လူရယ်လို့ ဖြစ်လာပြီးလျှင် နိစ္စဓူဝ ကိစ္စရပ်ပေါင်းများစွာ တွေ့ကြုံ ဖြတ်သန်းရတဲ့အခါ ပုထုဇဉ်များ ဖြစ်နေတဲ့အတွက် ဒေါသစိတ်များ မကြာခဏ ဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်ကိစ္စမဆို ဒေါသစိတ် ဖြစ်ပေါ်လာတဲ့ အချိန် ရင်ဆိုင်ရမည့် ဆုံးဖြတ်ချက်များ၊ အလုပ်များက စိတ်တည်ငြိမ် အေးချမ်းစွာ ဆုံးဖြတ်လုပ်ကိုင်ရတာ မဟုတ်သည့်အတွက် ဒေါသဇော၏ ဆိုးကျိုးကြောင့် အမှန်လမ်းကြောင်းထက်၊ အမှားလမ်းကြောင်း ရောက်သွားဖို့၊ ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်သွားဖို့ ပိုများပါတယ်။
လူ့ကျန်းမာရေးအရလည်း ဒေါသဖြစ်သည့်အချိန် ပုံမှန်ထက် စိတ်လှုပ်ရှားမှု ပိုမို ဖြစ်သည့်အတွက် သွေးခုန်နှုန်းပိုမြန်လာပြီး နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာ ရရှိစေနိုင်ပါတယ်။ လူမှုရေးအရလည်း လူ့အသိုင်းအဝန်း ပတ်ဝန်းကျင်မှာ ဒေါသဇောနှင့် ယှဉ်တွဲပြီး စိတ်လှုပ်ရှားမှုကြောင့် စိတ်မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုး များကြောင့် အိန္ဒြေသိက္ခာ ကျဆင်းမှုများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါ့ကြောင့် ချစ်မိတ်ဆွေတို့ ဒေါသစိတ်က မိမိဘဝအတွက် ကောင်းကျိုး ဘာတစ်ခုမှ မပေးနိုင်သည့်အတွက် သင်တို့၏ စိတ်သန္တာန်မှာ အလွယ်တကူ ဖြစ်ပေါ်လာနိုင်သည့် ဒေါသစိတ်ကို အသိ ၊ သတိ လက်ကိုင်ထားပြီး အလွယ်တကူဒေါသမထွက်အောင် Emotional Quotient (EQ) စိတ်ခံစားမှု အတိုင်းအတာ အကောင်းဆုံး ထိန်းချုပ်တတ်ဖို့ လိုပါတယ်။
ဒေါသစိတ် ကြီးတတ်သူများ အနေဖြင့်လည်း တဖြေးဖြေး ဒေါသနဲလာအောင် မိမိစိတ်ခံစားမှုအတိုင်းအတာကို အကောင်းမြင်ဝါဒ ၊ အကောင်းမြင်စိတ် Positive Thinking အခြေခံလျှက် အသိ၊ သတိဖြင့် ထိန်းချုပ်တတ်ဖို့လိုပါတယ်။ အဲဒီ့မှ တဆင့် ဒေါသစိတ် မထွက်တတ်သည့် အဆင့်အထိ ပြုပြင် ထိန်းချုပ် ပြောင်းလဲ ယူရပေမည်။
ဒေါသစိတ်ဖြစ်ပေါ်နေသည့် အချိန်၊ ဒေါသဖြစ်ပေါ်လာတော့မည့်အချိန်မှာ အလွယ်တကူ အလျှင် အမြန် ဒေါသထိန်းချုပ်နိုင်မည့် နည်းလမ်းကောင်းများအား အောက်ဖေါ်ပြပါအတိုင်းမျှဝေပေးလိုက်ပါတယ်။
သင့်အတွက် ယခုထွက်နေသည့် ဒေါသစိတ်ကြောင့် ငါအမှားဖြစ်တော့မည်၊ ဆိုးကျိုးဖြစ်တော့မည်ဟု အမြန် သတိကပ်လျှက် ဒေါသစိတ်အာရုံကို အမြန်လျှော့ချထိန်းချုပ်လိုက်ပါ။
လှုပ်ရှားနေသည့်စိတ်ကို ပြန်လည်တည်ငြိမ်အောင် အသိသတိဖြင့် အမြန်တည်ငြိမ်အောင် ထိန်းချုပ်ပါ။
လူတစ်ဦးဦးကြောင့် ဒေါသထွက်ခြင်းဖြစ်လျှင် အဆိုပါသူနှင့် ဆက်လက်စကားပြောခြင်း၊ ငြင်းခုံခြင်းကို အမြန် ရပ် တန့်လိုက်ပါ။
သတိထားပြီး အောက်ဖော်ပြပါအချက်များကို လုပ်ဆောင်ပါ။
- ဒေါသဖြစ်နေသည့်နေရာမှ အလျှင်အမြန် နေရာရွေ့ ထွက်ခွါလိုက်ပါ။
- နေရာ အနေအထားအရ အဆင်ပြေလျှင် မောပန်းသည် အထိ ပြေးလိုက်ပါ။
- ရေတစ်ခွက် ဖြေးဖြေးချင်း သောက်လိုက်ပါ။
- အသက်ဝဝ ရှိုက်ကာရူသွင်း၊ ရှုထုတ် ခပ်ပြင်းပြင်း လုပ်လိုက်ပါ။
- သီချင်းဆိုခြင်းပြုလုပ်လိုက်ပါ။
- တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဘုရားစာဆိုခြင်း ပြုလုပ်ပါ။
- မိမိချစ်ခင်ရသော မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်ခင်သူများနှင့် ဖုန်းပြောလိုက်ပါ။
- စာပေ စာအုပ်ဖတ်လိုက်ပါ။
- ရယ်မောစရာ ဟာသ ရုပ်ရှင်၊ ဇာတ်ကား ကြည့်လိုက်ပါ။
- အားကစားတခုခု ပြုလုပ်လိုက်ပါ။ (အထူးသဖြင့် ရေကူးခြင်း)
သင် ဒေါသထွက်နေသည့် အချိန်တွင် အခြေအနေ အချိန်အခါအရ အထက်ပါ ထိန်းချုပ်နည်းများ အသုံးပြုပြီး အလျှင်အမြန် အလွယ်တကူ ဒေါသထိန်းချုပ်နိုင်ခြင်းဖြင့် အေးချမ်းသောဘဝလေးများ တည်ဆောက်နိုင်ကြပါစေလို့ မေတ္တာမွန်ဖြင့်မျှဝေပေးလိုက်ပါတယ်။
