အားလုံးသိကြသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါသည် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝန်း လူပေါင်း ၁၇၅ သန်းကျော်ကို ကူးစက်ပြန့်ပွားခဲ့ပြီး ၃.၈ သန်းကျော် သေဆုံးစေခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မြန် အဆုတ်ရောင်ရောဂါဖြစ်ပြီး အဆုတ်ကိုသာမက ကိုယ်ခန္ဓာအတွင်းရှိ နှလုံးနှင့်သွေးကြောများ၊ ဦးနှောက်၊ အသည်း၊ ကျောက်ကပ် စသည်တို့ကိုလည်း ပျက်စီးစေသည်အထိ ပြင်းထန်လေ့ရှိပါသည်။ အဆုတ်သို့ ကူးစက်ဝင်ရောက်ပြီး အဆုတ်၏ လုပ်ငန်းဆောင်တာများကို ပျက်စီးစေသကဲ့သို့ အဆုတ်တွင် အမာရွတ် (Fibrosis) များကို ဖြစ်စေနိင်ပါသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို ကိုယ်ခန္ဓာမှ ဆိုက်တိုကိုင်း (Cytokine) ခေါ် ရောင်ရမ်းစေသောဓာတ်များ အလွန်အကျွံထုတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်းသည်လည်း ရောဂါအခြေအနေကို ပို၍ဆိုးသွားစေသော အကြောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ဝေဒနာရှင်များတွင် သွေးခဲခြင်းနှင့် သွေးကြောပိတ်ဆို့ခြင်းများလည်း အဖြစ်များပြီး သွေးကျဲဆေးများထိုးရန် လိုအပ်လေ့ရှိပါသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များသည် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသရန် နည်းလမ်းအမျိုးမျိုး၊ ဆေးဝါးအမျိုးမျိုးနှင့် ကာကွယ်ဆေးအမျိုးမျိုးကို ရှာဖွေသုတေသန ပြုလုပ်လျက်ရှိပါသည်။
ထိုကဲ့သို့ သုတေသနပြုလုပ်လျက်ရှိသော ဆေးဝါးအမျိုးမျိုးတွင် ကွာစီတင်ဒြပ်ပေါင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ကွာစီတင်ဒြပ်ပေါင်း၏ ဓာတ်တိုးဆန့်ကျင်အာနိသင်၊ အရောင်ကျ စေသောအာနိသင်နှင့် ကိုယ်ခံစွမ်းအားကို ထိန်းညှိပေးနိုင်သော အာနိသင်များသည် ကိုဗစ်-၁၉ ရောဂါတွင် အကျိုးရှိနိုင်ကြောင်း သုတေသနပညာရှင်များက ယူဆကြပါသည်။ ထို့ပြင် ကွာစီတင်ဒြပ်ပေါင်း၏ သွေးကျဲစေသောအာနိသင် (Thrombin-inhibitory action) သည်လည်း ကိုဗစ်-၁၉ ရောဂါတွင် ဖြစ်လေ့ရှိသည့် သွေးခဲခြင်းကိုကုသရာတွင် အသုံးဝင်နိုင်ပါသည်။
ကွာစီတင် (Quercetin) ဆိုသည်မှာ အပင်များမှရရှိသော ဖလေဗိုနွိုက်(Flavonoid)ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါသည်။ အဆိုပါဒြပ်ပေါင်းကို ပန်းသီး၊ ဘယ်ရီသီးများ၊ ကြက်သွန်နီ၊ လက်ဖက်စိမ်း၊ Ginkgo biloba (ကမ္ဘာဦးပင်) နှင့် ဝိုင်အနီ စသည်တို့တွင် အမြောက်အမြား တွေ့နိုင်ပါသည်။ ယခင်ကတည်းက ကွာစီတင်ဒြပ်ပေါင်းသည် ကျန်းမာရေးကို အထောက်အကူပြုနိုင်သော ဓာတ်တိုးဆန့်ကျင်အာနိသင်၊ အရောင်ကျစေသောအာနိသင်နှင့် ကင်ဆာဆဲလ်များကိုသေစေသော အာနိသင်များ ရှိကြောင်းကို လည်း နိုင်ငံတကာသုတေသနများတွင် လေ့လာတွေ့ရှိခဲ့ရပါသည်။
