covidnote1

​လူတွေပေါက်ကရလုပ်လာပြီဆို အကြောင်းရင်းသာရှာကြည့် အကြောက်တရားဆိုတာကလွဲပြီး မတွေ့။ ပေါက်ကရလုပ်ရင်း အသက်တွေ ပေးကြတာ။နားလည်တတ်ကျွမ်းသူဆိုတာ အလကားဖြစ်လာတာမဟုတ်ဘူး။ပညာကိုအခိုင်အမာတည်ဆောက်ပြီးမှ ပြန်လည်အသုံးချကြရတာ။ပညာ မခိုင်မာရင် တစ်သက်လုံးသင်တောင်မတတ်ဘူး။ပြောစရာဆက်ပြောမယ်။ကိုဗစ်ကိုတိုက်ရာမှာ ဘယ်ဟာကအဓိကလဲ ???အဖြေကတစ်ခုတည်းရယ်။လူ့ရဲ့ကိုယ်ခံအားစနစ်ကြီးပါ။ကိုယ်ခံအားအကြောင်းပြောရင် Immunology ကိုယ်ခံအားလေ့လာပညာဆိုတာ ဘာသာရပ်ကြီးတစ်ခုမို့ သုံးနှစ်လောက်လက်ချာရိုက်မှ တတ်မယ်။ကိုယ်ခံအားချို့တဲ့ရင်ပြဿနာပေါ်သလို ကိုယ်ခံအားများရင်လည်း မဟာဒုက္ခ။ကိုယ်ခံအားက နည်းရမယ့်နေရာမနည်း များရမယ့်နေရာမများရင် ပြဿနာတော်တော်ကြီးတယ်။ဒီလိုဖောက်ပြန်တာကို ကုယူရတာ။ဒီဘာသာကို ဝါသနာမပါရင်တော့ ခပ်ရှုပ်ရှုပ်တွေရယ်။ခက်တာတော့မခက်ဘူး ရှုပ်တာ။

ကိုဗစ်မှာ

၁.symptomatic treatment ရောဂါလက္ခဏာတွေကိုကုတာ

၂. mainstream treatment of the disease သူ့တိုက်ရိုက်ကုတာ

၃. supporting treatment အသက်မသေအောင် အထောက်အပံ့အနေနှင့်ကုတာ

၄. treatment of comorbidity and complications နောက်ဆက်တွဲပြဿနာတွေနဲ့ အရင်ရှိပြီးသားရောဂါအခံတွေကိုကုတာ ဆိုပြီးရှိတယ်။အုပ်စုလေးစုပေါ့။အရင်ဆုံးအရေးအကြီးဆုံးက တိုက်ရိုက်ကုတာလည်းဖြစ်နိုင်သလို အထောက်အပံ့တွေကလည်း ဖြစ်နိုင်တာပဲ။လက္ခဏာကုတာလည်း အရေးကြီးသလို နောက်ဆက်တွဲဇာတ်လမ်းတွေကုတာလည်း ပစ်ထားလို့မရ။

၁. မှာ ဆရာဝန်တိုင်းညွှန်ကြားနိုင်တယ်။

၂. နဲ့ ၄. ကိုကုသရာမှာ အထူးကုပါရဂူအကြံဉာဏ် specialist advice ပါမှပိုထိရောက်မှာဖြစ်ပါတယ်။

၃. ကတော့ ဆရာဝန်တိုင်းလုပ်နိုင်တာနဲ့ အထူးကုပဲလုပ်နိုင်တာ နှစ်ပိုင်းရောနေတယ်။

၁.နဲ့ ၄. အကြောင်းကို ရေးသင့်သလောက်ရေးပြီးပါပြီ။

၃. အကြောင်းလည်း တီးမိခေါက်မိရေးပြီးပြီဖြစ်ပါတယ်၊မေ့ဆေးအထူးကုတွေလုပ်ရမယ့်အပိုင်းလောက်ပဲ ကျန်တော့တာဖြစ်ပါတယ်။

