ဟိုရက်က ညီမတစ်ယောက်နဲ့ ကော်ဖီဆိုင်ထိုင်ရင်း ပြောဖြစ်တယ်။ ရုပ်ရှင်ကားထဲက မင်းသား မင်းသမီးတွေကို ကြည့်ပြီး စိတ်ကူးယဉ်မိတာလည်း ပါမယ်။ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ Part-time ဝင်လုပ်ဖူးချင်တယ်လို့။ ပိုက်ဆံရတာ မရတာထက် ဆိုင်ဝတ်စုံကလေး ဝတ်၊ လူတွေကို Serve လုပ်ပေးရတာမျိုးကို ကြိုက်တာ။
သူများတွေ ပြောကြသလို တောင်ပေါ်မြို့လေးမှာ ကော်ဖီဆိုင် ဖွင့်တာကျ အရင်းစိုက်ထုတ်ရတာနဲ့ မြတ်ဖို့ပူနေရတာနဲ့ စိတ်ဖိစီးနေရဦးမယ်။ ခုကျ Part-time ဆို ဖိအားသိပ်မရှိဘူး။ ပုံမှန်ရှင်သန်နေရတဲ့ ဘဝထဲကနေ ခဏထွက်ပြီး အဲဒီလို အလုပ်ကလေးတွေ သွားလုပ်ကြည့်ချင်တာ။
တဆက်တည်းမှာ ဘာစဉ်းစားမိသွားလဲ ဆိုတော့ ကျွန်တော်က လူတွေကို ဝန်ဆောင်မှုပေးရတာ အတော်သဘောကျတယ် ဆိုတာပဲ။
ကျောင်းပြီးပြီးချင်း NGO အဖွဲ့အစည်းတစ်ခုမှာ ဝင်လုပ်ဖူးတယ်။ ဆေးခန်းတွေ ဖွင့်ထားတာပေါ့။ သို့သော် သမားရိုးကျ ဆရာဝန်-လူနာ ဆက်ဆံရေး ဆိုတာထက် ဆေးခန်းရောက်လာတဲ့သူတွေကို Client လို သဘောထားပြီး ဝန်ဆောင်မှု ပေးရတာ။ ဆေးခန်းအပြင်အဆင်ကစလို့ ဆရာဝန်အပါအဝင် ဝန်ထမ်းအားလုံးရဲ့ ဆက်ဆံရေးအဆုံးပေါ့။ အဲဒီကနေပဲ Service mindset ဝင်သွားတယ် ထင်ပါတယ်။
တကယ်တော့ ဝန်ဆောင်မှုပေးတယ် ဆိုတာ တာဝန်တစ်ရပ်ရယ် မဟုတ်ဘူး။ လူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးနည်းတစ်မျိုးပဲ။ ကိုယ့်ဆီ ရောက်လာတဲ့သူတွေ ကျေနပ်သွားအောင်၊ ပြုံးပြီး ပျော်ပြီး ကိုယ့်ဆီကနေ ပြန်ထွက်သွားအောင် လုပ်ပေးတာဟာ ဝန်ဆောင်မှုပေးတာပဲ။
ဒါကြောင့် သင်ပေးရုံနဲ့ အလုံးစုံ တတ်သွားတဲ့ကိစ္စ မဟုတ်ဘူး။ ကာယကံရှင်ရဲ့ ရင်ထဲမှာ ကူညီလိုစိတ်၊ ကိုယ်ချင်းစာတရားတွေ ရှိနေဖို့ သိပ်အရေးကြီးတယ်။ Attitude ဆိုတဲ့ ခံယူချက်လည်း မှန်ရမယ်။
နောက်တစ်ခါ၊ သူတို့ကိုယ်တိုင်ကလည်း ပျော်နေဖို့ လိုပြန်တယ်။
အစိုးရရုံးတွေနဲ့ ဆက်ဆံဖူးကြမှာပဲ။ စိတ်မချမ်းမြေ့ရတဲ့သူ အရေအတွက်က ပိုများလိမ့်မယ်။
ဘာလို့လဲ။ Attitude မမှန်တဲ့သူ များတယ်။ ပြည်သူကို ဝန်ဆောင်မှုပေးရမှာလို့ တွေးထားတဲ့ ဝန်ထမ်းအရေအတွက်က သိပ်နည်းတယ်။ လာဘ်ယူလိုက်မယ်၊ ထစ်ငေါ့ထားလိုက်မယ်၊ ဒါမှမဟုတ် မလုပ် မရှုပ် မပြုတ် နေလိုက်မယ်၊ ဒီလိုလူက ပိုများတယ်။
ကိုယ်တိုင်ကလည်း ပျော်မနေဘူး။ ပျော်မနေတော့ မပြုံးနိုင်ဘူး။ အဖွဲ့အစည်းရဲ့ ဓလေ့ကလည်း ပြုံးချင်လည်းပြုံး၊ မပြုံးချင်လည်းပြုံး၊ ပြည်သူကို ပရိုပီပီသသ ဝန်ဆောင်မှုပေးရမယ် ဆိုတဲ့ ဓလေ့မဟုတ်ဘူး။ နေချင်သလို နေခွင့်ရနေတယ်။ လုပ်ချင်သလို လုပ်ခွင့်ရနေတယ်။ ဒါကြောင့်လည်း လူတိုင်းတော့ မဟုတ်ပေမဲ့ ရာခိုင်နှုန်းအများစုက ဆက်ဆံရ အတော်ကို အဆင်မပြေဘူး။
Be the type of person you want to meet.
ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံအတိုင်း ကိုယ်လည်း ဖြစ်အောင်လုပ်ပါတဲ့။
ဝန်ဆောင်မှုမကောင်းတဲ့ နေရာတစ်ခုကို ရောက်ပြီးရင် ကိုယ်ပျော်သလား။ မပျော်ဘူး။ ဒါဆို ကိုယ့်အလှည့်ကျ အဲဒီလို မဖြစ်အောင် ဂရုစိုက်ပေးလိုက်။ ဒါ ကိုယ်ချင်းစာတရား အခြေခံတဲ့ ဘဝနေနည်းပဲ။
အလုပ်တွေ အမျိုးမျိုးရှိကြတယ်။ ကိုယ်ရွေးလိုက်တဲ့ အလုပ်က Service industry ထဲက ဖြစ်နေမယ် ဆိုရင်တော့ Service mindset ဟာ မဖြစ်မနေ ရှိထားဖို့ လိုတယ်။ မျက်နှာသွင်ပြင်က ပြုံးပြုံးရွှင်ရွှင် ရှိရမယ်။ ဆက်ဆံရေး ပြေပြစ်ရမယ်။
အရေးကြီးဆုံးက လူတွေကို ဘယ်လိုအဆင်ပြေအောင် ကူညီပေးရမလဲ ဆိုတဲ့ အတွင်းစိတ်ကလေး ရှိနေဖို့ပဲ။ မဟုတ်ရင်လည်း အပြုံးတွေ၊ ချိုသာတဲ့ စကားတွေက အပေါ်ယံ သကာလောင်းထားသလို ဖြစ်နေတတ်တယ်။
တကယ်တော့ Service industry ထဲ ရှိနေမှ မဟုတ်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ်ပါ၊ စိတ်စေတနာက သိပ်အရေးကြီးတယ်။ အရည်အချင်းချင်း တူလာတဲ့အခါ တပါးသူတွေနဲ့ ကွဲထွက်သွားစေတဲ့အရာ၊ ခေါင်းတစ်လုံး သာစေတဲ့အရာ၊ အချိန်ကာလတစ်ခု ကြာလာတဲ့အခါ ကိုယ့်နာမည်ကို အရောင်တင်ပေးမဲ့အရာက စိတ်စေတနာပဲ ဖြစ်တယ်။
ဒီတစ်ခုတည်းနဲ့တော့ အလုပ်ရမှာ မဟုတ်ဘူး။ ဆိုင်ရာအရည်အသွေးတော့ ပြည့်မီရလိမ့်မယ်။ အဲဒီအခြေခံချင်း တူလာပြီဆိုရင်တော့ စေတနာပါမပါက သိပ်စကားပြောလာပါလိမ့်မယ်။
ကုသိုလ်လည်းရ၊ ဝမ်းလည်း၀ ဆိုပြီး ဖော်ညွှန်းကြတဲ့ အလုပ်တွေရှိတယ်။ ဥပမာ ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးဆရာ စသဖြင့်။
တစ်ကိုယ်စာအမြင်အရတော့ ဘာအလုပ်လုပ်တယ် ဆိုတာထက် ဘယ်လိုအလုပ်လုပ်တယ် ဆိုတာက ပိုအရေးကြီးတာပါ။ (စကားမကျန်အောင် ပြောရရင်တော့ မူးယစ်ဆေးဝါး ရောင်းချတာ၊ လူကုန်ကူးတာ၊ ဒီလိုအလုပ်တွေတော့ မပါဘူးပေါ့)
