အမျိုးသားမိတ်ဆွေတစ်ဦးဟာ ကျွန်တော်နဲ့တွေ့တော့ သူကွာရှင်းပြီးတဲ့ နောက်မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ ကျွန်တော့်ကို ပြောပြပါတယ်။ သူ့အမျိုးသမီးနဲ့သူ မကွာရှင်းခင်မှာ အိမ်က အိမ်သာအိုးကို နေ့တိုင်းတိုက်ဆေးရတယ်ဆိုတာကိုသူမသိခဲ့ကြောင်း၊ သားသမီးတွေကို ပြုစုပျိုးထောင်ရတာ ဒီလောက်စိတ်ပင်ပန်းတယ်ဆိုတာကို သူမသိခဲ့ကြောင်း၊ မိသားစုတာ၀န်ကြောင့် လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ကြောင်းတွေ ပြောပြပါတယ်။
“ခင်ဗျား အရင်မိန်းမအဆင်ပြေနေလား”လို့ သူ့ကိုကျွန်တော်မေးတော့..
“ကျွန်တော်နဲ့ ကွာရှင်းပြီးကတည်းက အဆက်အသွယ်မလုပ်ခဲ့တော့ဘူး”လို့ သူကဆိုပါတယ်။
“ကလေးတွေကို သူလာမကြည့် ဘူးလား”လို့ ကျွန်တော်ဆက်မေးတော့ သူခေါင်းခါပြပါတယ်။
“သူမွေးထားတဲ့ကလေးကို သူ မချစ်ဘူးလား”လို့ ကျွန်တော်နားမလည်စွာမေးတော့ မိတ်ဆွေက သူနဲ့သူ့အမျိုးသမီးရဲ့ ယခင်ကအကြောင်းတွေ ကျွန်တော့်ကို ရင်ဖွင့်ပါတော့တယ်။
သူ့အမျိုးသမီးက မဆိုးဘူးလို့ဆိုရမယ်.. သူနဲ့ မယူခင်တုန်းက အပျော်အပါး လေးတွေရှိတတ်ခဲ့ပေမယ့် သူနဲ့ယူပြီးချိန်မှာ အိမ်ထောင်တစ်ခုကို တည်တည်တံ့တံ့ထိန်းသိမ်းနိုင်ခဲ့တယ်။
ပထမကလေးကိုမွေးပြီးတော့ အလုပ်ကိစ္စကိုအကြောင်းပြပြီး သူအိမ်ပြန်နောက်ကျတာတွေရှိလာခဲ့တယ်။ ဒါကို သူ့အမျိုး သမီးကလည်း နားလည်ပေးတယ်။ လင်ယောက်ျားအလုပ်မှာပင် ပန်းခဲ့တာကြောင့် နားပူနားဆာလုပ်တာမျိုးလည်း မရှိခဲ့ဘူး။
ဒုတိယကလေးကိုမွေးပြီးတဲ့နောက် သူ့အိမ်ပြန်ချိန်တွေ ပိုနောက်ကျလာခဲ့တယ်။ သူ့အမျိုးသမီးက သူ့ကို ကလေးတွေအတွက် အချိန်နည်းနည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကို အကြောင်းအမျိုး မျိုးပြပြီး သူငြင်းဆိုခဲ့တယ်။ ယောက္ခမက
ရှေးရိုးအစဉ်အလာ၊ ရှေးရိုးအတွေးအခေါ်နဲ့မို့ သားအိမ်မကပ်တာဟာ ချွေးမကြောင့်လို့ဆိုတယ်။
ချွေးမအပေါ်မှာလည်း ဆက်ဆံရေးတွေ အေးစက်ခဲ့တယ်။