၂၀၂၀ ခုနှစ်နှင့် ယခု ၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိခဲ့သော ကွာစီတင်ဒြပ်ပေါင်း၏ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် သုတေသနရလဒ်များကို အကျဉ်းချုပ် စုစည်းဖော်ပြလိုပါသည်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ကျွန်တော်တို့၏ ခန္ဓာကိုယ်အတွင်းသို့ ကူးစက်ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ပိုး၏ ဆူးကလေးများ (Spike protein) သည် အသက်ရှူလမ်းကြောင်းရှိ ACE2 (Angiotensin-converting enzyme 2) ခေါ် လက်ခံခွက်ကလေးများနှင့် ထိစပ်ပြီး ကူးစက်ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ပြုလုပ်ခဲ့သော သုတေသနနှစ်ခုအရ ကွာစီတင်ဒြပ်ပေါင်းသည် အဆိုပါ ACE2 ၏ပွားများမှုကို နည်းစေခြင်းအားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး လူသားတို့၏ဆဲလ်များအတွင်းသို့ ဝင်ရောက်မှုကို ဟန့်တားနိုင်ကြောင်း တွေ့ရပါသည်။[1, 2]
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို ကိုယ်ခန္ဓာက ပြန်လည်တိုက်ခိုက်ရာတွင် ရောင်ရမ်းစေသောဓာတ်များ အလွန်အကျွံထွက်လာခြင်း (Cytokine storm) သည်လည်း ရောဂါအခြေအနေကို ပို၍ဆိုးရွားသွားစေနိုင်ပါသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များအတွင်း တရုတ်နိုင်ငံ၌ပြုလုပ်ခဲ့သော သုတေသန (၆) ခုအရ ကွာစီတင်ဒြပ်ပေါင်းသည် ရောင်ရမ်းစေသောဓာတ်များဖြစ်သည့် (IL, TNF, MAPK) စသောဓာတ်များကို လျော့နည်းစေနိုင်ကြောင်းနှင့် ထိုအရာများကိုထွက်စေနိုင်သော (NF-κB, DPP4, AKT1, TNF signaling pathway, MAPK signaling pathway) စသည်တို့ကိုလည်း တားဆီးနိုင်ကြောင်း တွေ့ရပါသည်။[2-7]
ကိုဗစ်-၁၉ ပိုး၏ Coronavirus main protease (Mpro or 3CLpro) နှင့် RNA-dependent RNA polymerase ဟူသောအင်ဇိုင်းများသည် ကိုဗစ်-၁၉ ပိုးအရေအတွက် ပွားများလာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အီတလီ၊ တရုတ်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အီဂျစ်နှင့် ဆူဒန်နိုင်ငံတို့တွင်ပြုလုပ်ခဲ့သော သုတေသန (၈) ခုတွင် ကွာစီတင်ဒြပ်ပေါင်းသည် အဆိုပါ အင်ဇိုင်းများကို ပိတ်ပင်တားဆီးနိုင်သော အာနိသင်ရှိကြောင်း တွေ့ရသဖြင့် ကိုဗစ်-၁၉ ရောဂါကုသရာတွင် အကျိုးရှိနိုင်ပေသည်။ [7-14]
ကိုဗစ်- ၁၉ ပိုးသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရာတွင် ACE2 များမှတစ်ဆင့် ဝင်ရောက်ခြင်းကို အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ ထို ACE2 များသည် ကျွန်တော်တို့၏ အဆုတ်များထဲတွင် သာမက ကျောက်ကပ်များ၊ နှလုံးနှင့် အူတို့တွင်လည်း ရှိနေသောကြောင့် ကိုဗစ်-၁၉ ပိုးသည် ထိုအင်္ဂါအစိတ်အပိုင်းများကို ဒုက္ခပေးနိုင်ပါသည်။ ကွာစီတင်ဒြပ်ပေါင်းသည် ကိုဗစ်-၁၉ ပိုးကြောင့် ဖြစ်သော ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သည့် အာနိသင်ရှိကြောင်းကို ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များအတွင်း တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနနှစ်ခုအရ သိရပါသည်။ [15, 16]