ဒါကြောင့် ဘဏ်ဝန်ထမ်း အလုပ်ကလည်း စေတနာထားတတ်ရင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတယ်။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်က ဝန်ထမ်းဘဝကလည်း စေတနာထားတတ်ရင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတယ်။ အငှားကားမောင်းတဲ့အလုပ်၊ သန့်ရှင်းရေးဝန်ထမ်း၊ Facebook Page တွေ စီမံတဲ့သူ၊ Call center မှာ အလုပ်လုပ်တဲ့သူ၊ တစ်နေ့တစ်နေ့ ကိန်းဂဏန်းတွေ ကြားထဲမှာပဲ ရှင်သန်နေရတဲ့ စာရင်းကိုင် စသဖြင့် စသဖြင့် အလုပ်တိုင်းဟာလည်း စေတနာရှေ့ထားပြီး အလုပ်လုပ်မယ်ဆို အများကို အကျိုးပြုနိုင်တဲ့ အလုပ်တွေချည်းပါပဲ။
တစ်ဖက်မှာလည်း မွန်မြတ်တဲ့အလုပ်တွေလို့ ပြောနေကြတဲ့ ဆရာဝန်အလုပ်ကို လုပ်နေပြီး အကုသိုလ် ဖြစ်နေတာတွေ၊ ကျောင်းဆရာ၊ ဆရာမလုပ်နေပြီး တပည့်တွေအပေါ် အနိုင်ကျင့် အမြတ်ထုတ်နေတာတွေ တပုံကြီးရှိတယ်။
ဒီလောက်ဆို လုပ်တဲ့အလုပ်ထက် အလုပ်လုပ်တဲ့ပုံစံ၊ တစ်နည်းအားဖြင့် စိတ်စေတနာက ပိုအရေးကြီးတယ် ဆိုတာ ပေါ်လွင်ပါတယ်။
လက်ရှိအလုပ်ကို ဝါသနာမပါဘူး၊ မိုးလင်းမိုးချုပ် စက်ရုံကြီးတစ်ရုပ်လိုပဲ လည်ပတ်နေရတယ်၊ သားသတ်ရုံကို သွားနေရတဲ့ တိရစ္ဆာန်ကလေးတွေလို ကိုယ့်ရဲ့ စိတ်တွေကို သတ်ပစ်မဲ့ အလုပ်ခွင်ဆီ ရထားတွေ၊ ကားတွေနဲ့ သွားနေရတယ် ဆိုတဲ့သူတွေ အများကြီးရှိတယ်။
အဲဒီလူတွေကို အားပေးချင်တာက အလုပ်နဲ့ ပတ်သက်တဲ့ ခံယူချက်သဘောထားကို ပြောင်းကြည့်ဖို့ပဲ။ ဒီအလုပ်ကနေ ငါ အများကို ဘာတွေအကျိုးပြုနိုင်သလဲ ဆိုတဲ့ ရှုထောင့်ကနေ တွေးကြည့်ဖို့ပဲ။
Job crafting လုပ်တယ်လို့လည်း ခေါ်ကြတယ်။ အလုပ်ကို လုံးဝပြောင်းမရသေးတဲ့အချိန်မှာ ပန်းပုထုဆစ်သလို ပြုပြင်လိုက်တာ၊ ချစ်စရာကောင်းလာအောင် စီမံလိုက်တာပေါ့။
အဲဒါက ဝန်ထမ်းတွေရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ကျေနပ်မှု (Job satisfaction) ကို သိသိသာသာ တက်လာစေတယ်လို့လည်း ဖတ်ဖူးပါတယ်။
အလုံးစုံ ပြေလည်သွားနိုင်တဲ့ နည်းလမ်းတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သို့သော် နည်းနည်းလောက်တော့ ပျော်ရွှင်လာမယ်၊ အလုပ်သွားဖို့ တွန်းအားရလာမယ်လို့ မြင်မိပါတယ်။
ဘာအလုပ်ပဲ လုပ်လုပ်ပါ၊ စိတ်စေတနာလေး စွက်ပြီး လုပ်ရင် Quality က သိသိသာသာ တက်လာတယ်။ ကိုယ့်ကြောင့် လူတွေပြုံးပျော်သွားတာ မြင်ရတဲ့အခါတိုင်းမှာလည်း ဆက်လျှောက်ဖို့ ခွန်အားတွေ၊ ဆက်ရှင်သန်စရာ မျှော်လင့်ချက်တွေ ရလာတတ်ပါတယ်။
