ဘာသာ၊ လူမျိုး၊ ကျား၊ မ၊ အသားအရောင် ဘယ်လိုပဲ ကွဲပြားသည်ဖြစ်စေ ကျွန်တော်တို့ အားလုံးမှာ တူညီတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါ ပျော်ရွှင်ချင်တာပါပဲ။ပျော်တယ် ဆိုတဲ့ ကိစ္စကလည်း ပြောတော့သာ လွယ်တာ။ တကယ်တမ်းကျ အင်မတန် ကျယ်ပြန့်တယ်။ တိုင်းတာရလည်း ခက်တယ်။ဒီဆောင်းပါးမှာတော့ ကျွန်တော် လတ်တလော ဖတ်နေတဲ့” Meik Wiking” ရဲ့” The Key To Happiness” ဆိုတဲ့ စာအုပ်ထဲကနေ ကိုးကားပြီး ဝေမျှချင်ပါတယ်။သူက ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ Happiness Research Institute ကို တည်ထောင်ပြီး ပျော်ရွှင်မှုနဲ့ ပတ်သက်လို့ အထူးပြု လေ့လာနေတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့စာအုပ်ထဲမှာတော့ ပျော်ရွှင်မှုကို ရှုထောင့် ၃ မျိုး ခွဲထားပါတယ်။
၁။ နေ့စဉ်ဘဝမှာ ပျော်ရွှင်နေသလား (Affective dimension)
အခုချိန်ဆိုရင်တော့ ကျွန်တော်တို့ တော်တော်များများက မပျော်နေကြတဲ့ အချိန်ပေါ့။ Covid 19 ပြဿနာကြောင့် ဘာတွေ ဖြစ်လာမလဲ ရင်တမမနဲ့ စိုးရိမ်နေရတဲ့ အချိန် ဖြစ်ပါတယ်။ အဲ့လိုပါပဲ၊ တစ်ခါတစ်လေ အလုပ်မပြီးလို့၊ ကားပျက်လို့၊ Customer နဲ့ ပြဿနာ ဖြစ်လို့၊ ရည်းစားနဲ့ စကားများလို့၊ မိဘနဲ့ အဆင်မပြေလို့၊ အထက်လူကြီးနဲ့ သဘောထား မတိုက်ဆိုင်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်လည်း မပျော်မရွှင် ဖြစ်ရတတ်ပါတယ်။
ဒီအတွက်ကတော့ ကျွန်တော်တို့မှာ အကောင်းမြင်စိတ် ရှိဖို့ လိုတယ်။ အကောင်းမြင်စိတ် ဆိုတာက မဖြစ်လောက်ပါဘူးကွာ ဆိုပြီး ပေါ့ဆတာမျိုး မဟုတ်သလို၊ ထားလိုက်ပါ၊ ဖြစ်လာသမျှ ကံစီမံရာပေါ့ ဆိုပြီး မျှောထားတာ၊ လက်လျှော့ထားတာလည်း မဟုတ်ဘူး။ ကြုံရသမျှ အခက်အခဲ ပြဿနာတိုင်းကို အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ ဆိုတဲ့ အမြင်မျိုးနဲ့ ကြည့်တတ်တာကို ခေါ်တာပါ။ ထိုင်စိတ်ညစ်နေလို့၊ အပြစ်တင်နေလို့တော့ ပြေလည်သွားတဲ့ ပြဿနာရယ်လို့ ဘဝမှာ မရှိပါဘူး။
နောက်ပြီး ကိုယ့်စိတ်ခံစားချက်တွေကို သိရှိဖို့ ဆိုတဲ့ Self-awareness လည်း လိုမယ်။ ကိုယ့်ကို လူတစ်ယောက်က ဒီလိုပြောလိုက်တဲ့အချိန် ကိုယ့်စိတ်က ဒေါသထွက်သွားတယ်၊ ဒီလိုကိစ္စတစ်ခု ဖြစ်သွားတဲ့အချိန်မှာ စိတ်တိုသွားတယ်၊ ကိုယ်တော့ မနာလိုစိတ်တွေ များနေပြီ စသဖြင့် ကိုယ့်ကိုယ်ကိုယ် သိမှ နောက်တစ်ဆင့်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်း ဆိုတဲ့ Self-control ကို လုပ်နိုင်တာပါ။
