လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြသလဲ ?
“ချစ်လို့” လို့ဖြေမယ့်သူတွေလည်း ရှိမှာပါ။”တစ်ယောက်တည်းမနေချင်လို့” လို့ဖြေတဲ့သူလည်း ရှိမှာပဲ။”အသက်ကြီးတဲ့အခါ အထီးကျန်မှာစိုးလို့”ဆိုတာလည်း ကြားရနိုင်တယ်။ တစ်ယောက်တစ်မျိုး မရိုးအောင်ဖြေကြမှာပေမယ့် ဘယ်လိုပဲ ဖြေကြ ဖြေကြ၊ သေချာတာတစ်ခုကတော့ ဘယ်သူမှ “စိတ်ဆင်းရဲမယ်” ထင်လို့ အိမ်ထောင်ပြုတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမယ် ထင်လို့အိမ်ထောင်ပြုတဲ့သူချည်းပါပဲ။ … တစ်ခေတ်တစ်ခါတုန်းကတော့ အမျိုးသမီးတွေ အိမ်ထောင်ပြုကြတာဟာ “အားကိုးရာ” ရှာကြတဲ့သဘော အများကြီးဆောင်တယ်။ “အိမ်ထောင်ဦးစီး”၊ “အိမ်ဦးနတ်” စတဲ့ဝေါဟာရတွေ ပေါ်ပေါက်လာတာဟာ သည်အချက်ကို အထင်အရှားပြဆိုနေပါတယ်။
ဒါပေမယ့် လက်တွေ့မှာ အိမ်ဦးနတ်ကြီးက ဘာအလုပ်မှ မလုပ်၊ ဘာတာဝန်မှ မယူတာမို့လို့ အရာရာမှာ ကိုယ်ကချည်း ဦးဆောင်နေရတဲ့
အမျိုးသမီးစွမ်းဆောင်ရှင်တွေလည်း သူ့ခေတ်နဲ့ သူ ရှိခဲ့တာချည်းပါပဲ။ ကျွန်တော်တို့ အိမ်ထောင်ပြုတဲ့ခေတ်၊ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်အထိတောင် အဲဒီ့ အားကိုးရာ ရှာတဲ့အစဉ်အလာကြီးက တယ်မပျောက်ချင်သေးပါဘူး။ ဒါဖြင့်အခုရော လုံးလုံးအကင်းသေပြီလားလို့မေးရင် ခေါင်းရမ်းပြရမယ့်အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ရှေးကထက် စာရင်တော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်တွေဆီ ပိုရောက်လာနေကြပြီ၊ အမျိုးသမီးတွေရဲ့ ထက်မြက်တဲ့အစွမ်းအစကို အများကြီး ပိုမြင်နေကြရပါပြီ။ ဒါပေမယ့် မိရိုးဖလာအစွဲ ဆိုတာ
နေတော်တော်နဲ့ ပျောက်ခဲလေတော့ အဲသလို မမတွေ အိမ်ထောင်ပြုရင်လည်း အပြည့်အဝအားကိုးတာ မဟုတ်ပေမယ့် အနည်းနဲ့အများတော့ မှီချင်၊ ခိုချင်၊ နွဲ့ချင်တဲ့ သဘောထားလေးတွေက ဆက်လက် ခိုင်မြဲနေဆဲပါပဲ။ ထားပါတော့… ယောက်ျားတွေကကျတော့ရော
