`တပည့်တော်တို့ ရန်ကုန်ကတောင် လာဖူးရတာပါဘုရား…´ ဟု အစချီလျက် . . .
ဟောဒါက ဘာလေးပါဘုရား၊ ညာလေးပါဘုရား၊ နိုင်ငံခြားကတပည့်တော်သား၊ သမီးပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား … မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား…
“ဟောဗျာ … ရန်ကုန်မှာ သံဃာမရှိတာကျလို့ဗျား ကိုယ့်အိမ်ရှေ့ဆွမ်းလာရပ်တဲ့ သံဃာလှူလိုက် တော့ကော ကုသိုလ်မရလို့လားဗျ …. အင်း ခင်ဗျားတို့ ဒီလိုပုဂ္ဂိုလ်စွဲနဲ့သာ လှူနေရင် ငါစွဲ ငါ့ပစ္စည်းစွဲ ဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေက ဘယ်တော့ လွတ်မတုန်းဗျ။ ငါတော့ ဘယ်ဆရာတော်ကြီးကို ဘာလှူလိုက် ရတာဆိုတဲ့ စွဲစိတ်တွေ၊ ပျော်စိတ်တွေ …
ဒီလိုလှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာ ဆိုတဲ့ အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ ဒါန အကျိုးပေး မစင်ကြယ်သေးဘူးလို့မှတ်ဗျာ..။ အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာ ဝေးသေးဗျ။ ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင် တခြားသံဃာကို တစ်ကျပ်ဖိုးအထင်သေးသလို ဖြစ်နေတတ်တဲ့သဘောကိုရော ဆင်ခြင်မိကြရဲ့လားဗျာ…။ ဟုတ်ဗျာ…။ သံဃာဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူ အကျင့်တူလို့ သံဃာခေါ်တာဗျ။ ဟာ…ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့ မလှူဘူးမလုပ်ပါနဲ့..။ မကောင်းတာ သူ့အပိုင်း သူ့အပြစ်သူခံလိမ့်မယ်။ ခင်ဗျားတို့ကောင်းတာလုပ်ကောင်းတာဖြစ်မှပေါ့။ ဟုတ်ဗျား… လှူတတ်မယ်ဆိုရင် ဆွမ်းကလေး တစ်ဇွန်းနဲ့လည်း တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက သံဃာတွေကို လှူလို့ရပါတယ်ဗျ။ သံဃာလို့ဆိုလိုက်တာနဲ့ ဒီနေ့မှ ရှင်ဖြစ်တဲ့ သံဃာကနေ ဘုရားရဟန္တာတွေအထိ အကုန်ပါတယ်ဗျ၊ တို့ ဘာနဲ့တူလဲဆိုတော့ ဒီနေ့မှ စစ်ထဲဝင်တဲ့ ရဲဘော်အသစ်ကနေ ဟိုဗိုလ်ချုပ်ကြီးအထိကို စစ်တပ်လို့ခေါ်သလိုပေါ့..။ သံဃာလည်း ဒီနေ့မှ သင်္ကန်းစ,ဝတ်သူကနေ ဘုရားရဟန္တာတွေအထိဆိုတော့ နည်းသလားဗျ။ သက်တော်ထင်ရှားတွေရော ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရားရဟန္တာတွေရော အားလုံးအကျုံးဝင်တယ်။ ဒါ့ကြောင့်… လှူတတ်မယ်ဆိုရင် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ၊ အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်သပိတ်ထဲ ဆွမ်းလေးတစ်ဇွန်းလောင်းပြီး သံဃာ့ဂုဏ်များ အာရုံပြုနေရင်ဗျာ နိဗ္ဗာန်မှာ စံတော်မူနေတဲ့ ဘုရားရဟန္တာပေါင်း မရေမတွက်နိုင်အောင်ထိ လှူပြီးဖြစ်ပါတယ်ဗျာ….။
