မိုးဦးကျလာပြီဆိုရင် မိဘတိုင်းအတွက် အထူးသတိထားရမယ့် အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ခြင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ “သွေးလွန်တုပ်ကွေး” ပါပဲ။ ရောဂါက အသက်အရွယ်မရွေး ဖြစ်နိုင်ပေမဲ့ (၅) နှစ်ကနေ (၁၄) နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်လို့ မိသားစုတိုင်း ဒီရောဂါအကြောင်းကို သေချာသိထားဖို့ လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေးဆိုတာ ဘာလဲ?
မေလကနေ စက်တင်ဘာလအတွင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး၊ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင် (Aedes Aegypti) ကိုက်ရာကနေ ကူးစက်တာပါ။ ဒီခြင်တွေဟာ အိမ်ပတ်ဝန်းကျင်က ရေကြည်ရေသန့်တွေမှာ ပေါက်ပွားတတ်ပြီး အဓိကအားဖြင့် “နေ့ခင်းဘက်” မှာ ကိုက်တတ်တာက အန္တရာယ်ပိုများစေပါတယ်။
ရောဂါလက္ခဏာများကို ခွဲခြားသိမြင်ခြင်း
သွေးလွန်တုပ်ကွေးကို အဆင့် (၄) ဆင့်ခွဲခြားပြီး သတိပြုကြည့်ရှုနိုင်ပါတယ် –
- အဆင့် (၁) – အစပျိုးလက္ခဏာ: ရုတ်တရက် အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်းနှင့် အရေပြားပေါ်တွင် အနီစက်များ ပေါ်လာခြင်း။
- အဆင့် (၂) – သတိပြုရန်အချက်: နှာခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း (အညိုရောင်အရည်များ)၊ သွေးဝမ်းသွားခြင်း။
- အဆင့် (၃) – အန္တရာယ်ရှိသောလက္ခဏာ: သွေးခုန်နှုန်း အားနည်းလာခြင်း၊ ခြေလက်အေးစက်လာခြင်း၊ မူးဝေပြီး မအီမသာဖြစ်ခြင်း။
- အဆင့် (၄) – အရေးပေါ်အခြေအနေ: သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းပြီး အလွန်အမင်း အားနည်းလာခြင်း။
ရောဂါစတင်ဖြစ်ပွားပြီး (၂) ရက်မှ (၇) ရက်အတွင်းကာလသည် အသက်အန္တရာယ်အတွက် အရေးကြီးဆုံးဖြစ်သဖြင့် မပေါ့ဆသင့်ပါဘူးနော်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်
“ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်” –
- ရေကို လုံခြုံစေပါ: ရေအိုး၊ ရေစည်၊ ရေကန်များကို အဖုံးလုံအောင် ပိတ်ပါ။
- ပတ်ဝန်းကျင်သန့်ရှင်းရေး: ခြင်ပေါက်ပွားနိုင်တဲ့ ရေဝပ်နေရာတွေကို ရှင်းလင်းပါ။
- ခြင်ကိုက်မခံရစေရန်: နေ့ခင်းဘက်မှာပင် ခြင်ထောင်နဲ့ အိပ်စက်တဲ့ အလေ့အကျင့်လုပ်ပါ။
ရောဂါလက္ခဏာတွေ့ရှိပြီဆိုလျှင် –
အရည်ဓာတ်ဖြည့်ပါ: ရေ၊ အုန်းရည်၊ သစ်သီးဖျော်ရည်များများ တိုက်ကျွေးပါ။
ရေပတ်တိုက်ပါ: ခန္ဓာကိုယ်အပူချိန် လျော့ကျစေရန် မကြာခဏ ရေပတ်တိုက်ပေးပါ။
ဆေးဝါးသတိပြုရန်: အဖျားအတွက် ပါရာစီတမောသာ သောက်သုံးပါ။ အက်စပရင် (Aspirin) နှင့် အိုင်ဗျူပရိုဖင် (Ibuprofen) တို့သည် သွေးယိုစိမ့်မှုကို ဖြစ်စေနိုင်သဖြင့် လုံးဝ (လုံးဝ) မသောက်သုံးရပါ။
Hug Myanmar ရဲ့ အရေးကြီးဆုံး အကြံပြုချက် – သွေးလွန်တုပ်ကွေးဟု သံသယရှိသည်နှင့် မိမိဘာသာ ဆေးကုသနေမည့်အစား ကျွမ်းကျင်သည့် ဆရာဝန်နှင့် အမြန်ဆုံးပြသခြင်းသည်သာ လူနာအတွက် အလုံခြုံဆုံးနှင့် အစိတ်အချရဆုံး နည်းလမ်းဖြစ်ပါတယ်။