ဘာကြောင့် အိမ်ထောင်ပြုတာလဲ ဆိုတာကိုဆန်းစစ်ပြန်ရင် အဟဲ… ကျွန်တော်တို့လည်း မိန်းမတွေကို အားကိုးလို့ပါပဲခင်ဗျ။ စီးပွားရေးအရ အားကိုးတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် အပျင်းထူတဲ့ ကျွန်တော်တို့ ယောကျ်ားသားများကို နေမှု ထိုင်မှု အစုစုမှာ လုပ်ပေး၊ ကိုင်ပေး၊ ချက်ပေး၊ ပြုတ်ပေး၊ လျှော်ပေး၊ ဖွပ်ပေးချည်သေးရဲ့ဆိုတာရယ်၊ ဟိုဟာလေးရယ်အတွက် အဓိကထားလို့ အိမ်ထောင်ပြုကြတာပါပဲ ခင်ဗျား။ အဲဒီ့အချက်တွေကြောင့် မဟုတ်ပါဘူး လို့ဖြောင့်ကွယ် ကွယ်ပြီး ကျယ်ကျယ်ကြီးကြီးတွေ လျှောက်ပြောရရင်တော့လား၊ ဟား… မျိုးဆက်ချန်ခဲ့ချင်လို့၊ လူ့တာဝန်ကျေချင်လို့၊ ဘာလို့ ညာလို့တွေ ပြောလို့ရပါတယ်။ ပြောလည်း ပြောတတ်ကြပါတယ်။
ဒါပေမယ့် တကယ့် အတွင်းပိုင်းမှာတော့ ဝန်မခံရင်သာ ရှိရမယ်၊ အိမ်ထောင်မပြုခင်က အမေတွေ၊ အစ်မတွေ ကိုယ့်ကို ယုယခဲ့သလို ပြုစုယုယပေးမယ့်သူကို ရှာတာနဲ့ လူတို့ဘာဝ ထိုကိစ္စအတွက် တစ်ဦးတည်း မူပိုင် လက်ကားဒိုင်ကြီး ဖွင့်လိုက်တာပါပဲ။ အိမ်ထောင်ပြုသင့်သလား? အဲသလိုများ မေးလာမယ်ဆိုရင်တော့ ယောက်ျားဆိုရင် အိမ်ထောင်ပြုဖို့ တိုက်တွန်းမိမှာဖြစ်သလို မိန်းမဆိုရင် အိမ်ထောင်မပြုဖို့ အားပေးမိမှာပါပဲ။ ဘာလို့လဲဆိုတော့ အိမ်ထောင်တစ်ခု ထူထောင်လိုက်တဲ့အခါမှာ အမြတ်ထွက်တဲ့သူက ယောကျ်ားတွေသာဖြစ်ပြီး အရှုံးပေါ်သူက မိန်းမသားတွေ ဖြစ်နေတတ်လို့ပါပဲ။ လျှော့လျှောပေါ့ပေါ့ပြောရင် သည်အချက်ဟာ အိမ်ထောင် တစ်ရာမှာ ၆၀-၇၀လောက်အတွက်သွေးထွက်အောင် မှန်နေပါလိမ့်မယ်။သာသာထိုးထိုး အလေးခိုးပြီးပြောရရင်တော့တစ်ရာမှာ ၉၀-၉၅လောက်ေတောင်လို့ ပြောရမယ်။မိန်းမတွေ အိမ်ထောင်ပြုလိုက်တဲ့အခါအပျိုဘဝကို ဆုံးရှုံးပါတယ်။ယောက်ျားတွေကရော လူပျိုဘဝကို မဆုံးလို့လားလို့ မေးစရာ ရှိပေမယ့်အိမ်ထောင်ရှင်တန်မဲ့နဲ့လူပျိုလေးလို ကိုးကျွင်းကိုးကျွင်း လုပ်နေသူတွေ၊အပေါင်းအသင်းတွေနဲ့ နေချင်သလို နေနေသူတွေ၊လူပျိုယောင်ဆောင်ပြီး ကိုယ့်အိမ်ထောင်ဖက်မှ တစ်ပါးအခြားမိန်းမသားတွေကို ထိကပါးရိကပါးလုပ်နေသူတွေကျားတို့နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။မိန်းမသားတွေ အိမ်ထောင်ကျတဲ့အခါမှာတော့ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေခွင့်ရလာတဲ့အခါမျိုးမှာမိဘအိမ်မှာ နေရစဉ်ကထက် ပိုမိုလွတ်လပ်လာ၊အပျိုဘဝတုန်းကထက် ကျယ်ပြောတဲ့လူ့လောကနဲ့ပိုမိုထိတွေ့ခွင့်ရလာနိုင်တာ မှန်ပေမယ့်တကယ်တမ်းမှာ အိမ်ထောင့်ဝန်တွေ ဖိစီးလာတဲ့အခါ၊သားသမီးတာဝန် ယူလာရတဲ့အခါတွေမှာအရာရာမှာ ကိုယ်ဟာ အလိုလိုနေရင်းဒုတိယနေရာ၊ တတိယနေရာကို ရောက်သွားပါတော့တယ်။လင်က ပထမ၊ သားက ဒုတိယ၊ သမီးက တတိယများ