ဒါတွေကို တစ်လုံးတည်း ပြောပါဆိုရင်တော့ Mindfulness ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရားထိုင်တဲ့ အလေ့အထဟာ ခုနောက်ပိုင်း ကမ္ဘာကျော် တော်တော်များများရဲ့ နေ့စဉ်အလုပ်မှာ ပါဝင်နေတာ ဖြစ်ပါတယ်။
၂။ ဘဝတစ်ခုလုံးနဲ့ ပတ်သက်လို့ ပျော်ရွှင်ပါသလား (Cognitive dimension)
ဒါကျ နေ့စဉ်ဘဝနဲ့ မဆိုင်တော့ဘဲ ကိုယ့်ဘဝတစ်ခုလုံးနဲ့ ပတ်သက်လို့ ခြုံငုံပြီး ခံစားရတဲ့ ခံစားချက်။ ကိုယ့်ဘဝကိုယ် ကျေနပ်လား။ အချိန်အများစုမှာ ပျော်ရွှင်နေတဲ့သူလား။ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ရှိသလား။ အဲဒါတွေနဲ့ရော ဘယ်လောက်နီးစပ်နေပြီလဲ စသဖြင့် မေးခွန်းတွေ မေးသင့်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ ဘဝက ပျော်စရာကောင်းတယ် မကောင်းဘူး ဆိုတာကို အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်တဲ့ ဒိုင်လူကြီးက ကျွန်တော်တို့ကိုယ်တိုင်ပဲ။ တခါတလေ ဘေးလူတွေက ကိုယ့်ဘဝကို သိပ်အားကျနေကြပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ကိုယ့်ဘဝဟာ ထင်သလောက် ပျော်စရာမကောင်းဘူး ဆိုတာ ကိုယ်ပဲ သိနေတယ်။
ဒီနေရာမှာတော့ ကျန်းမာရေး၊ ငွေကြေး၊ ပိုင်ဆိုင်မှု၊ မိသားစု၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ သားရေ သမီးရေး၊ ပညာရေး၊ လုပ်ငန်းအောင်မြင်မှု စသဖြင့် ကဏ္ဍပေါင်းစုံကို စဉ်းစားဖို့ လိုပါတယ်။
တချို့ ငွေကြေး ပြည့်စုံပေမဲ့ မိသားစု ပြိုကွဲနေတာတွေ အများကြီး။ ပေါ်ပေါ်ထင်ထင် ကွဲနေတာလည်း ရှိသလို အပြင်လူတွေအမြင်မှာ အဆင်ပြေနေပေမဲ့ အတွင်းထဲမှာ ပြိုကွဲနေတဲ့ မိသားစုတွေလည်း ရှိတယ်။ ပညာရေး အားနည်းလို့ အလုပ်နဲ့ ငွေရှာနိုင်စွမ်းမှာ အားနည်းနေသူတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ၊ ရှာသမျှငွေကို ဆေးကုတဲ့နေရာမှာပဲ သုံးနေရသူတွေ၊ အောင်မြင်နေသယောင်ယောင် ဟန်ဆောင်ထားရတဲ့ လုပ်ငန်းတွေ၊ လူသိများခြင်း ဆိုတဲ့ ဂုဏ်ကို ရဖို့အတွက် အများကြီး ပေးဆပ်လိုက်ရတဲ့ ဘဝတွေ စသဖြင့် ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သိပ်လိုချင်ပါချည်ရဲ့ ဆိုတဲ့ ဘဝမျိုးကို ရနေကြတဲ့ Celebrity တွေ သတ်သေသွားကြတာကို ခဏခ ခဏ ကြားသိနေရတာပါ။
ဒီတော့ ကိုယ် သေချာမသိတဲ့ သူများဘဝကို အဝေးကလှမ်းပြီး အားကျနေမဲ့အစား ကိုယ့်ဘဝရဲ့ Overall happiness ဒီထက် ပိုကောင်းလာအောင် ဘာတွေလိုအပ်မလဲ ဆိုတာကိုသာ စဉ်းစားပြင်ဆင်ကြစေချင်တယ်။
၃။ ဘယ်လောက် အဓိပ္ပါယ်ရှိသလဲ (Eudaimonia)
