မေး။ ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အလုပ်ကအပြန် မိုးမိပြီး နေမကောင်းသလိုဖြစ်ကာ ဝမ်းခနခနသွားနေပါတယ်။ ဆေးခန်းပြပေမယ့် ဝမ်းသွားနေတာက ရပ်မသွားဘူးဆရာ။
ကျွန်တော်ကို မြန်မာဆေးနည်းလေး လမ်းညွှန်ပြောပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဖြေ။ မိုးဥတုကာလများတွင် ခြေထောက်ရေစိုတတ်သောကြောင့် ဝမ်းပျက်ဝမ်းရောင်များ ဖြစ်တတ်ပါတယ်။ “ခြေအေးဝမ်းရောင်”ဟူ၍ လူကြီးများဆိုစကားရှိပါတယ်။
ဝမ်းဗိုက်တွင် လေပွပြီးဖောရောင်ကာ ဝမ်းတဆစ်ဆစ်သွားနေတတ်ပါတယ်။
ဆေးနည်းကတော့ ရှောက်သီးအရည်နဲ့ ပျားရည် ရောစပ်သောက်ပါ။ (တစ်နည်း) ကြက်သွန်ဖြူ မီးဖုတ်စားပါ။ ကြက်သွန်ဖြူကိုပျားရည်နှင့် စိမ်စားလျှင်လည်း ရပါတယ်။
ဆားကို နီရဲအောင် လှော်ပြီး သကြားသုံးဆနှင့်ရောစပ်၍ ရှောက်ရည်ဖြင့် ဖျော်သောက်လျှင် ဝမ်းဖောဝမ်းရောင် သက်သာစေပါတယ်။
(တစ်နည်း) ချင်းစိမ်းနှင့်လင်းနေကို ရောပြီး ပြုတ်သောက်လည်း ရပါတယ်။
နှမ်းဆီ(သို့မဟုတ်) မုန်ညင်းဆီကို မီးဖြင့် အပူပေးပြီး ဝမ်းဗိုက်တွင် ချက်တိုင်ပတ်၍ လက်ယာရစ် လိမ်းပေးပါ။
(ဓာတ်စာအဖြစ်၊ ပဲနံ့သာစေ့နှင့် သစ်ကြံပိုးခေါက်တို့ကို အမှုန့်ပြု၍ ဟင်းချက်ရာတွင် ထည့်စားလျှင် ဝမ်းဖော၊ ဝမ်းရောင် သက်သာစေပါတယ်။ )
ငါးရံ့ကို ဆန်လှော်နှင့်ရော စပါးလင်များများထည့်၍ ငါးရံ့ဆန်လှော်ဟင်း ချက်သောက်လျှင် ဝမ်းဖောဝမ်းရောင် ရောဂါ သက်သာစေပါတယ်။ငါးရံ့ဆန်လှော်ဟင်းက ခံတွင်းအရသာမတွေ့သူတွေအတွက်အလွန်ကောင်းတဲ့ဓာတ်စာပါ။