လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေရဲ့နောက်မှာ စိတ်သဘောထားကြီးမြင့်တဲ့ အမျိးသားတစ်ဦးရှိတယ်လို့ကျွန်မကတော့ယုံကြည်လက်ခံပါတယ်။
“မိန်းကလေးပဲ အချိန်တန် လင်ယူသွားမှာ စာသင်ပေးစရာမလို“ ဆိုတဲ့ ဖခင်မျိုး ရှိသလို၊
“သမီး… တက်ချင်သလောက်တက်ပါ၊ အဖေ ပုခုံးနဲ့ ထမ်းတင်ပေးမယ်“ဆိုတဲ့ ဖခင်မျိုး
လည်း ရှိတာ တွေ့ခဲ့ဖူးတယ်။
ပြီးတော့“အပြင်ထွက်ပြီး ဘာလုပ်ချင်သေးတာလဲ၊ မင်းအလုပ်က ငါတို့အိမ်ထဲမှာပဲရှိတယ်၊ မင်း အလုပ်အကျွေးပြုရမှာလဲ ငါ့ကိုပဲ သိလား“ ဆိုတဲ့ ခင်ပွန်းမျိုး၊ “ မိန်းမရဲ့ ပါရဂူဘွဲ့ အတွက် ပညာဆက်သင်ချင် သင်လေ၊ အိမ်အလုပ်တွေကို ကိုယ်လည်း ကူညီပေးမှာပေါ့၊ ကလေး အတွက်လည်း စိတ်မပူနဲ့မိန်းမ“ ဆိုတဲ့ ခင်ပွန်းသည်မျိုးလည်း တွေ့ခဲ့ဖူးတယ်။
ကျမတို့လို အိမ်ထောင်ရှင်မတွေဟာ ကိုယ့်လင်သား ခင်ပွန်းက စိတ်နေမြင့်ရင် မြင့်သလောက်သာ တက်နိုင်ကြတာပါ။ မိဘနဲ့ နေတုန်းကလည်း မိဘရဲ့ပံ့ပိုးမှုကြောင့် ထူးချွန်ခဲ့တယ်၊ အိမ်ထောင်ကျတော့လည်း ခင်ပွန်းသည်ရဲ့ပံ့ပိုးမှုကြောင့် ဆက်လက်ထူးချွန် အောင်မြင်နေတုန်း ပဲ ဆိုတဲ့ အောင်မြင်တဲ့ အမျိုးသမီးတွေရှိပါတယ်။ နည်းပါးလှတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့လူမှုအသိုင်းအဝိုင်းမှာ မိန်းမတစ်ယောက်ကို ပံ့ပိုးအားပေးတတ်တဲ့ အလေ့အကျင့်နည်းပါးလှလို့လို့ပဲ ဆိုချင်ပါတော့တယ်။
ရှေးတုန်းကထက် စာရင်တော့ဒီကနေ့ ခေတ်မှာ နယ်ပါယ်သုံးမျိုး လုံး အောင်မြင်နေတဲ့အမျိုးသမီးတွေရှိနေတာကတော့ ၀မ်းသာကျေနပ်စရာပါ။
ဒါပေမဲ့ အိမ်ရှင်မဘ၀၊ မိခင်ဘ၀မှာကောင်းကောင်းအောင်မြင်နေပေမဲ့ စီးပွားရေးနဲ့လုပ်ငန်းခွင်မှာ အိမ်ရှင်မ၊မိခင်တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာကို ကျမအနေနဲ့လည်း တဖြည်းဖြည်းနဲ့ပိုပိုသိလာရလို့ပါပဲ။
တစ်နေ့က အိမ်ရှင်မအမျိုးသမီးတစ်ဦးက ဖုန်းဆက်တယ်။ သူက ဘွဲ့ရ၊ပညာတတ်၊ သတင်းတွေလည်း နားထောင်ပြီး နိုင်ငံရေး အခြေခံအသိလေးလည်းရှိတော့သူ့စိတ်ထဲမှာ တိုင်းပြည်နဲ့လူမျိုးအတွက် သူ့ကိုယ်သူ အသုံးပြုချင်တဲ့ စိတ်ကူးလေးတွေ ရှိတယ်။ ဒါတွေကို သူက အသုံးပြုလို့ရတဲ့ အလုပ်လေးတစ်ခု လုပ်ချင်တယ်။ ဒါပေမဲ့ သူ့ ခင်ပွန်းက ခွင့်မပြုဘူး။