အခုပြောချင်တာက ၂. mainstream treatmentဒီနေရာမှာ ကိုဗစ်ရဲ့ သူ့ဘဝသံသရာကိုရော တွဲပြောမှအဆင်ပြေမယ်ထင်တယ်။ခန္ဓာထဲကို သူ့ပစ္စည်းမဟုတ်တဲ့ ဘာပဲဝင်ဝင် ကိုယ်ခံအားကထွက်ချပါတယ်။ကိုဗစ်ဆိုတဲ့ ဗိုင်းရပ်စ်ပိုးဝင်လည်းလာရော ထုံးစံအတိုင်း ထွက်ချရော။ပိုးကဝင်ဝင်ချင်းမှာ အင်အားပြဖို့ အရင်ဆုံးပွားယူရတာ။viral replication လုပ်တာပေါ့။အဲ့ဒီအချိန်မှာ virus ကိုသတ်တဲ့ antiviral တွေရဲ့ role က အခရာပဲ။နည်းမျိုးစုံနဲ့ ပိုးကိုမပွားအောင်လုပ်ကြ သတ်ကြပါတယ်။အောက်ကပုံနဲ့စာနဲ့ တွဲကြည့်ပါ။အရင်ဆုံး ပိုးတွေ အဆုတ်ရဲ့ cellထဲမဝင်ခင်မှာ သူ့ကို neutralize လုပ်ပြီးသတ်ပစ်မယ့် antibody တွေပေးမယ်လေ။ရောဂါဖြစ်ပြီးတဲ့သူရဲ့သွေးထဲကနေ စစ်ထုတ်ထားတဲ့ antibody တွေပေါ့။​အဲ့ဒီ antibody တွေပါတဲ့သွေးရည်ကြည်သွင်းတော့ virus တွေ သေကုန်ရော။ကမ္ဘာမှာ သုံးကြတာ မနှစ်ကတည်းက။ ဗိုင်းရပ်စ်က မျိုးကွဲအသစ်တွေပြောင်းကုန်လေလေ ဒီနည်းက မရတော့လေလေပဲ၊သွင်းလိုက်တဲ့ထဲမှာပါတဲ့ antibody တွေက အခုဝင်နေတဲ့ virus နဲ့မကိုက်တော့တာ။virus က စပြီး cell ထဲဝင်ဖို့ကြိုးစားပါပြီ။cell membrane ကိုကပ်လိုက်တယ်။တန်းကပ်လို့မရဘူး၊ဟိုဘက်ဒီဘက် ချိတ်ဖို့ molecule တွေလိုတယ်။virus ပေါ်က spike protein နဲ့ cell membrane ပေါ်က receptor protein တို့ချိတ်မိသွားမှ virus က စတွယ်ကပ်နိုင်တာ။ဒီတော့ ဆေးတွေထွင်ကြရော။တွယ်ကပ်တဲ့ protein ကို မတွယ်နိုင်အောင်တားပစ်တာ။Umifenovir ဆိုတဲ့ဆေးပဲ။တွယ်ကပ်ပြီးတော့ cell membrane ကိုဖြတ်ထုတ်ပြီး သူ့အကာသဘောမျိုး လုပ်လိုက်တယ်လေ။သူ့ဟာသူ ကာတာ၊တော်ကြာ ဝင်လို့ သွားလို့မရဖြစ်မစိုးလို့။သူသွားရမယ့်နေရာက cell ရဲ့ ဟိုးအလယ်က nucleus နားလေး။nucleus နားရောက်မှ သူပွားလို့ရမှာ။ဒီတော့ cell membrane ကို သူ့အကာလုပ်လို့မရအောင် တားတဲ့ဆေးတွေပေါ်လာတယ်။သုတေသနလုပ်ဆဲပဲ၊hydroxychloroquine တို့ပေါ့။azithromycin ဆိုတဲ့ ဘက်တီးရီးယားသတ်ဆေး/ပိုးသတ်ဆေးကလည်း ဒီနေရာမှာ ကိုယ်ခံအားစနစ်ကိုပြောင်းလဲပေးပြီး virus က အကာမလုပ်နိုင်အောင်တားပေးတဲ့ action ရှိနိုင်တယ်ဆိုပြီး သုတေသနတွေကပြောတော့ အခုလို azithromycin တွေ ပေးကုန်ကြတာ မနိုင်မနင်းတွေဖြစ်ကုန်ရော။တကယ်က ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားဝင်မှပေးရတာ။တကယ်ဝင်ရင် ဒီ virus ကိုလည်းနိုင်သလိုလိုရှိတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ azithromycin ကို ရွေးချယ်ကြတာဖြစ်ပါတယ်။အကာလေးရလာတဲ့ virus က cell ရဲ့ nucleus နားလောက်အထိကို လုံခြုံစိတ်ချစွာဝင်လို့ရသွားပြီလေ။သူလည်း ရောက်ရော protease အင်ဇိုင်းကို အမြန်ထုတ်တော့တာပဲ။သူပွားရတော့မယ်လေ။ဒီတော့ ဒီအင်ဇိုင်းကို ပိတ်မယ်။protease inhibitor လို့ခေါ်တဲ့ဆေးနဲ့ပိတ်တယ်။lopinavir ဆိုတာ HIV