ဖြစ်နေရင် ကိုယ်က စတုတ္ထဘဝကို ရောက်သွားတယ်။သည်တော့ကာ အိမ်ထောင်မပြုခင်ကလည်းယောက်ျားတွေဟာ ပထမ၊အိမ်ထောင်ကျတော့လည်း ယောက်ျားတွေဟာပထမ နေရာမှာပဲ အစဉ်အလာအဆက်လက် ခိုင်မြဲနေတာမို့ယောက်ျားတွေအိမ်ထောင်ပြုတာဟာတစ်စက်ကမှ မရှုံးပါဘူး။မိန်းမသားတွေအတွက်ကျတော့ မိဘလက်ထဲမှာတုန်းကအဖေ့ကို ပထမနေရာမှာပေးခဲ့ရလို့၊အစ်ကို့ကို ဒုတိယနေရာမှာ ထားခဲ့ရလို့၊ကိုယ်က တတိယနေရာမှာ ရှိခဲ့တယ် ဆိုဦး၊အိမ်ထောင်ကျတော့မှ စတုတ္ထနေရာ ရောက်သွားရပြီဆိုရင်
အဖျဉ်းဆုံး တစ်ဆင့်တော့ ကျသွားတာပါပဲ၊ရှုံးသွားတာပါပဲ။တကယ်လို့များ ကိုယ်က သမီးဦးမို့လို့ ဖူးဖူးမှုတ်ခံဆိုရင်ဒုတိယနေရာက စတုတ္ထနေရာကိုဆင်းရတာမျိုး ဖြစ်ပြီ၊အရှုံးက ကြီးသွားပြီ။ဒါလည်း လင်က ကိုယ့်အပေါ် သစ္စာရှိနေဦးမှ။သူက သစ္စာမရှိဘဲနဲ့ ဖောက်လွဲဖောက်ပြန် လုပ်၊နောက်ထပ် တစ်အိုးတစ်အိမ်များ ထူမယ်ဆိုရင်ကိုယ့်အဆင့်က ပထမဇနီး လို့နာမည်သာ ခံတယ်၊တကယ် နေရာရတော့ ဟိုးအောက်ခြေအထိရောက်ချင် ရောက်သွားနိုင်သေးတယ်။အဲလိုမျိုးဆိုရင် မမြတ်တဲ့အပြင်ခွက်ခွက်လန်အောင် အရှုံးက ပေါ်ပြီ။တခြားဟာတွေ ခဏထားဦး။ကိုယ်ကလည်း အလုပ်လုပ်၊ သူကလည်း အလုပ်လုပ်၊ဒိုးတူဘောင်ဖက် တက်ညီလက်ညီရှိနေတဲ့အိမ်ထောင်ရှင်တွေမှာတောင် အရေးရယ်၊ အကြောင်းရယ်၊သားတွေ၊ သမီးတွေ နေမကောင်း ထိုင်မသာ ဖြစ်လို့များခွင့်ယူရ၊ အလုပ် ဖျက်ရစတမ်းဆိုရင်မယားကသာ ခွင့်ယူရ၊ အလုပ်ဖျက်ရတာ။လင်သားတွေကတော့ အလုပ်ဖျက်ဖို့ နေနေသာသာ၊အိပ်ရေးလေး အပျက်ခံဖို့တောင် အနိုင်နိုင်ရယ်။ကိုင်း… အဲတော့ အိမ်ထောင်ပြုတာဘယ်သူမြတ်ပြီး ဘယ်သူရှုံးသလဲ၊ကိုယ့်ဘာသာ စဉ်းစားကြည့်ကြပေရော့…
ပြောမယ်ဆိုရင် နံပါတ်စဉ်ထိုးပြီးတောင်အများကြီး ပြောလို့ရပါတယ်။လိုတိုရှင်း ပြောရရင်တော့ အိမ်ထောင်ပြုလိုက်ကြတဲ့အခါ
ဘယ်ဖက်က တွက်တွက်၊ အမြတ်ထွက်တာကကျွန်တော်တို့ ကိုရွှေယောကျ်ားသားတွေ၊ခွက်ခွက်လန်တာက မမတို့
