လူကြီးနဲ့လူငယ်အကြား ပြဿနာခဏခဏဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ လူငယ်တွေအချိန်ဆွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တကယ်တော့ လူငယ်တွေပဲ အချိန်ဆွဲကြတာမဟုတ်ပါဘူး။ လူကြီး တွေလည်း ပါတာပါပဲ။ သို့သော် လူကြီးတွေက သူတို့အချိန်ဆွဲရတဲ့အကြောင်းရင်းကို လိမ္မာပါးနပ်စွာ ပြောပြတတ်ကြလေတော့ အပြစ်ဆိုရခက်နေတတ်ပါတယ်။

ဒီတော့ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ၊ အချိန်ဆွဲကြတာက ဆွဲကြတာပါပဲ။ တကယ်လုပ်စရာရှိတာကို ချက်ခြင်းထမလုပ်သေးဘဲ Facebook အဝ ကြည့်ရင်ကြည့်မယ်ပေါ့။

ဒါမှမဟုတ် ဆော့လက်စဂိမ်းကိုပြီးအောင်ဆော့မယ်။ ဒါမှမဟုတ် ဘာမှမစားရသေးဘူးဆိုတဲ့ ငြင်းရင်ရိုင်းရာကျတဲ့ အကြောင်းပြချက် ပေးမယ်၊ အစရှိသည်ဖြင့်ပေါ့။ ဒီအချိန်ဆွဲတတ်တဲ့အကျင့်ဆိုးကို ဖျောက်ဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။

ပထမဆုံး ကိုယ်လတ်တလောလုပ်လိုက်တာလေးက အနာဂါတ်မှာ ဘယ်လိုအကျိုးသက်ရောက်မှာလဲ ဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ဖြစ်ပါတယ်။ အခုအချိန်ဆွဲလိုက်တဲ့အတွက် ခဏနေကျရင် ဘယ်လိုအဆင် မပြေမှုတွေဖြစ်လာမလဲ။ အလုပ်တွေအား လုံး စနစ်တကျနဲ့အချိန်မီပြီးနိုင်အောင် တက်ညီလက်ညီ လုပ်နေကြတဲ့ အစုအဖွဲ့ထဲမှာ ကိုယ်တစ်ယောက်အချိန်ဆွဲလိုက်တဲ့အတွက် အစီအစဉ်တွေ ကမောက် ကမ ဖြစ်ကုန်တာ ကြုံဖူးကြမှာပါ။

အလုပ်တစ်ခုကို အခုလုပ်ရင်ရသားနဲ့ အချိန်ဆွဲနေတဲ့အတွက် ခဏနေ သူများတွေပြန်ချိန်မှာ ကိုယ်ကပြန်လို့မရ၊ အများတွေလိုကိုယ်ကလည်းပြန်ချင် နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာညိုးနွမ်းတဲ့ သိုးမည်း ဖြစ်မှန်းမသိ ဖြစ်နေရတာ အချိန်ဆွဲတတ်တဲ့ အကျင့်ကြောင့်ပါ။ ဒီတော့ ကိုယ်အခုအချိန်ဆွဲလိုက်တဲ့အတွက် ခဏနေဘယ်လိုဆိုးကျိုးတွေသက်ရောက်လာမှာလဲဆိုတာကို နာရီ၊ ရက်၊ လ၊ နှစ် အဆင့်ဆင့် လှမ်းမျှော်ကြည့်ရှုဆင်ခြင်သုံးသပ်သင့်ပါတယ်။

ဒုတိယအနေနဲ့ ကိုယ်ဘာလို့အချိန်ဆွဲတာလဲ ဆိုတာ ကိုယ်ကိုယ်တိုင်သိဖို့လိုပါတယ်။ ပျင်းလို့လား။ မလုပ်ချင်လို့လား။ မကျွမ်းကျင်လို့လား။ တစ်စုံတစ်ယောက်က မလျော်သြဇာ သုံးထားလို့လား။ ဖြစ်လာမယ့် အကျိုးဆက်ကို ရင်မဆိုင်ရဲလို့လား။ အစရှိသဖြင့် ကိုယ်ဘာလို့အချိန်ဆွဲနေတာလည်း ဆိုတာကို ကိုယ်ကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။

အများဆုံးမြင်ရတတ်တဲ့ အချိန်ဆွဲရ တဲ့ အကြောင်းရင်းကတော့ တစ်ဖက်လူကို အလေးမထားလို့ပါ။ သူ့ကိုအလေးမထားလို ကိုယ်ကအချိန် ဆွဲတယ်ဆိုပေမယ့် အဲဒီအချိန်ဆွဲလိုက်တဲ့ဒဏ်ကို ကိုယ်ကလည်းခံရတယ် ဆိုတာ မမေ့ပါနဲ့။ ဒါ့အပြင်ပေါ့ အချိန်ဆွဲရတဲ့အကြောင်းရင်းတွေ အများကြီး ကျန်နေပါဦးမယ်လေ။

