးကိုဖတ်ပြီး အိမ်မှာ တစ်ရက် ချက်စားနိုင်ပြီပေါ့။