ကိုကုတဲ့ဆေး။ဒီနေရာမှာ သုံးကြတယ်။စပွားပါတော့မယ်။virus ရဲ့ RNAကို RNA dependent RNA polymerase အင်ဇိုင်းရဲ့အကူအညီနဲ့ သူ စ ပွားပါတော့တယ်။ဒီအင်ဇိုင်းကလည်း သူထုတ်ထားတာ သူ့ RNA ပွားဖို့လေ။ဒီတော့ ဒီအင်ဇိုင်းကို ပိတ်ပစ်မယ်၊အခုနာမည်အကြီးဆုံးဆိုတဲ့ဆေး Remdesivir,Favipiravir နဲ့ Ribavirin တွေပဲ။Ribavirin ဆိုတာ ဘီပိုးကုတဲ့ဆေး။RNA ပွားနေတုန်းမှာ ပွားထားတဲ့ သူ့ RNA ကော်ပီကြီး error တက်ပြီးသုံးမရအောင် အနှောက်အယှက်ပေးတဲ့ဆေးရှိသေးတယ်။ Molnupiravir တဲ့။သူပွားလည်းပြီးရော အကောင်တွေ သိန်းသန်းချီဖြစ်နေတော့ အဆုတ် cell ရဲ့ အပြင်ပြန်ထွက်ရတော့မယ်လေ။တခြားသူတွေကို ကူးရအုံးမယ်၊သူမသေမှ သူအများကြီးပွားနိုင်မှ ဒီကမ္ဘာထဲမှာ သူကျန်နေမှာပေါ့။ဒါသူ့အတ်တပဲ။အဲဒီအကောင်ပွားလေးတွေက cell ရဲ့အပြင်ကိုထွက်ရအုံးမယ်၊ဒီအတိုင်းမထွက်နိုင်တော့ အကာပြန်တည်ဆောက်ရအုံးမှာ။ဒီလိုအကာတည်ဆောက်တာကို တားမယ်လေ။Oseltamivir ဆိုတဲ့ဆေးနဲ့တားပစ်တယ်။တုပ်ကွေးကုဆေးပဲ။အခုပြောနေကြတဲ့ Remdesivir ဆိုတာ ပိုးထပ်မပွားအောင်လုပ်တာ။ပိုးတွေတအားပွားပြီး ဆေးရုံတင်ရတော့မယ်ဆို ICU ထဲရောက်ရတော့မယ်ဆိုမှ သုံးရတာ။ပိုးပွားနေတဲ့အချိန်မှပဲအလုပ်ဖြစ်တာဖြစ်သလို စစဖြစ်ချင်းမှာပေးရင် ဘာမှမထူးဘူးလို့ပြောကြတယ်။လူနာသေပျောက်နှုန်းလည်းမကျသလို ICU ထဲမှာ စက်နဲ့အသက်ရှူခြင်းအတွက် ဘာမှအထောက်အကူမပြုပါ။ပြန်ကောင်းလာနိုင်တဲ့သူတွေမှာ ရက်နည်းနည်းစောပြီးပြန်ကောင်းလာနိုင်တယ်ဆိုတာပဲတွေ့ပါတယ်။ဆိုးရင်တော့ ဘာမှမထူး။အချိန်ကိုက်မဟုတ်ရင် ပိုတောင်ထိကုန်မယ်။အသည်းနဲ့ကျောက်ကပ်ကိုလည်း ထိခိုက်နိုင်တာမို့ အထူးကုတွေပဲကိုင်ဆောင်ကုသရတဲ့ဆေးအမျိုးအစားပါ။ရမ်းလုပ်လို့ တစ်ခုခုဖြစ်ရင် ငွေကုန်မယ် လူလည်းမရှင်ဘူး။ Avigan ဆိုတဲ့ Favipiravir အနေနဲ့ကတော့ သောက်ဆေးအနေနဲ့လာတယ်။virus သတ်တာရော စက်နဲ့ရိုက်ရှူရတာသက်သာစေတာရော ဆေးရုံတက်ရချိန်တိုတောင်းစေတာရော ဆေးသောက်သူနဲ့ မသောက်ထားသူ ဘာမှမထူးဘူးလို့ပဲပြောကြတယ်။သိပ်ထိရောက်ပုံမပေါ်သေး။virus ကို နည်းမျိုးစုံသတ်တဲ့ဆေးတွေပြီးရင် ကိုယ်ခံအားကပြောင်းကပြန်အကြောင်းရေးရတော့မယ်။virus ဝင်ဝင်ချင်းမှာ ကိုယ်ခံအားကောင်းဖို့လိုတာ သဘာဝ။ ဝင်ပြီး ၇ ရက်ကျော်လာရင် တစ်ချို့လူတွေမှာ ကိုယ်ခံအားဖောက်ပြန်မှုကြောင့် cytokine storm ဆိုတာပေါ်လာတယ်။ ကိုယ်ခံအားဖောက်ပြန်တယ်ဆိုတာ virus သတ်ပြီးရင်သူ့ဟာသူပြန်ငြိမ်ရမှာမငြိမ်တော့ဘဲ တအားပြင်းထန်လာပြီး ခန္ဓာကိုယ်ကို ပြန်ချတာ။အဆုတ်ကအခံရဆုံး။ ဒီလိုဖောက်ပြန်လာတာက လူနာတကယ်သေတယ်။တအားလည်းဆိုးပါတယ်။ကိုဗစ်မှာ သေရတာ ဒီအကြောင်းကြောင့်ချည်းပဲ။လူတိုင်းမှာမဖြစ်တတ်လို့တော်သေးတယ်မှတ်ပါ။တစ်ခြားပိုးတွေဝင်အပြီးမှာ နည်းနည်းပါးပါး ဖောက်ပြန်တာရှိတတ်တယ်။ကိုဗစ်ကျမှ တအားဆိုး။ဒီတော့ ဒီလိုဖောက်ပြန်ပြီး အဆုတ်ကို ဖျက်စီးနေတဲ့ကိုယ်ခံအားကို ပြန်ချရပါတော့တယ်။ဒီတော့ ဆေးတော်ကြီး steroid အုပ်စုကအရေးအကြီးဆုံးဖြစ်လာရော။steroid ထဲကမှ dexamethasone က ကိုယ်ခံအားကို နည်းလမ်းပေါင်းများစွာနဲ့ချပေးတာ။သီအိုရီအသေးစိတ်တွေ တတိယနှစ်ဆေးကျောင်းမှာပါတယ်။စာရှည်တော့မရေးတော့ဘူး။လူနာက fever မရှိဘဲ အသက်ရှူနှုန်း respiratory rate >30/minတို့၊ နှလုံးခုန်နှုန်း heart rate >110/min တို့၊ ဖျားတာနာတာနဲ့ လက္ခဏာပြတာလည်း ဒုတိယအပတ်ထဲရောက်နေပြီတို့ဆို သတိပြုရမှာဖြစ်တယ်။cytokine storm မွှေတော့မှာကိုပြနေတာ။steroid ဆိုတာ မသုံးတတ်ရင်၊ ဆေးပမာဏ ရမ်းပေးရင် ၊ untoward effects ဘေးထွက်အကျိုးတွေကိုမသိရင် ၊သုံးချိန်မမှန်ရင် ၊ဘယ်အချိန်စရမယ်ဆိုတာမသိရင် ၊တစ်နေ့မှာ ဘယ်အချိန်ပေးပြီး ဘယ်လောက်ကြာရင် ဘယ်လိုဖြတ်ရတယ်ဆိုတာ မသိရင် လူနာသေတတ်တယ်။ဘုမသိ ဘမသိနဲ့ ပိုးတွေပွားချိန်မှာသွားပေးရင် ပိုဆိုး။သူက ကိုယ်ခံအားကို အချ ၊ ပိုးကပိုပွားတော့ ဂွမ်းရော။နောက်နာမည်ကြီးနေတဲ့ဆေးက Tocilizumab. သူက interleukin-6 inhibitor.IL-6 ဆိုတာ cell signalling pathway မှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတယ်။ သူ့ကို ပိတ်ပြီး ကိုယ်ခံအားကိုချတာ။4-8mg/kg ကို တစ်နာရီကြာအောင်မျှင်းပြီးချိတ်ရတာ။တစ်လတစ်ခါပဲသွင်းရတယ်။နောက်ထပ်ဆေးတစ်ခုက Baricitinib.သူက ကိုယ်ခံအားဖောက်ပြန်လို့ဖြစ်တဲ့လေးဘက်နာရောဂါမှာ ကုတဲ့ဆေး။Janus Kinase ( JAK 1 and JAK 2 ) ကိုတားပြီး proinflammatory cytokine signalling ကိုရပ်ပစ်တဲ့ဆေး။အခု ကိုဗစ်မှာ AP-2 associated protein kinase 1 (AAK 1 )ကိုတားပြီး အဆုတ်ရဲ့ လေအိတ်မွှားမှာပါတဲ့alveolar type 2 cell ရဲ့ endocytosis ကိုလည်းတားတယ်လို့ဆို​တယ်။အရေးအပါဆုံးလို့ယူဆရတဲ့ဆေးတစ်ခုရှိတယ်။ပြောကိုပြောရမယ်။လူရဲ့သွေးရည်ကြည်ထဲကနေ virus သတ်တဲ့ antibody တွေကိုတင်သုံးတာမဟုတ်ဘူး၊ဓာတ်ခွဲခန်းထဲမှာ antibody molecule ကိုဖန်တီးယူပြီး သတ်ကြတာ အခု အရမ်းအောင်မြင်နေပြီ။REGEN-COV ဆိုတဲ့ ဆေးကို အခု Roche ကုမ္ပဏီကနေ အမြောက်အများထုတ်ဖို့ နည်းပညာဝယ်လိုက်တယ်ကြားတယ်။REGEN-COV ထဲမှာ Casirivimab နဲ့ Imdevimab ဆိုတဲ့ ဆေးနှစ်မျိုးအရောပါတယ်။virus က cell ထဲကိုဝင်တော့မယ်ဆိုတဲ့ cell entry အဝင်ကိုတားပြီး neutralize လုပ်သတ်ပစ်တဲ့ဆေး၊စဖျားခါစမှာ ပေးလိုက်ရင် ရောဂါမပြင်းထန်အောင် လုပ်ပေးတာ။ဆေးရုံတင်ရနှုန်းနဲ့ သေနှုန်းကို 70% ထိလျော့ချနိုင်တယ်ဆိုတော့ စွမ်းချက်ပဲ။တစ်လုံးတည်းထိုးရုံပဲ။အသားဆေး/အကြောဆေး ကြိုက်သလိုသုံး။စောနိုင်လေ ထိရောက်လေတဲ့။ကူးမိတာနဲ့တန်းထိုး။အိန္ဒိယမှာ သေနှုန်းကျကုန်တာ ဒီဆေးကြောင့်လို့ပြေညနေကြပြီ။စျေးလည်း ထင်သလောက်မကြီးတဲ့စျေးနဲ့ရောင်းပေးနေတာ။စာရှည်နေပြန်ပြီ။