အိမ်ထောင်သက်ရှစ်နှစ်အကြာမှာ အမျိုးသမီးက သူ့ကို “အိမ်ထောင်ကျတာ ရှစ်နှစ်ရှိခဲ့ပြီ… ဒီအိမ်အတွက် ရှင်ဘာတွေပေးဆပ်ခဲ့သလဲ၊ ကျွန်မအတွက် ရှင်ဘာလုပ်ပေးခဲ့ဖူးသလဲ”လို့ မေးပါတယ်။
“ဒီအိမ်အတွက် … ဒီမိသားစုအတွက် ငါပင်ပင်ပန်းပန်း ပိုက်ဆံတွေရှာခဲ့တယ်။ ဒါတောင် မင်းက ငါ့ကိုဘာတွေလုပ်စေချင် သေးသလဲ.. ဒါနဲ့တင်မလုံလောက်ဘူးလား”လို့ ရီဝေ၀နဲ့ သူပြန်အော်ပါတယ်။
“ပိုက်ဆံရှာပေးရုံနဲ့တင်လုံလောက်ပြီလို့ ရှင်ထင်သလား။ မိန်းမတစ်ယောက်လိုအပ်တာဟာ ပိုက်ဆံပဲလို့ ရှင်ထင်သလား””
“ဒါဆို ဘာလိုချင်သေးတာလဲ.. စားဖို့မပူ၊ ၀တ်ဖို့မပူ လူတန်းစေ့ထားတာတောင် မင်းကမရသေးဘူးလား။ ဘာမှမလုပ်ဘဲ အိမ်မှာဇိမ်နဲ့ နေရ၊ လုပ်ချင်တာလုပ်နေရတာ။ မိန်းမဘယ်နှယောက်လောက်ကများ မင်းလိုကံကောင်းဖူးသလဲ” မကျေမနပ်နဲ့ သူပြောပါ တယ်။
“အိမ်ထောင်ကျပြီးတဲ့ ဒီကာလတစ်လျှောက် ကျွန်မပေး ဆပ်ခဲ့တာတွေကို ရှင်မမြင်ခဲ့ဘူး။ ကျွန်မပင်ပန်းတာကို ရှင်မတွေ့ ခဲ့ဘူး။ သားသမီးတွေက သဘာ၀အတိုင်း အလိုအလျှောက် ရုတ်တရက်ကြီးပြင်းလာတယ်လို့ ရှင်ထင်နေသလား” အမျိုးသမီးက ရင်နာနာနဲ့ဆိုပါတယ်။
“ငါကရော မပေးဆပ်ခဲ့လို့လား.. မင်းကို ဂရုမစိုက်ခဲ့လို့လား.. မင်းကို ပိုက်ဆံတွေပေးပေးနေတာ ဘယ်သူတုန်း။ သားသမီးတွေ ကြီးပြင်းလာတာဟာလည်း ငါရှာထားတဲ့ ပိုက်ဆံတွေနဲ့ ကျွေးမွေးခဲ့လို့ပဲမဟုတ်လား”
သူ့စကားအဆုံးမှာ အမျိုးသမီးဆီက ဘာသံမှထွက်မလာ ခဲ့တော့ဘူး။ အသိတရားတစ်ခုနဲ့ သူမနိုးထသင့်ပြီလို့ သူမထင်လိုက် တယ်။ ဒီလိုနဲ့ ကွာရှင်းဖို့ သူမ စကမ်းလှမ်းလိုက်တယ်။ အကြောင်း ပြချက်မရှိတဲ့ ကွာရှင်းခွင့်ကို သူမတောင်းဆိုလိုက်တယ်။ ကလေး မယူ၊ ပိုက်ဆံမယူ၊ ဘာပိုင်ဆိုင်မှုမှမယူဘဲ သူမဘ၀ကိုဖြုန်းတီးခဲ့တဲ့ ဒီယောက်ျား၊ သူမကို မပျော်ရွှင်စေခဲ့တဲ့ ဒီယောက်ျားကိုပဲ သူမကွာရှင်းချင်နေခဲ့တယ်။
မိတ်ဆွေအမျိုးသားဟာ ကျွန်တော်နဲ့စကားပြောနေရင်း ဒီနေရာအရောက်မှာ စကားရပ်လိုက်ပြီး ခေါင်းကိုငုံ့ချလိုက်ပါတယ်။ သူသောက်တာများသွားလို့ဖြစ်မယ်ဆိုပြီး သူ့ပခုံးကို ကျွန်တော်ပုတ်လိုက်ပါတယ်။