အထက်ပါ သုတေသနရလဒ်များကို အခြေခံ၍ ကိုဗစ်-၁၉ ရောဂါရှင်များကို ကွာစီတင်ဒြပ်ပေါင်း တိုက်ကျွေးကြည့်ရာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ထိရောက်နိုင်မည့် အလားအလာရှိကြောင်း တွေ့ရပါသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်နေသော လူနာများကို ကွာစီတင် (800 mg)၊ Bromelain၊ Zinc နှင့် Ascorbic acid (ဗီတာမင်စီ) တို့ကိုတိုက်ကျွေးကြည့်ရာ အန္တရာယ်ကင်းပြီး အကျိုးရှိကြောင်း တွေ့ရှိပါသည်။ တရုတ်နိုင်ငံတွင်လည်း ကွာစီတင်အဓိကပါဝင်သော Shufeng Jiedu ဟူသည့်ဆေးတစ်မျိုးကို ရောဂါစဖြစ်သည့် (၈) ရက်အတွင်းပေးကြည့်ရာ အကျိုးရှိကြောင်း တွေ့ရပါသည်။ [7, 17]
အမေရိကန်နိုင်ငံ၏ Clinicaltrils.gov တွင်လည်း ကွာစီတင်ဒြပ်ပေါင်းသည် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသရာတွင် အကျိုးရှိ/မရှိ သိရှိနိုင်ရန် လူများတွင်ပြုလုပ်လျက်ရှိသော သုတေသန (၇) ခုကို မှတ်ပုံတင်ထားသည်ကို ရှာဖွေတွေ့ရှိရပါသည်။ ပြင်သစ်၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ တူနီးရှား၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် ပါကစ္စတန်နိုင်ငံများတွင် လုပ်ဆောင်နေကြခြင်းဖြစ်ပြီး ထိုသုတေသနများအနက် (၂) ခုမှာပြီးမြောက်သွားပြီဖြစ်ပြီး မကြာမီ သုတေသနစာတမ်းများ ထွက်လာတော့မည်ဖြစ်ပါသည်။ [18-24]
Research and Development
FAME Pharmaceuticals
Reference links
[1] https://www.mdpi.com/2227-9059/8/5/129
[2] https://www.tandfonline.com/…/10…/03639045.2020.1788070
[3] https://www.sciencedirect.com/…/pii/S1875536420600383…
Reference links
[1] https://www.mdpi.com/2227-9059/8/5/129
[2] https://www.tandfonline.com/…/10…/03639045.2020.1788070 [3] https://www.sciencedirect.com/…/pii/S1875536420600383…
[4] https://link.springer.com/article/10.1007/s11596-021-2346-x
[5] https://academic.oup.com/…/doi/10.1093/bib/bbab199/6289891
[6] https://www.tandfonline.com/…/10…/21655979.2021.1933301
[7] https://www.sciencedirect.com/…/pii/S094471132030221X…
[8] https://www.mdpi.com/2073-8994/13/6/1041
[9] https://pesquisa.bvsalud.org/…/reso…/en/covidwho-1229466
[10] https://link.springer.com/article/10.1007/s13337-021-00683-6
[11] 10.1002@ptr.6843 https://onlinelibrary.wiley.com/doi/10.1002/ptr.6843
[12] https://link.springer.com/…/10.1007%2Fs11356-021-14195-9
[13] https://www.researchsquare.com/article/rs-25850/v1
[14] https://link.springer.com/article/10.1007/s40203-020-00073-8
[15] https://www.sciencedirect.com/…/pii/S1319016420301730…
[16] https://journals.plos.org/plosone/article?id=10.1371/journal.pone.0245209
[17] https://www.medrxiv.org/…/2020.12.22.20245993v1.full
[18] https://clinicaltrials.gov/show/NCT04578158
[19] https://clinicaltrials.gov/ct2/show/NCT04377789
[20] https://clinicaltrials.gov/ct2/show/NCT04861298
[21] https://clinicaltrials.gov/show/NCT04468139
[22] https://clinicaltrials.gov/show/NCT04622865
[23] https://clinicaltrials.gov/show/NCT04851821
[24] https://clinicaltrials.gov/show/NCT04844658