အနှစ်ချုပ်ပြောမယ်။

၁. အထူးကုအကြံပြုချက်နဲ့မှသောက်ရ၊ထိုးရမယ့်ဆေးကို အထူးကုများသာကိုင်ရမှာဖြစ်တယ်။

၂. steroid ထဲက dexamethasone စတဲ့ဆေးတွေကို right time မှာပေးနိုင်မှ အသက်ကယ်တာဖြစ်တယ်။တစ်ခုခုလွဲချော်ရင် သေမယ်။

၃. ဆရာဝန်များအနေနဲ့ ဘာဆေးပေးပေး သတိကြီးစွာထားပြီးပေးကြဖို့တိုက်တွန်းပါတယ်။

၄. လူနာရှင်နှင် လူနာများ ရမ်းသောက် ရမ်းလုပ်လျှင် လူနာသေမယ်။

၅. ထိရောက်တဲ့ဆေးတွေကို နိုင်ငံအတွင်းအမြန်သွင်းနိုင်မှ လူတွေကိုကယ်တင်နိုင်မှာဖြစ်တယ်။

၆. လက္ခဏာတွေကို ကုသမှုခံယူပြီး အောက်ဆီဂျင်လိုအပ်ရင် ကောင်းကောင်းပေးနိုင်မှသာ အသက်ရှင်မယ်။