Eudaimonia ဆိုတာက ဂရိစကားလုံး။ ပျော်ရွှင်မှုလို့ အဓိပ္ပါယ်ထွက်တယ်။ ဒါပေမဲ့ အရစ္စတိုတယ်လ်ရဲ့ အမြင်အရတော့ A meaningful and purposeful life (အဓိပ္ပါယ် ပြည့်ဝပြီး ရည်ရွယ်ချက် ကောင်းတဲ့ ဘဝမျိုး) ကို ဆိုလိုပါတယ်။
ပညာသင်မယ်။ အလုပ်လုပ်မယ်။ ပိုက်ဆံရမယ်။ စားမယ် သောက်မယ်၊ သုံးမယ် စွဲမယ်၊ ဝါသနာပါတာတွေ လုပ်မယ်။ နောက်တော့ မျိုးဆက်သစ်ကလေးရလာမယ်။ သူ့ကို ပြုစုပျိုးထောင်မယ်။ ဒီလိုနဲ့ အသက်တွေ ကြီးသွားမယ်။ အချိန်တန် ရောဂါဖြစ်၊ အသက်ဆုံးပါး၊ လူ့လောကထဲက ထွက်ခွာသွားရမယ်။ ဒါ ကောင်းလားဆို ကောင်းတာပဲ။ သူ့ဘဝကို အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် ဖြတ်သန်းသွားတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ပြည့်ဝလား၊ လူဖြစ်ရကျိုး နပ်လားဆိုရင်တော့ အဖြေအမျိုးမျိုး ထွက်နိုင်တယ်။
ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်က အဲ့လိုမိသားစုနဲ့၊ သားတွေ သမီးတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် နေသွားချင်တာပဲလေ။ You Only Live Once ဆိုပြီး ဝါသနာပါတာတွေ၊ လုပ်ချင်တာတွေ လုပ်သွားရတာပဲလေ။ ဒါဆို အဓိပ္ပါယ် ရှိတာပေါ့။ မှန်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တစ်ဦးတည်းအနေနဲ့တော့ တန်ဖိုးရှိတဲ့ ဘဝ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝဆိုတာ ကိုယ်ရှင်သန်နေတုန်း အခိုက်အတန့်မှာ ကိုယ့်ပတ်ဝန်းကျင်အတွက် ဘယ်လောက်အကျိုးပြုသွားသလဲ ဆိုတာနဲ့ တိုင်းတာပါတယ်။ ကမ္ဘာနဲ့ချီ၊ နိုင်ငံနဲ့ချီပြီး သူရဲကောင်းတွေ၊ စံပြပုဂ္ဂိုလ်တွေ မဖြစ်ရင်တောင် ကျွန်တော် ရှင်သန်ကျင်လည်ခဲ့တဲ့ အဝန်းအဝိုင်းလေးထဲမှာတော့ ကိုယ့်ကြောင့် တစ်ပါးသူတွေ စိတ်ချမ်းသာရတယ်၊ ကိုယ့်ကြောင့် သူတို့ဘဝတွေ အကောင်းဘက် ရောက်လာခဲ့တယ် ဆိုတာမျိုးပဲ ဖြစ်စေချင်ပါတယ်။
ပညာအားဖြင့်၊ ငွေကြေးအားဖြင့်၊ ဒါမှမဟုတ် ဘာမှမရှိတောင် လုပ်အား အားဖြင့် တစ်နည်းနည်းနဲ့တော့ အကျိုးပြုနိုင်တဲ့သူ၊ ယူတာထက် ပေးရတာကို ကျေနပ်ပီတိဖြစ်တတ်သူတွေ ဖြစ်ဖို့ လိုပါတယ်။ တချို့တွေ ပိုက်ဆံ ဆိုတာကို မလိုတော့တဲ့ အနေအထားမျိုး ရောက်လာတာတောင် နေ့စဥ်နဲ့အမျှ အလုပ်တွေ လုပ်နေသေးတယ်၊ မနားသေးဘူး ဆိုတာ သူတို့က ဒီပျော်ရွှင်မှုကို လိုချင်လို့ ဖြစ်ပါတယ်။
တကယ်တော့ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန် ဆိုတာ သူတစ်ပါးကို ကူညီလိုက်ရတဲ့ အချိန်မှာ ရတဲ့ ခံစားချက်မျိုးကို ခေါ်တာပါ။
ဒေါက်တာ ဖြိုးသီဟ
