လူတိုင်းက သူတို့ချစ်မြတ်နိုးပြီး သူတို့ကိုချစ်မြတ်နိုးတဲ့သူနဲ့ပဲ ဘဝကိုအတူ လျှောက်လှမ်းချင်ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးဆိုတာက ကံစမ်းမဲနဲ့ဆင်တူပြီး ကိုယ်လက်ထပ်မယ့်သူဟာ ကိုယ့်ကံတရားနဲ့ဆိုင်တယ်လို့ ဆိုတတ်ကြပါတယ်။ ဒါပေမယ့်လို့ လက်မထပ်ခင်မှာ ကိုယ်ရွေးချယ်မယ့်သူကိုတော့ သေချာစီစစ်ရွေးချယ်ပိုင်ခွင့်ရှိပြီး ကိုယ့်ဘဝရဲ့အကောင်းဆုံးဆိုတာကို ကံတရားနဲ့မဟုတ်ပဲ ဥာဏ်နဲ့ဆင်ခြင်နိုင်ပါတယ်။ တကယ်လို့ သင့်သဘောကျတဲ့ သို့ သင့်ချစ်သူဆီမှာ ဒီအချက်တွေရှိနေခဲ့မယ်ဆိုရင်တော့ သူဟာသင်လက်မထပ်သင့်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
-သင့်ကိုချစ်တယ်လို့ ဘယ်တော့မှမပြောဘူး
တစ်ချို့လူတွေက အချစ်ဆိုတာ ပါးစပ်ကထုတ်ပြောစရာမလိုပဲ နှစ်ဦးချင်းနားလည်သဘောပေါက်တတ်တယ်လို့ ဆိုတတ်ကြပါတယ်။ ဘယ်လောက်ပဲ နားလည်ပါတယ်ပြောပြော ချစ်ခင်မှုဆိုတဲ့အရာကို ထုတ်ဖော်ပြောတတ်မှ တစ်ဖက်လူရဲ့စိတ်မှာလည်း ကြည်နူးပျော်ရွှင်မှုကို ခံစားမိစေမှာပါ။ တကယ်လို့ စတွဲတဲ့အချိန်တည်းက သူသင့်ကို ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းကိုတောင် ပြောဖို့တွန့်တိုနေမယ်ဆိုရင်တော့ ဒါကပြန်စဉ်းစားစရာတစ်ခုပါ။
-သစ္စာမရှိဘူး
ဆက်ဆံရေးတစ်ခုမှာ လိမ်ညာတာတွေကို ခွင့်လွှတ်လို့ရနိုင်ပေမယ့် သစ္စာမဲ့မှုဆိုတာကိုတော့ ဘယ်သူကမှခွင့်မလွှတ်ချင်တတ်ကြပါဘူး။ လက်မထပ်ခင်ကတည်းက ကိုယ့်အပေါ်သစ္စာမဲ့နေတဲ့ သူတစ်ယောက်ဟာ လက်ထပ်ပြီးရင်လည်း ဒီအကျင့်ကပါလာနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ တကယ်လို့ သင်နောင်တမရချင်ဘူးဆိုရင်တော့ ကိုယ့်အပေါ်သစ္စာမဲ့နေတဲ့ သူတစ်ယောက်ကို လက်ထပ်ဖို့ မရွေးချယ်သင့်တာပဲ ဖြစ်ပါတယ်။
-မလေးစားဘူး
ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို နားလည်မှုနဲ့ လေးစားမှုက အဓိကအခြေခံအရေးအကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ ဒီလိုအရေးအကြီးဆုံးအချက်ဖြစ်တဲ့ လေးစားမှုသာမရှိဘူးဆိုရင် သူဟာဘယ်လောက်ပဲ ပြီးပြည့်စုံနေတဲ့သူဖြစ်နေပါစေ သင့်ရဲ့ဘဝဟာ စိတ်ချမ်းသာမှုရှိနိုင်မှာ မဟုတ်ပါဘူး။ သင့်အပေါ်လေးစားမှုမရှိသူဟာ လူမြင်ကွင်းမှာ သင့်ကိုအော်ငေါက်တာမျိုး၊ သူငယ်ချင်းမိတ်ဆွေတွေရှေ့မှာ သင့်ကိုအရှက်ရအောင် လုပ်တာမျိုးတွေအထိ လုပ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုကိုယ့်အပေါ်လေးစားမှုမရှိတဲ့ သူမျိုးကို လက်မထပ်သင့်တာပါ။
-ထိန်းချုပ်ဖို့ ကြိုးစားတယ်
သူနဲ့ချစ်ကြိုက်မိတဲ့အချိန်ကစပြီး ဒီလိုမနေနဲ့၊ ဟိုလိုနေပါ၊ ဒါတွေမဝတ်နဲ့၊ ဘယ်လိုပုံစံမျိုးပဲနေ၊ အပြင်မသွားနဲ့၊ သူငယ်ချင်းတွေနဲ့ မတွေ့နဲ့ စသဖြင့် အရာရာကိုထိန်းချုပ်ဖို့ ကြိုးစားနေတတ်ပြီး ကိုယ့်ပုံစံအမှန် ပျောက်ဆုံးအောင်လုပ်နေတဲ့ သူမျိုးနဲ့ လက်မထပ်သင့်ပါဘူး။ သူဟာ သင့်ရဲ့ပုံစံအမှန်ကိုချစ်တာမဟုတ်ပဲ သူလိုချင်တဲ့ပုံစံမျိုးကို ပြောင်းလဲပေးနိုင်မှ ချစ်ခင်ပေးမယ့်သူမျိုးဖြစ်ပါတယ်။ နောက်ပြီး ဒီလိုလူမျိုးနဲ့လက်ထပ်မိရင်တော့ သင်အမြဲတမ်းစိတ်ဖိစီးမှုတွေနဲ့ ကိုယ်နေချင်တဲ့ပုံစံမျိုးနဲ့ အဝေးမှာနေထိုင်ရမှာ ဖြစ်ပါတယ်။