ကမ္ဘာမှာ အသည်းရောင်စီပိုး ကူးစက်ခံရသူပေါင်း သန်း၁၈၀ကျော်ရှိပါတယ်။ အဲဒီထဲက လူ ၇၀၀၀၀၀ နီးပါးဟာ အသည်းရောင်စီပိုးကြောင့် နှစ်စဉ် သေဆုံးနေကြရတယ်။ ရောဂါ ဖြစ်သူအများစုဟာ အာရှတိုက်နဲ့ အာဖရိကတိုက် ဒေသက ဖြစ်ကြတယ်။ မြန်မာနိုင်ငံမှာလည်း စီပိုးဖြစ်သူ တဖြည်းဖြည်း ပိုများလာတယ်။အသည်းရောင် စီပိုးကို ၁၉၈၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကသွေးသွင်းရာကနေ အသည်းရောင်ခြင်းကို ဖြစ်စေပေမယ့် ရောဂါပိုးလို့ မသတ်မှတ်ဘဲ non-A non-B hepatitis လို့ခေါ်ပါတယ်။

၁၉၈၉ ရောက်မှ ဗိုင်းရပ်စ်ပိုးမှန်းသိခဲ့ပြီး စီပိုးလို့ အမည်ပေးခဲ့တယ်။ အသည်းရောင် စီပိုးဟာ RNA ဗိုင်းရပ်စ်ပိုး တမျိုးဖြစ်ပါတယ်။ genotype အမျိုးအစား (၆)မျိုးရှိပြီး လူတွေနဲ့ ချင်ပန်ဇီမျောက်တွေမှာသာ ကူးစက်နိုင်တယ်။ စီပိုးဟာသွေးကနေ အဓိကကူးစက်တယ်။ သွေးကကူးတယ်ဆိုတာ ရောဂါပိုးရှိသူရဲ့ သွေးက တခြားလူရဲ့ သွေးကြောထဲဝင်ရောက်ပြီး ကူးစက်တာကို ဆိုလိုတာပါ။ အများစုဟာရောဂါ ပိုးရှိတဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲရာကနေ ကူးစက်ကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သွေးသွင်းရာက ကူးစက်မှုများတယ်။

ရောဂါပိုးရှိတဲ့ပစ္စည်း(သွားတိုက်တံ၊ နားဖောက်၊ အပ်စိုက်၊ဘရိတ်ဓားမျှဝေသုံးစွဲခြင်း)ကနေလည်း ကူးနိုင်တယ်။ တက်တူးထိုးသူတွေက ပုံမှန်ထက် ရောဂါကူးစက်နိုင်ခြေ သုံးဆ ပိုများတယ်။ ဆေးရုံ ဆေးခန်းသုံးပစ္စည်း မသန့်ရှင်းတဲ့အခါ ကူးစက်နိုင်တယ်။ ကမ္ဘာမှာ စီပိုးကူးစက်မှုအမြင့်ဆုံးက အီဂျစ်နိုင်ငံပါ။ လူဆယ်ယောက် တယောက်နှုန်းရှိတယ်။ သူတို့ဆီမှာ သွားဆေးခန်းတွေက အဓိကကူးစက်တယ်လို့ ဆိုတယ်။

ကံကောင်းတာက စီပိုးဟာ သာမန် အရေပြားချင်း ထိတွေ့ဆက်ဆံရုံနဲ့ မကူးစက်နိုင်ဘူး။ ရောဂါရှိသူနဲ့ တအိမ်တည်း အတူနေလို့ရပါတယ်၊ ထိတွေ့ဆက်ဆံလို့ရတယ်။ လိင်ဆက်ဆံရာက ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ အိမ်ထောင်ဖက်မှာ ရှိပေမယ့် ကိုယိ့စီရှိချင်မှရှိတယ်။ သို့သော် လိင်ဆက်ဆံချိန် သွေး၊အနာရှိရင်တော့ သတိထားရမယ်။ ကိုယ်ဝန်ဆောင် မိခင်က မွေးကင်းစကလေး ကူးစက်နိုင်ခြေ (၁၀) ရာခိုင်နှုန်းမရှိဘူး။ အနာမရှိရင် နို့တိုက်ရာက ကူးစက်တဲ့အထောက်အထား မတွေ့ရသေးပါဘူး။

စီပိုးဟာ သွေးကြောထဲ ဝင်ရောက်ပြီး အသည်းမှာ ဗိုင်းရပ်စ်တွေပွားတယ်။ ဗိုင်းရပ်စ်က လက်ခံအသည်းဆဲလ်တွေကို တစစ ဖျက်ဆီးနေတယ်။ ကြာလာတော့ အသည်းကရောင်လာတယ်။ ဒါ့ကြောင့် အသည်းရောင်ပိုး လို့ခေါ်တာပါ။ သူ့ရှေ့မှာ အသည်းရောင်စေတဲ့ ဗိုင်းရပ်စ်ပိုးနှစ်မျိုး A နဲ့ ရှိလို့ အမှတ်စဉ်အရ C ပိုး ဆိုပြီးဖြစ်လာတယ်။ အသည်းရောင် ပိုးတွေဟာ အသည်းထဲမှာ ပွားများလေ့ရှိတယ်။ အသည်းတင်မက သွေးဖြူဥ(lymphocyte)ထဲမှာလည်း ပွားနိုင်တယ်။ သို့သော် အများစုမှာ လက္ခဏာပြလေ့မရှိဘူး။

သွေးစစ်ခြင်း

စီပိုးစစ်တဲ့အခါ သွေးထဲမှာ အန်တီ ဘော်ဒီ (Anti-HCV) ရှိ မရှိ အရင် စစ်ရတယ်။ ဆေးပညာမှာ screening test လို့ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ရောဂါ ကူးစက်ခံရပြီး ၃ပတ်-၁၂ ပတ်အတွင်း စမ်းသပ်တွေ့ရှိနိုင်တယ်။ Anti-HCV (+) တွေ့ရင် ရောဂါကူးစက်ခံရဖူးတယ်လို့ သိနိုင်တယ်။ သို့သော် အင်တီဘော်ဒီသဘောက ရောဂါပျောက်သွားရင်တောင် သွေးထဲမှာ ကျန်ခဲ့သေးတာမျိုးပါ။

ဒါ့ကြောင့် သေချာအောင် လတ်တလော ရောဂါရှိ မရှိသိဖို့ HCV RNA ဆိုတာ ထပ်စစ်ပေးရတယ်။ ရောဂါကူးစက်ခံရပြီး ၂ပတ်အတွင်း တွေ့ရှိနိုင်တယ်။ ဈေးက တသိန်းခွဲနီးပါး ကျသင့်တယ်။ HCV RNA စစ်ခြင်းအားဖြင့် ပိုးကောင်ရေ(viral load)ကို သိနိုင်တယ်။ ဆေးကုမယ်ဆိုရင် ပိုးအမျိုးအစား(genotype)ပါ တခါတည်းစစ်ရတယ်။ ဒါမှ ဆေးကုရမယ့် ကြာချိန်ကို သိနိုင်မှာ ဖြစ်တယ်။ genotype အမျိုးအစား ၆မျိုးအနက် အနောက်နိုင်ငံတွေမှာ Genotype 1 က ပိုအဖြစ်များတယ်။ မြန်မာနိုင်ငံမှာ genotype 3 နဲ့ 6 က ပိုအတွေ့များတယ်။

ကုသခြင်း

စီပိုးကုတဲ့အခါ အရင်က ထိုးဆေး(Pegylated Interferon)နဲ့ သောက်ဆေး(ribavirin) ဆေးနှစ်မျိုး ပေါင်းပြီး ကုခဲ့ပါတယ်။ ထိုးဆေး တပတ်တကြိမ် ချက်တဝိုက်မှာ ထိုးပြီး ဆေးတလုံးကို တသိန်းကျော်လောက် ကျသင့်တယ်။ သောကိဆေးက တနေ့နှစ်ကြိမ် သောက်ရတယ်။ ဆေးနှစ်မျိုးလုံး ဘေးထွက်ဆိုးကျိုးများတယ်။ ဆေးပေးတဲ့အခါ ပိုးအမျိုးစားပေါ်မူတည်ပြီး ၂၄ ပတ်ကနေ ၄၈ ပတ်ကြာအောင် ကုရတယ်။