ဒါနပြုတယ်ဆိုတာ … ငါစွဲဖြုတ်နေတာ ငါပိုင်တယ်ဆိုတာတွေကို စွန့်လွှတ်ပေးလှူ ပစ်တာ… လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့ တဏှာလောဘတွေကို ဒါနနဲ့ခွာချနေတာ ရင်ဝမှာစူးနေတဲ့လှံကို ဆွဲနုတ်ပစ်လိုက်တာ၊ ငါ ဒီလိုအလှူကြီးလှူလိုက်လို့ နောင်ဘဝ ဘယ်လိုကောင်းစားဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့ လှူနေရင် နောက်ထပ် စိုက်ဝင် စူးဝင်လာမယ့် လှံတွေကို ရင်ကော့ပြီး ခံနေသလိုဖြစ်မှာပေါ့…။ ငါးကြီးကြီးလိုချင်လို့ ငါးသေးသေးကို ငါးစာလုပ် မျှားချိတ်မှာ တပ်မျှားသလို ဖြစ်မှာပေါ့….။ ဒီလို အလှူမျိုး လှူတိုင်း မကောင်းဘူး။ ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲ များမယ်…ကျောင်းကြီးဆောက်လှူပါရဲ့ ငါ့ကျောင်းလို့စွဲနေရင် ကိုယ့်ကျောင်းကိုယ်ပြန်စောင့်ရလိမ့်မယ်။ ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ထူးကြီးတော့ ခံယူပါရဲ့ ငါ့ဘုရားလို့စွဲနေရင် အဲဒီဘုရား ပြန်စောင့်နေရလိမ့်မယ်…။ ငါ့ဆရာတော်လို့စွဲနေရင် ဆရာတော့်ကျောင်းနား ပြိတ္တာကြီးလာဖြစ်လိမ့်မယ်ဗျ….။ တို့ကျောင်းနားလာကပ်လို့ကတော့ ကျောက်ခဲ ပရိတ်မန်းပြီး ထုလွှတ်မှာဗျနော်။ ဟုတ်လား..။ လဲတယ်ဆိုတာ သူတကာခြေထိုးလို့ လဲတာ မဟုတ်ဘူး၊ ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းမိလို့ လဲကြတာဗျ…။ ဗုဒ္ဓဘာသာမှ လှူသလားဗျာ။လူဖြစ်မှ လှူကြသလားဗျာ။ တိရစ္ဆာန်တွေရော ဘာသာခြားတွေရော ဒါနပြုနေကြတာပါပဲ။ ဟော…ခွေးအိုမကြီးဗျာ၊ သူ့သားသမီးတွေ နို့တိုက်ကျွေးမွေးလို့ ဒါနမပြုဘူးလားဗျာ။ ဒီခွေးမကြီးအလှူမှာ ဘာမျှော်စိတ်မှမရှိလို့ မေတ္တာစစ်နဲ့ယှဉ်ပြီး ပေးကျွေးတဲ့ဒါနဖြစ်လို့ မြတ်သေးဗျာ။ တို့လူတွေများ အလှူလေးလုပ်ပြီးတာနဲ့ တောင်းလိုက်တဲ့ဆု၊ ဒီဘဝ ဘာဖြစ်ရပါစေ၊ နောက်ဘဝ ဘာဖြစ်ရပါစေနဲ့ နိဗ္ဗာန်က နောက်ဆုံးမှပါဗျာ….။ ဟော….ဒိပြင်ဘာသာဝင်တွေလည်း လှူတာ ကောင်းမှန်းသိလို့ လှူနေကြတာပါပဲ။ ဒါနခင်း ချဉ်းကပ်မိတာပါပဲ…။ ဒါပေမဲ့ ငါ, ငါစွဲအတ္တ၊ ပစ္စည်းမာန၊ ပုဂ္ဂိုလ်စွဲတွေ ရှိနေသမျှ ပါရမီမြောက်တဲ့ဒါန မဖြစ်ဘူး၊ စွန့်လွှတ်ခြင်းအစား တစ်ဖန် ပြန်လည်ရယူရေးကို ဦးတည်နေလို့ ပါရမီဆိုတဲ့စကားနဲ့တော့ ဖီလာကန့်လန့်ချည်းပဲ။ ပါရမီဒါန ဆိုတာ… လှူဆဲကာလ ဉာဏ်ယှဉ်ပါမှဗျ ။
အဲဒီတော့.… ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲတွေအစား ငါလည်းမမြဲ၊ ပုဂ္ဂိုလ်လည်းမမြဲလို့ ဆင်ခြင်ပြီး လှူနိုင်ပါမှ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အကြောင်းအထောက်အပံ့ ဖြစ်တယ်ဗျ။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏
