ချောင်းဆိုးပျောက်ဆေးတိုင်းကို တစ်မျိုးတစ်စားတည်း သတ်မှတ်ပြီးသောက်လို့မရပါဘူး။ချောင်းဆိုးရတဲ့အကြောင်းရင်းနဲ့ ရောဂါအခံပေါ်မှာမူတည်ပြီး ဆေးကုသရပါတယ်။

နှာရည်ကျတာနဲ့တွဲပြီးချောင်းဆိုးတာ၊ Allergy လို့ခေါ်တဲ့ဓာတ်မတည့်တာနဲ့တွဲနေတာဆိုရင် cetrine လိုမျိုး anti histamine ပါတဲ့ဆေးမျိုးသောက်ရပါတယ်။ရင်ကျပ်လို့ချောင်းဆိုးရင် လေပြွန်ကျယ်စေတဲ့ bronchodilator ပါတဲ့ချောင်းဆိုးပျောက်ဆေးသောက်ရပါတယ်။ ရင်ကျပ်ပျောက်ဆေးတွေရှူရုံနဲ့လည်းချောင်းသက်သာနိုင်ပါတယ်။ချွဲသလိပ်များလို့ဆိုးတဲ့ချောင်းမှာတော့သလိပ်ပျော်ဆေးပါတဲ့ချောင်းဆိုးပျောက်ဆေးပေးရသလို ချောင်းခြောက်တွေတအားဆိုးနေရင် ချောင်းမဆိုးအောင်ထိန်းတဲ့ Cough suppressant/Dextromethorphan ပါတဲ့ချောင်းဆိုးပျောက်ဆေးမျိုးပေးရပါတယ်။

ဒီလိုအမျိုးအစားခွဲခြားနိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်း၊ စမ်းသပ်၊ နားကြပ်နဲ့နားထောင်ခြင်းဟာအရေးကြီးပါတယ်။

တကယ်တော့ချောင်းဆိုးတာဟာပိုးမွှားနဲ့ ပြင်ပကလာတဲ့ဓာတ်ပစ္စည်းတွေကိုခုခံကာကွယ်တဲ့ခန္ဓာကိုယ်ရဲ့ကာကွယ်မှု၊ တုံ့ပြန်မှုတစ်မျိုးပဲဖြစ်လို့ ချောင်းဆိုးတိုင်းချောင်းဆိုးပျောက်ဆေးတိုက်စရာမလိုပါ။ ချောင်းဆိုးနေလို့ကလေးရဲ့ အစား၊အဆော့၊ အအိပ်၊ အနေအထိုင်ကိုဘယ်လောက်ထိခိုက်သလဲဆိုတဲ့ပေါ်မှာလည်းထည့်သွင်းစဉ်းစားရပါတယ်။

အလားတူပဲ ဘာရောဂါကြောင့်ချောင်းဆိုးတာလဲ။ဥပမာ တီဘီလား၊ ရင်ကျပ်ပန်းနာလား၊ ဒီပေါ်မှာမူတည်ပြီးတော့လည်းသက်ဆိုင်ရာဆေးများသောက်ရန်လိုနိုင်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့နှာစေးချောင်းဆိုးအများစုဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်ပြီးတစ်ပတ်နှစ်ပတ်အတွင်းအလိုလိုသက်သာလေ့ရှိပါတယ်။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အတွက်ပဋိဇီဝဆေးလို့ခေါ်တဲ့ပိုးသတ်ဆေးတွေမလိုပါဘူး။

ဒါကြောင့် ချောင်းဆိုးတာနဲ့တွေ့ရာ မြင်ရာ ချောင်းဆိုးပျောက်ဆေး မသောက်သင့်ပါ။ အထူးသဖြင့်အသက်နှစ်နှစ်အောက်ကလေးတွေမှာနှာစေးချောင်းဆိုးပျောက်ဆေးတွေကို အထူးသတိထားဖို့လိုပါတယ်။