ဆေးအာနိသင်ကလည်း အမျိုးစားပေါ်လိုက်ပြီး ကွာခြားတယ်။ အရင်ကုထုံးအရ genotype 2နဲ့ 3 ဆိုရင် ၈၀ရာခိုင်နှုန်းထိ ပျောက်ကင်းနိုင်တယ်။ ၂၄ ပတ်ကုရတယ်။ genotype 1ဆိုရင် ၅၀ ရာခိုင်နှုန်း၊ genotype 4 ဆိုရင် ၆၅ ရာခိုင်နှုန်း ပျောက်ကင်းတယ်။ စုစုပေါင်း ၄၈ ပတ်ကြာအောင် ဆေးကုရတယ်။ ဒါပေမယ့် ဆေးနှစ်မျိုးလုံး ဘေးထွက်ဆိုးကျိုး အလွန်များတယ်။ အထူးသဖြင့် ထိုးဆေးပါ။ လိုအပ်ရင် သွေးအားပြန်ဖြည့်တဲ့ဆေးတွေ ပေးရပါတယ်။

၂၀၁၁ မှာ boceprevir နဲ့ telaprevir ဆိုတဲ့ DAAs သောက်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာတယ်။ DAAs(direct acting antiviral drugs)ဆိုတာ အသည်းဆဲလ်တွင်း စီပိုးပွားများမှုကို တိုကိရိုက် တားဆီးတဲ့ ဆေးမျိုးဖြစ်ပါတယ်။ ဒီဆေးက အရင်ဆေးတွေထက် အဆပေါင်းများစွာ အာနိသင် ပိုကောင်းလာတယ်။ အသည်းဆဲလ်ထိ တိုက်ရိုက်ခြေမှုန်းတဲ့ဆေးတွေပါ။ အရင်သုံးခဲ့တဲ့ ကုထုံးကို ထပ်ပေါင်းတဲ့ဆေးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းလောက် ထိရောက်တယ်။

၂၀၁၄ ထဲမှာ sofosbuvir, simeprevir နဲ့ daclatasvir ဆေးသစ်သုံးမျိုးထပ်ဝင်လာတယ်။ ဆေးသစ်ထဲက နှစ်မျိုးပေါင်းသောက်ရမှာဖြစ်ပြီး ထိုးဆေးမလိုတော့ပါ။ sofosbuvir နဲ့ simeprevir အတွဲကို genotype 1&4 အတွက် သုံးတယ်။ sofosbuvir နဲ့ daclatasvir အတွဲကို ဘယ်အမျိုးစားတွက်မဆို သုံးနိုင်တယ်။ ဆေးအားလုံး သုံးလဘဲ သောက်ဖ်ု့လိုတယ်။ အားသာချက်က ဆေးထိုးဖို့ မလိုတော့တဲ့အပြင် ဘေးထွက်ဆိုးကျိုး ပိုနည်းလာတာပါ။ အားနည်းချက်ကတော့ ဆေးဈေးတွေက အလွန်ကြီးမြင့်ပြီး ခေါင်ခိုက်နေတာ မဆင်းတာပါ။

၂၀၁၄ နှစ်ကုန်ခါနီးမှာတော့Harvoni (sofosbuvir + ledipasvir) ဆိုတဲ့ဆေးသစ်တမျိုးဝင်လာတယ်။ arvoni ဆေးတလုံးကို (၁၁၂၅) ဒေါ်လာကျသင့်ပါတယ်။ သုံးလစာ(၈၄လုံး)အတွက် အမေရိကန်ဒေါ်လာ (၉၄,၅၀၀) လောက်ကျသင့်မှာဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် သိန်းတထောင်ကျော်လောက်ရှိမှာပေါ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဘယ်လိုမှအဆင်မပြေပါ။ အခုတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ ၂၈ ရက်စာ ဆေးတစ်ဗူးကို (၅) သိန်း ဝန်းကျင်နဲ့ ဝင်လာပါပြီ။ ဆေးသုံးလသောက်ရုံနဲ့ ပျောက်ပါတယ်။

ဒါ့ကြောင့် ဒီနေ့ခေတ် စီပိုးကို သိန်း(၂၀)နီးပါးနဲ့ ပျောက်အောင် ကုလို့ရပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။

Credit – ဒေါက်တာ အေးမင်းထူး