၇. အဟာရပြည့်မှ ကိုယ်ခံအားစနစ်ကောင်းမွန်တာမို့ ဘယ်ဆရာတော်ဘုရားကြီးက ဘာသားရှောင်တွေ၊ ဘယ်လိုတရှူးရှူးနဲ့လျှောက်ထိုင်ခိုင်းတာတွေ၊ဘယ်လိုတင်ပလ္လင်ကို မရမကဇွတ်ချိတ်ပြီး ဘယ်လိုဝဋ်ကြွေးဆပ်သလို ဘယ်လိုနာအောင်ခံစားခိုင်းတာတွေ လစ်လျူရှူရမယ်။ဆရာတော်က ကုတာမဟုတ်။ဆရာဝန်က ကုပြီး ကိုယ်ခံအားက တိုက်ထုတ်လိမ့်မယ်။ပြီးတော့မှ ဒီအကြောင်းသပ်သပ်ရေးရအုံးမယ်။

၈. သေမယ်ဆိုတာမတွေးနဲ့။ပွားစမရှိဘဲ မရဏာနုဿတိမပွားနဲ့။တရားထိုင်စမရှိဘဲ မထိုင်နဲ့။ပိုတွေးပြီး ပိုမောတယ်။မောတာကို ကြံဖန်ပြီးအာရုံလွှဲ။သီချင်းနားထောင်၊ဟာသကားကြည့်။သေဖို့အရေးတွေးနေရင် တကယ်သေတတ်တယ်။ငါ ဒါကြီးကိုဖြတ်ကျော်ပြီးရှင်သွားရင် လုပ်စရာတွေတပုံကြီး ပျော်စရာတွေတပုံကြီးလို့သာတွေး။

၉. ကပ်တွေ ဝဋ်တွေကြောင့်မဟုတ်။

လူထုကို မကာကွယ်နိုင်လောက်အောင် စောက်သုံးမကျလို့ ၊ကောင်းကောင်းကုပေးရလောက်အောင် စနစ်တကျမစီမံ၊စေတနာမရှိလို့ ဒီလိုအစုလိုက်အပြုံလိုက်သေကုန်တာ။ကိုယ်ကိုယ်တိုင်ကလည်း အသိဉာဏ်နုံနဲ့ပြီး တစ်ခုခုဆို အတိတ်ဘဝက ဝဋ်ကြွေးတွေပါဟယ်ဆိုပြီး ပုဗ္ဗေကတဟေတုမိစ္ဆာဒိဌိဝါဒကို ဖက်တွယ်နေသရွေ့ သေကြဦးမှာ။အသေမဦးခင် ဉာဏ်ဦးဆိုတာ မသေအောင်အရင်လုပ်လို့ပြောတာ။ဒီဘဝမှာ ကျွတ်တမ်းဝင်မယ့်ဟာတွေလည်း မဟုတ်။ဝေးသေး။ကောင်းတာသာတွေး ကောင်းတာသာလုပ်၊ဘာမှမမျှော်ကိုးနဲ့။ကူညီမယ့်သူက ကူညီပေးနေရင် စိတ်သာတင်းထား၊ဒီလိုမှ ရှင်မယ်။စိတ်ကအဓိကပဲ။

This too shall pass.ဒါတွေလည်း သူ့ဟာသူ ပြီးသွားမှာပဲ။ ရူပံဘိက်ခဝေ အနတ်တာ။

Dr.Aung Kyaw Thu

M.B.,B.S( MDY )

MRCP ( UK ) ( LONDON ),

MRCP(GLASGOW),

MRCP(EDINBURGH )

May be an image of map and text that says 'ኢዋዮጵካ Convalescent plasma Anti-SARS-CoV-2 antibodies) Immune cells Extracellular space Umifenovir (Interaction with residues) Cytokines Corticosteroids (Dexamethasone) Monoclonal antibodies (Baricitinib, Tocilizumab etc.) (Reducing inflammation) SARS-COV-2 Endosome low pH) Membrane fusion and release of viral RNA Cell membrane Chloroquine Hydroxychloroquine Azithromycin (Endosomal pH alteration Immunomodulatory effects) Exocytosis ORF1b Viral RNA Oseltamivir (Interfering with viral exocytosis) Translation Remdesivir Favipiravir Ribavirin (RdRp inhibition) PP1a Sodp Polypeptides Proteolysis Viral assembly RNA dependent RNA polymerase nsp7 (RdRp) Golgi Replication/ Transcription RNA genome ERGIC subgenomic mRNA Lopinavir (Viral Protease inhibition) Translation Neuropilin Cytoplasm YACE- TMPRSS2 Nucleus protein Eprotein IM protein N protein'