ဒီတော့ တတိယအဆင့်မှာ ကျွန်တော်တို့ အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖျောက်ဖို့ ဘယ်လိုလေ့ကျင့်ရ ဆိုတာ ဆွေးနွေးပါမယ်။ ဥပမာလေးတစ်ခုနဲ့စလိုက်ရအောင်။ ညကိုအိပ်မပျော်ရင် ဒီနည်းလေးစမ်းကြည့်ပါ။ အဲဒါကတော့ မနက်ထလာရင် လုပ်ရမှာတွေကို တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် တွေးဖို့ပါပဲ။ အဲဒါတွေထလုပ်ရမှာကြောက်လို့လားမသိ၊ သင်ခဏလေးအတွင်း အိပ်ပျော်သွားပါလိမ့်မယ်။

ဒါဘာလေ့ကျင့်ခန်းလဲဆိုတော့ ကြုံရမယ့်အနာဂါတ်ကို တစ်ဆင့်စီတွေးပြီး စိတ်ကိုပြင်တဲ့လေ့ကျင့်ခန်းပါ။ အလှပြင်ပြီးရင် စိတ်ကိုပြင် လို့ ရှေးလူကြီးတွေပြောတာ ကြားဖူးပါတယ်။

စိတ်ဓါတ်အလှကိုလည်း ပြင်ဖို့လိုတယ်လို့ ဆိုလိုဟန်တူပါတယ်။ ကျွန်တော်ကတော့ နောက်တစ်မျိုး အဓိပ္ပါယ်ကောက်ပြီး ဆွေးနွေးကြည့်ပါမယ်။

မိန်းကလေးတစ်ယောက်ဟာ အလှတော့ ပြင်ပြီးပြီ၊ သို့သော် သူဝတ်စားထားတာ၊ လိမ်းချယ်ထားတာတွေအပေါ် မိမိကိုယ် ကိုယ်ယုံကြည်မှု မရှိရင် လူပုံအလယ်မှာ လှရဲမှာမဟုတ်ပါဘူး။

အလှပြင်လိုက်သလို စိတ်ကိုလည်းပြင်လိုက်ပြီဆိုမှ သူ့ဆံပင်၊ သူ့ဝတ်စုံ၊သူ့ဖိနပ်၊သူ့မိတ်ကပ်နဲ့ လိုက်ဖက်ညီတဲ့ ကိုယ်နေဟန်ထားနဲ့လှုပ်ရှားမှုကို ထုတ်ဖော်နိုင်မှာပါ။ ပွင့်ပွင့်လင်းလင်းပြုံးနိုင်မှာပါ။

ကဲ ….. ဘော်ဘော်တို့ အချိန်ဆွဲတာကိုကုစားဖို့ ကျွန်တော်တို့ စိတ်ကူးယဉ်တတ်ရပါမယ်။ စိတ်ကူးယဉ်တယ်ဆိုတာ ကလည်း အရေးအကြီးဆုံးအချိန်တွေမှာ ထိုင်ယဉ်နေလို့မဖြစ်သေးပါဘူး။ နေ့တစ်နေ့ ရဲ့အထိုင်းမှိုင်း ဆုံးအချိန်ဖြစ်တဲ့ နေ့လည်နေ့ခင်းထမင်းဆိပ်တက်ချိန်မှာ အရင်လို ဖုန်းဘေအကုန်ခံပြီး လျှောက်ကြည့် မနေဘဲ စိတ်ကူးယဉ်ရပါမယ်။

ဟိုး ၁၀ နှစ်လောက်ကိုကျော်ပြီးတွေးရပါမယ်။ အဲဒီကနေ နောက်နှစ်၊ နောက်လ၊ နောက်တစ်ပတ်၊ နောက်နေ့၊ ခဏနေ တစ်ဆင့်ပြီးတစ်ဆင့် တွေးလိုက်ခြင်းအားဖြင့် အချိန် ဆွဲစရာအကြောင်းမရှိဘဲ လုပ်သင့်တာတွေကို ချက်ခြင်းလုပ်နိုင်လာပါလိမ့်မယ်။ ကြောက်လို့ အချိန်ဆွဲထားမိခဲ့ရင်လည်း အဖြေရှာတွေ့မှာပါ။ တစ်ဖက်လူကိုအလေးမထားမိလို့ဆိုရင် လည်း အလွယ်တကူပျောက်သွားပါလိမ့်မယ်။

ခုအချိန်ကစပြီး အချိန်ဆွဲမိရင် ဒီလိုအချိန်ဆွဲမိတဲ့အတွက် ခဏနေ လုပ်စရာတွေပုံသွားမယ်၊ အစီအစဉ် တကျဖြစ်နေတဲ့ဟန်ချက်တွေပျက်သွားမယ်၊ အနာဂါတ်အတွက် စီစဉ်စရာရှိတာတွေ နှောင့်နှေးကုန်မယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ်အတင်းလုပ်ဖို့မလိုဘဲ အလိုအလျောက်သဘောပေါက်သွားစေမယ့် အနာဂါတ်ရဲ့ကိုယ့်အခြေအနေကို ပုံဖော်ကြည့်တဲ့နည်းနဲ့ ကုစားနိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Source: TMK