“ငါရှာတဲ့ ပိုက်ဆံက မလုံလောက်လို့လား၊ မင်း ငတ်နေလို့လား၊ ဘာဖြစ်လို့ လတ်လျားလတ်လျားနဲ့ အလုပ်ထွက်လုပ်ချင်ရတာလဲ၊ အိမ်မှာ အေးအေးဆေးဆေး အိပ်နေလို့ရတယ်“ လို့ဆိုသတဲ့။
သူ့ခင်ပွန်းက သူ့ကို ယုံကြည်ပေမဲ့ အပြင်အလုပ်ထွက်လုပ်ဖို့ ပိုက်ဆံလည်း မလိုဘူးတဲ့။ အိမ်အလုပ်မှာ လစ်ဟာသွားမယ်လို့ ဆိုတယ်။ အိမ်အကူ ငှားမှာပေါ့ ဆိုတော့ အိမ်အကူက မင်းလောက်ကောင်းအောင် လုပ်နိုင်ပါ့မလား တဲ့။
အတ္တကြီးလိုက်တာလို့ ကျမ တွေးမိတော့ အဲဒီလို ခင်ပွန်းတွေ ကျွန်မတို့ပတ်၀န်းကျင်မှာ ဘယ်လောက်ရှိသလဲ၊ ကိုယ့်ဇနီးကိုလိင်ကျွန်သာသာပဲသတ်မှတ်ပေးထားတဲ့ ယောင်္ကျားမျိုးတွေ ဘယ်လောက်ရှိသလဲ ဆိုတာ မေးချင်လာမိတယ်။
အချို့ အမျိုးသမီးတွေက မိသားစုအတွက်အပြင် ၊သူတို့သင်ထားတဲ့ပညာနဲ့ အကျိုးပြုနိုင်တဲ့အလုပ်လေးတွေ လုပ်နိုင်အောင် စိတ်ပိုင်းဆိုင်ရာ အမြင်ကျယ်တဲ့စိတ်သဘောထား ကြီးမြင့်တဲ့ အမျိုးသားတွေရှိကြပါတယ်။
ကိုယ့်ဇနီးကို သူတို့ရဲ့ကိုယ်ပိုင်ဘဝလေး ရှိနေပါစေ ဆိုတဲ့စိတ်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းသည်ကတော့ ပိုက်ဆံဘယ်လောက်ပဲရှိပါစေ သူတို့ဇနီးကို အလုပ်လုပ်ခွင့်ပြုကြတယ်။
ဒါပေမဲ့ အချို့ကတော့သူတို့ကိုယ်တိုင်ရော သူတို့ရဲ့ ထက်မြက်တဲ့ဇနီးသည်တွေကိုရော အောင်မြင်အောင် ထိရောကါစွာ မစွမ်းဆောင်နိုင်ကြဘူး။
အဲဒါက ဘာလဲဆိုတော့ သူတို့စိတ်ထဲ ဝေခွဲမရလို့ပါ။ အောင်မြင်ရင် သူ့ကိုထားခဲ့မလား တွေးတာလည်းပါတယ်။ ကိုယ့်ကို အလေးမထားမှာကို စိုးရိမ်တာလည်းပါတယ်။ ကိုယ့်အတ္တနဲ့စဉ်းစားပြီး ပံ့ပိုးမှုကို ကန့်သတ်လိုက်တယ်။
ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတဲ့ မျိုးသားတွေကြောင့်အချို့အမျိုးသမီးတွေက အောင်မြင်တဲ့ အဆင့်ထိ တက်မလာနိုင်တော့တာတွေလည်း ရှိပါတယ်။
အိမ်ရှင်မတစ်ယောက်အောင်မြင်ဖို့ ဆိုရင် ဖခင်လို၊ အကိုလို၊ မောင်လို စိတ်ထားမျိုးနဲ့ ခင်ပွန်းမျိုး ရှိဖို့လိုပါတယ်။
ဇနီးသည်ကို အမှန်တကယ်အောင်မြင်စေချင်တဲ့ခင်ပွန်းရဲ့ စိတ်စေတနာအပြင် အမှန်နဲ့အမှားကိုခွဲခြားနိုင်တဲ့ ပညာဥာဏ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးအပြင် ပံ့ပိုးနိုင်တဲ့ စွမ်းရည်လည်း လိုအပ်ပါသေးတယ်။
လုပ်ငန်းခွင်အောင်မြင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်ရတဲ့အပိုင်းမှာ မြင်ရတဲ့အခက်အခဲတွေ၊ မမြင်သာတဲ့ ပြဿာနတွေက အများကြီး။မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် မြင်ရ၊ခန့်မှန်းလို့ရတဲ့ အခက်အခဲတွေ ပြဿနာတွေထက် မမြင်ရ၊ မထင်မှတ်ထားတဲ့ ပြဿနာတွေက ပိုပြီး များပြားတတ်သလို၊ ဗြုန်းခနဲတွေ့ရတတ်ပါတယ်။
ဒါကြောင့် မိန်းမတစ်ယောက် အောင်မြင်နေပြီ၊ ထင်ပေါ်ကျော်ကြားနေပြီ ဆိုရင် သူ့နောက်မှာ သူ့ကို နားလည်စွာနဲ့ပံ့ပိုးကူညီနေတဲ့ ယောကျာင်္းတစ်ဦး အမြဲတမ်း ရှိနေတတ်တာပါပဲ။
မိန်းမတစ်ယောက်အောင်မြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူက အစစအရာရာကို နားလည်ပေးနိုင်ရပါတယ်။ အဘက်ဘက်ကနေ ဖြည့်ဆည်းပေးရတာတွေ နားလည်မှု ပေးရတာတွေအများကြီး ရှိပါတယ်။
ကြိုးစားနေတဲ့ဇနီးသည်တွေမှာ ရံဖန်ရံခါ အိမ်ရှင်မ တာ၀န် မကျေပွန်နိုင်တာတွေရှိပါတယ်။ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေကြောင့် အိမ်ထောင်ရေး သုခရရှိအောင် မစွမ်းဆောင်နိုင်တာတွေရှိလာတယ်။ ဒါတွေကိုပါ ခင်ပွန်းဖြစ်သူက နားလည်ပေးကြရတာပါ။
နောက်တစ်ချက်ကတော့ပြင်ပက အမှောင့်ပရောဂတွေလည်းပြောလို့ရနိုင်တဲ့ ကြိုးစားနေတဲ့ ဇနီးအပေါ် နားလည်မှုရှိနေတဲ့ ခင်ပွန်းနဲ့ဇနီးသည်ကြား သွေးကွဲအောင် ပြောဆိုတတ်တဲ့စကားမျိုးတွေ၊ အပြုအမှုတွေကိုလည်း သဘောထားကြီးကြီးနဲ့ ဖြတ်သန်းနိုင်ဖို့ လိုပါသေးတယ်။
အဲဒီလို အခက်အခဲတွေ အခြေအနေတွေ အဆင့်ဆင့်ကို ဖြတ်သန်းနိုင်တယ်ဆိုရင်တောင်မှ ဘ၀မှာမထင်မှတ်တတ်တဲ့အချိုးအကွေ့တွေကြောင့် သဘောင်္မှောက်နိုင်တဲ့ အနေအထားတွေရှိလာနိုင်ပါသေးတယ်။ ဒါတွေကို ခင်ပွန်းဖြစ်သူက အမေ ျှာ်အမြင်ကြီးစွာနဲ့ ကြိုတင်ကာကွယ်ပေးနိုငမယ်ဆိုရင်တော့…အဲဒီ ဇနီးဟာ အောင်မြင်ခြင်း အဆင့်ကို အရှိန်အဟုန်ကြီးစွာနဲ့ ရောက်ရှိသွားတော့တာပါပဲ။
မိန်းမတစ်ယောက် စွမ်းဆောင်နိုင်ဖို့ အရေးကြီးဆုံးက သူကိုယ်တိုင်ဖြစ်သလို၊ အဲဒီမိန်းမ ဘေးက အမျိုးသားတွေရဲ့ပံ့ပိုးကူညီမှုကလည်း အဓိက ကျလှပါတယ်ရှင်။
ကျွန်မတို့တိုင်းပြည်က မိန်းမတွေ မညံ့ကြပါဘူး၊ ပတ်၀န်းကျင်ကောင်းနဲ့ပံ့ပိုးပေးနိုင်သူရှိဖို့ပဲ လိုအပ်တာပါ။