စိန်စိန်မိန်းမသားတွေသာ ဖြစ်ကြောင်းပါ ခင်ဗျား။အမျိုးသမီးများ အိမ်ထောင်ပြုမယ်ကြံရင်…သည်လောက်ပြောနေတဲ့ကြားက အမျိုးသမီးများအနေနဲ့အိမ်ထောင်ပြုမယ်များ ကြံရင်အောက်ပါ အမှန်တရားများကို
လက်ကိုင်ထားကြစေချင်ပါတယ်။
(၁) အိမ်ထောင်ပြုလိုက်လို့ တစ်ကိုယ်ရေ နေရတဲ့ဘဝထက်ထူးပြီးစိတ်ချမ်းသာလာရမှာ မဟုတ်ဘူး။သည်အချက်ဟာ နိဒါန်းမှာဖော်ပြခဲ့တဲ့သတင်းဆောင်းပါးပါသိပ္ပံနည်းကျ သုတေသနအရ ထင်ရှားနေပါတယ်။
(၂) ယောကျာ်းတွေဟာမရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်တတ်၊ရပြီးရင် ဖျာလိုခင်းပြီး တက်နင်းတတ်တယ်။သည်အချက်ကို မယုံရင်
ကိုယ့်အမေ၊ ကိုယ့်အဒေါ်အပါအဝင်အိမ်ထောင်သက် ကြာရှည်နေတဲ့ အိမ်ထောင်ရှင်များဆီကသက်သေခံထွက်ချက်တွေ တောင်းကြည့်နိုင်ကြပါတယ်။
(၃) ယောကျာ်းတွေရဲ့ အိမ်ထောင်ရေးသစ္စာကိုဘယ်၊ ဘယ်သောအခါမှ မယုံစားထိုက်ဘူး။ခန္ဓာဗေဒသဘော၊ စိတ်ပညာအရ လူသတ္တဝါတွေမှာဖြစ်ပေါ်မြဲတပ်မက်စိတ်နဲ့ ရမ္မက်ဇောသဘောတွေမှာကျားနဲ့ မတို့ဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ခြားနားလှတာမို့
အမျိုးသမီးများအနေနဲ့ဘယ်လိုမှ နားလည်လို့မရနိုင်လောက်တဲ့ ပွေလီမှုအစုံဟာကျွန်တော်တို့ ယောက်ျားတွေကို ထုံမွှမ်းထားပါတယ်။
ခြွင်းချက်အနေနဲ့ ရဟန်းတော်များ၊လိင်တူချင်းစုံမက်သူများသာ ရှိပါတယ်ခင်ဗျား။ဘယ်သူကဖြင့် ဘယ်လိုတည်ကြည်တာလို့
ပတ်ဝန်းကျင်က မြင်မြင်ကရာကိုအထင်တော် မကြီးလိုက်ကြပါနဲ့ဦး။တည့်တည့်ပြောပါရစေ။နားရွက်နဲ့ မနာ၊ ခြေထောက်နဲ့သာ နာတော်မူကြပါ။ဟုတ်ကဲ့…အခကြေးငွေ ပေးရတဲ့ အပျော်အဖော်ဆီသွားတယ်ဆိုတာ အမြန်ဆုံး ၁၅မိနစ်၊ အကြာဆုံးမှ နှစ်နာရီပါ။တချို့ကျပြန်တော့လည်း ညီအစ်ကိုရင်းချင်းတောင်လူလုံး မကွဲလောက်တဲ့ အကာလ ညအခါများမှာတစ်ခါတလေ ကြတာပါ။အဲဒါကိုပဲ အိမ်ပြန်ရောက်တဲ့အခါ”အမေကြီးရေ… အဖေကြီးတော့အပျော်အဖော်ဆီက ပြန်လာတယ်ဟေ့”လို့ ဘယ်သူမှ ထုတ်မပြောပါဘူးခင်ဗျား။