“ခင်ဗျားသိလားဗျာ ကွာရှင်းပြီးတဲ့နောက်မှာ ကလေးနဲ့ ကျွန်တော့်ကိုယ်တိုင်အတွက် မိန်းမကိုယ်စား တခြားမိန်းမတစ် ယောက်ယောက်ကို ရှာကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်နှစ်သက်တဲ့သူကို ကလေးတွေက မနှစ်သက်ဘူး”
“ကလေးတွေမနှစ်သက်လို့ အဲဒီမိန်းမကို ခင်ဗျားလက်မခံခဲ့ဘူးပေါ့” လို့ ကျွန်တော်မေးတော့ သူကခေါင်းညိတ်ပြရင်း “ဟုတ်တယ်.. အခုချိန်ကျမှ ကလေးတွေဟာ သူတို့ကိုယ်တိုင် မကြီးပြင်းတတ်ကြောင်းကို ကျွန်တော်သိလိုက်ရတယ်။ မိသားစုဝေယျာဝစ္စတွေဟာ
နေ့တိုင်းဒီလောက်များမှန်း၊ ကလေးနှစ်ယောက်ကို ထိန်းသိမ်းရတာ ဘယ်မှလည်းသွားဖို့အချိန် မရှိမှန်း၊ ရေချိုးခန်းအိမ်သာ နေ့တိုင်းသန့်ရှင်းနေတာဟာလည်း အကျိုးအကြောင်းရှိမှန်း အခုချိန်ကျမှ ကျွန်တော်သိလိုက်ရပါတယ်”
မိတ်ဆွေဟာ ရင်ဖွင့်လိုက်ရလို့ပဲလား… အရက်အရှိန်ကြောင့်ပဲလားမသိ.. သူအားရပါးရငိုကြွေးပါတော့တယ်။ ကျွန်တော့်မှာတော့
နှစ်သိမ့်ဖို့ စကားလုံးတွေမဲ့နေခဲ့ပါတယ်။
ယောက်ျားတချို့ဟာ မိန်းမတစ်ယောက်ကိုချစ်ဖို့ ဘယ်တော့ခါမှ သင်ယူတတ်မြောက်မှာမဟုတ်ကြောင်းကို ကျွန်တော်သိပါတယ်။ တချို့ယောက်ျားက မိန်းမတစ်ယောက်ကိုလိုအပ်တာဟာ အထိန်းတော်တစ်ယောက်ကို သူလိုလို့။ အခိုင်းအစေတစ်ယောက်ကို သူလိုလို့။ ဒါမှမဟုတ် မျိုးဆက်၊ မျိုးရိုးတွေအတွက် သားသမီးတွေ သူလိုလို့ပဲဖြစ်တယ်။ ကျွန်တော့်ရဲ့အဲဒီမိတ်ဆွေကတော့ မိန်းမတစ်ယောက်ဟာ
သူ့ဘဝနှောင်းပိုင်းအတွက် အဲဒီလောက်အရေးပါတယ်ဆိုတာကို နောင်တတရားနဲ့အတူ မယုံနိုင်ဖြစ်နေခဲ့ပါတယ်။
မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ နာမည်ကြီးအ၀တ်အစားတွေ၀တ်ရလို့၊ နာမည်ကြီးနောက် ဆုံးပေါ်ပစ္စည်းတွေကိုင်ရလို့၊ ကားအကောင်းစားမောင်းရလို့ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ငိုတဲ့အချိန် ချော့တဲ့သူရှိတာ၊ မောတဲ့အချိန် မှီစရာပခုံးရှိတာ၊ ဖျားနာတဲ့အချိန် ပွေ့ဖက်မယ့်သူရှိတာ၊ အားငယ်ချိန် အနားမှာဖေးမပေးသူရှိတာ၊ ကိုယ့်ကိုချစ်ပြီး နားလည်ပေးနိုင်သူရှိတာပဲဖြစ်ပါတယ်။