သူ အဲသလို သွားလာနေတာကိုဘယ်သူကမှလည်းတော်တော်တန်တန် သိလိုက်မှာ မဟုတ်၊ရိပ်မိလိုက်မှာ မဟုတ်ပါဘူး။ဒါကြောင့် ဘယ်သူကဖြင့် ဘယ်လို တည်တံ့တာဆိုတဲ့စကားမျိုးနဲ့ ဟုတ်နိုးနိုး မအောက်မေ့ကြပါနဲ့။စာတစ်အုပ် ကောင်း-မကောင်းကိုစာအုပ်အဖုံးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ သိုးဆောင်းဆိုရိုးကို မမေ့ကြစေချင်ဘူး။(၄) အိမ်ထောင်ပြုလိုက်တာနဲ့ မိန်းမသားတွေဟာဝန်ထုပ်ဝန်ပိုးစုံကို လွယ်ရပါတော့မယ်။လင့်တာဝန်၊ သားသမီးတာဝန်တွေ ထမ်းရတော့မှာကိုဆိုလိုတာပါ။ ယောက်ျားတွေလည်း ထမ်းရတာပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ကဝင်ငွေကောင်းကောင်း ရှာပေးနိုင်ပြီဆိုရင်ကျန်တာတွေ ပေယျာလကန် ထားလို့ရပါတယ်။အမျိုးသမီးမှာတော့ ကိုယ်ဝန်စတင်ဆောင်ကတည်းကကာယိကဒုက္ခ စတင်ခံစားရပြီ။သည်ကမှ ဆက်တိုက်ထမ်းရမယ့်ဝန်ဟာအမယ်မင်း… အစုံ ခင်ဗျ၊ အစုံ၊ အစုံ။(၅) ယောက်ျားသားများရဲ့ ဝင်စားမှုဟာအိမ်ထဲမှာ အလွန်ရှိခဲတယ်။ဘောလုံးပွဲ၊ ဂေါက်ကွင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊
ကျားဝိုင်း၊ ဘိလိယက်ဝိုင်း စတဲ့နေရာတွေမှာဘယ်သူတွေ နေရာအယူဆုံးလဲ ဆိုတဲ့အချက်နဲ့တင်သည်အချက်ကလည်း ဒက်ထိဖြစ်နေပါပြီ။အားအား ရှိ၊ အိမ်က မိန်းမနား ကပ်နေတဲ့ယောကျာ်းဆိုတာမပဋာ ရှာမတွေ့ခဲ့တဲ့မုံညင်းဆီလောက်နီးနီး ရှားလှပါတယ်။အဲ…ခြွင်းချက်တော့ ရှိသပေါ့။အိုလာတဲ့အခါ၊ နာလာတဲ့အခါ၊ မစွမ်းတော့တဲ့အခါကျရင်တော့ အိမ်က ကြက်နာမကြီးနားမှာတဖဝါး မခွာ ရှိတတ်တယ်။
မအို မနာသေးဘဲ စွမ်းနေသမျှတော့လား၊အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့အတိုင်းပဲ၊ယမယ်မျိုးစုံ ရှာပြီး အိမ်ကခွာဖို့ စဉ်းစားနေတတ်ကြတာတစ်ရာမှာ ၉၅ယောက် အထက်ပါပဲ။ဒါ အလေးခိုးပြီး ပြောတာ။ လျှော့ပြောရင်တော့၆၀%ရဲ့အထက်မှာ ရှိနေတာတော့ အသေအချာပါပဲ။ဘယ်လိုအမျိုးသမီးတွေ အိမ်ထောင်ပြုသင့်သလဲ?ကိုယ်စွမ်းကိုယ်စ မရှိတဲ့အမျိုးသမီးများဟာအိမ်ထောင်ပြုသင့်တဲ့အမျိုးသမီးစာရင်းမှာထိပ်ဆုံးက ပါပါတယ်။မိမိဘဝရပ်တည်မှုအတွက်၊ နေသာဖို့အတွက်အိမ်ထောင်ပြုတာပဲပေါ့။ဒုတိယအမျိုးအစားကတော့ လူရည် အင်မတန်လည်တဲ့၊ပါးနပ်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုသင့်ပါတယ်။တစ်နည်းအားဖြင့် ယောက်ျားကျမ်းကျေညက်သူတွေ
အိမ်ထောင်ပြုတာကို ဩဘာပေးထိုက်ပါတယ်။ယောက်ျားတွေရဲ့ ကောင်းကွက်တွေကိုသိသလိုညံ့ကွက်တွေကိုလည်း ကောင်းကောင်းကြီး သိနေပြီ။ကောင်းကွက်တွေကို အသုံးချ၊ညံ့ကွက်တွေနဲ့ အညှာကိုင်တတ်မယ်ဆိုရင်အောက်သွားမပါတဲ့နွားပြာကြီးများ မွေးနိုင်ကြပါလိမ့်မယ်။ဒါပေမယ့် အဲသလိုအရည်အချင်းမျိုးရှိဖို့ကလည်းတော်တော်တန်တန် ပါရမီမျိုးနဲ့ မလွယ်ပါဘူး။သူရို့ မအေတွေကိုယ်တိုင်က
ကိုယ့်လင်သားကို အပိုင်ကိုင်ထားပြမှရင်လည်း ဖြစ်မယ်၊သူတို့ကိုယ်တိုင်က ယောကျာ်းတော်တော်များများနဲ့ရင်းနှီး ကျွမ်းဝင်စွာ နေတတ်ပြီးလှစ်လှစ်-လှစ်လှစ်နေအောင် ပါးနပ်မှရင်လည်း ဖြစ်ပါမယ်။သည်နှစ်မျိုးကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေအိမ်ထောင်ပြုဖို့ ဆိုရင်တော့အနည်းဆုံး ဆယ်ကြိမ်ဆယ်ခါ ပြန်စဉ်းစားစေချင်ပါတယ်။အိမ်ထောင်မပြုသင့်ဆုံး အမျိုးသမီးတွေကိုယ်စွမ်းကိုယ်စ အပြည့်ရှိတဲ့အမျိုးသမီးတွေလုံးလုံး အိမ်ထောင်မပြုသင့်ပါဘူး။ကိုယ့်ဝမ်း ကိုယ်ကောင်းကောင်းကျောင်းနိုင်နေတဲ့အပြင်ပိုပိုလျှံလျှံ သုံးသုံးစွဲစွဲနေနိုင်တဲ့အမျိုးသမီးများအိမ်ထောင်ပြုတာကို ကျွန်တော်ကတော့အားကို မပေးချင်ဘူး။အဲသလို အမျိုးသမီးတွေ အိမ်ထောင်ပြုတာဟာ
ဒုက္ခရှာတာ လို့ချည်းမြင်နေလို့ပါပဲ။ မယုံမရှိပါနဲ့၊ကျွန်တော့်ရဲ့ အတန်အသင့် ရင့်မာလာတဲ့လူမှုရေးအတိုင်ပင်ခံ သက်တမ်းတစ်လျှောက်မှာရော၊ဘဝတစ်လျှောက်မှာပါ အိုးဒယ်နစ်၊ နစ်နေရှာကြတဲ့စွမ်းဆောင်ရှင် အမျိုးသမီးတွေမကြာခဏ တွေ့တွေ့နေရပါတယ်။
ဒုတိယကတော့ ဘဝမှာဘယ်တုန်းကမှ စိတ်ချမ်းချမ်းသာသာ မနေဖူးသူတွေပါ။ရှိတာ၊ မရှိတာနဲ့ မဆိုင်ပါဘူး။ကိုယ့်ဟာလေးနဲ့ ကိုယ်စိတ်လက် ချမ်းသာအောင်နေကျင့်ရှိခြင်း/မရှိခြင်းနဲ့ပဲ ဆိုင်ပါတယ်။တကယ်လို့များ စာဖတ်သူဟာအခုအချိန်အထိ ဖြတ်သန်းခဲ့သမျှ ဘဝတစ်လျှောက်မှာစိတ်ချမ်းချမ်းသာသာ သိပ်မနေဖူးခဲ့ရင်အိမ်ထောင်ပြုလိုက်မှ စိတ်ချမ်းသာလာမယ်ဆိုတဲ့အတွေးဟာ တက်တက်စင်အောင် လွဲတော့မယ့်စိတ်ကူး ဆိုတာမြင်စေချင်ပါတယ်။အချစ်ရဲ့အခန်းကဏ္ဍကျွန်တော် ပြောသွားတဲ့အထဲမှာ အချစ်ရဲ့အခန်းကဏ္ဍကို
တစ်လုံးမှ ထည့်ဆွေးနွေးမသွားပါဘူး။ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်က ဖိုမချစ်ကိုသိပ်နှစ်နှစ်ကာကာ မယုံကြည်လှလို့ပါပဲ။
မမြဲတဲ့ အနိစ္စသဘောတရားထဲမှာအဲဒီ့ရွှေအချစ်လည်း အတိအကျ ပါပါတယ်။ဘာဝနာနဲ့ ပွားများယူရတဲ့မေတ္တာကို မဆိုလိုဘူးနော်။
လောကီလူ့ဘောင်က အဖိုနဲ့အမကြားမှာပေါ်ပေါက်ပျောက်ကွယ်တတ်မြဲ အချစ်ဆိုတဲ့ “အစွဲ”ကို ပြောတာပါ။တကယ်လို့များ၊ စာဖတ်သူ မမဟာတစ်စုံတစ်ယောက်ကို သိပ်ချစ်နေတယ်၊တစ်သက်လုံး ဆက်ချစ်ချင်နေချင်တယ်၊နောက်ဆုံး ထွက်သက်လေးအထိချစ်သွားချင်တယ်ဆိုပါရင်လေ… ကျွန်တော် ပေးချင်တဲ့အကြံကတော့အဲဒီ့လူကို ယူကို မယူဘဲနဲ့ ခပ်လှမ်းလှမ်းကပဲအသာလေး၊ တိတ်တိတ်လေး ချစ်နေလိုက်စမ်းပါ။အဲဒါက သူ့ကို သေတစ်ပန် သက်တစ်ဆုံး ချစ်နိုင်ပါတယ်။အဲ… ချစ်သူကို လက်ထပ်လိုက်မိလို့ကတော့
အင်း… နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်၊ချစ်သူဘဝကနေ မုန်းသူ၊ ရွံရှာသူ၊ စက်ဆုပ်သူအဖြစ်ပြောင်းသွားနိုင်တဲ့ကိန်းက ၅၀%ဝန်းကျင်မှာ ရှိကြောင်းပါ။ဒါအလေးခိုးထားတဲ့ ကိန်းဂဏန်း မဟုတ်ပါဘူး။အပိုင်ပြောနိုင်တဲ့ ပမာဏပါ။ဒါပေမယ့်လည်း အဲဒီ့အချစ်ဆိုတဲ့ (ဘာမှန်းမသိလှတဲ့)ခံစားမှုနဲ့ပဲ စုံလုံးကန်းကန်းကုန်ပြန်တဲ့အခါမှာတော့အမေလည်း မနေရ၊ အဖေလည်း မနေရ၊
မောင်နှမသားချင်းတွေလည်း မနေရ၊ဘေးလူတွေလည်း မနေရနဲ့ အရပ်ကူပါလူဝိုင်းပါတွေဖြစ်ရတဲ့သာဓကတွေလည်း မနည်းဘူး။
ပြီးရင် ကိုယ့်ဖက်ကစုံလုံးကန်းခဲ့မိတာကို ပြန်မမြင်တော့ဘဲသင်းကိုက ဘယ်ကဲ့သို့ ဘယ်ချမ်းသာတွေဖြစ်ကုန်တာလည်း အဲဒီ့မမတွေပဲ။
သို့သော်လည်းပေါ့လေ…ဘယ်သူတွေ ဘယ်လောက်ပြောပြော၊ကျွန်တော်မကလို့ သိကြားမင်းကြီးကိုယ်တိုင်ပဲဆင်းလာပြီး
တားဦး တားဦး၊ ကာမဘုံသား ဆုံလည်နွားဆိုတဲ့ စာရင်းထဲမှာပါနေကြတဲ့ သူသူကိုယ်ကိုယ်ဟာအရွယ်လေး ရောက်လာ၊ ကျော်လာ၊ လွန်လာတဲ့အခါအိမ်ထောင်မှ မရှိရင် မူမမှန်တဲ့သူလို့ကိုယ့်ကိုယ်ကိုယ် မြင်မိကြရင်းကနေမရအရ အိမ်ရာထူထောင် ဖြစ်နေကြဦးမှာပါပဲ။
အခု ကျွန်တော်ရေးလိုက်တဲ့အမျိုးသမီးများ အိမ်ထောင် မပြုရေးဆိုတဲ့အဆိုပြုဆွေးနွေးချက်ဟာမဖြစ်မနေ အိမ်ထောင်ပြုကို ပြုတော့မယ်လို့ဆုံးဖြတ်ထားသူများအတွက် မရည်ရွယ်ပါဘူး။အိမ်ထောင်ပြုရ ကောင်းနိုး၊ မပြုရ ကောင်းနိုးဖြစ်နေသူတွေ၊ကိုယ်ကိုယ်တိုင်က အိမ်ထောင် မပြုချင်လှပေမယ့်လူပြောသူပြောနဲ့ အိမ်ထောင်ပြုလိုက်ရင်များ ကောင်းမလားလို့တွေးနေသူတွေအတွက်
တစ်ဖက်တစ်လမ်းက စဉ်းစားစရာရအောင်အကြံပြုဆွေးနွေးလိုက်တာသာ ဖြစ်ပါတယ်။