နှလုံးရောဂါ ရှိရင် ပုံမှန်လူတွေထက် ကိုဗစ် ပိုကူးနိုင်လား
ပို မကူးပါ။ ကိုဗစ်ဖြစ်ရင် တော်တော်များများက ဖျား ကိုက်ခဲ ချောင်းဆိုး လည်ချောင်းနာနဲ့ ပျောက်သွားကြတာ များတယ်။ ၅ ရာခိုင်နှုန်း လောက်ပဲ အဆုတ်ရောင် အပြင်းစား လက္ခဏာတွေ ခံစားရတယ်။ အအေးမိ တုတ်ကွေးပိုးတွေလိုပဲ နှလုံးရောဂါရှိတဲ့သူတွေ ကိုဗစ် ဖြစ်ရင် အဆုတ်ရောင်ရမ်းမူ့ ပိုများနိုင်တယ်လို့ ယူဆ ချက်တွေတော့ ရှိပါတယ်။
နှလုံးရောဂါ အမျိုးမျိုး အနေအထားပေါ် မူတည်ပြီး ကိုဗစ် ဖြစ်ရင် ဘယ်လိုကွာခြားမူ့တွေ ရှိသလဲ။ ဘယ်သူတွေ ပိုဂရုစိုက်သင့်လဲ
ကိုဗစ်ပိုးက အဆုတ်မှာ အောက်ဆီဂျင် ကျစေတာရယ် သွေးပေါင်ကျစေတာရယ်ကြောင့် နှလုံးက နှလုံးခုန်နှုန်းမြန်ပြီး အောက်ဆီဂျင် ပို့ပေးနိုင်အောင် ကြိုးစားရပါတယ်။ နှလုံး ရောဂါ အခံနဲ့ အောက်ပါ ရောဂါ ရှိ တွဲနေတဲ့သူတွေဆို ပို ဂရုပြုရပါမယ်။
(၁) ကိုယ်ခံအားနည်းတဲ့ ကင်ဆာ ရောဂါ ရှိသူတွေ အထူးသဖြင့် ဓာတ်ကင် ကင်ဆာဆေး သွင်းနေတဲ့သူတွေ
(၂) ကိုယ်ဝန်ရှိတဲ့သူ ၊အသက်ကြီး မလှုပ်ရှားနိုင် ရောဂါ စုံတဲ့သူတွေ
(၃)နှလုံး ညှစ်အားနည်းနဲ့ နှလုံးရောင် ရောဂါ ရှိသူတွေ
(၄) နှလုံး ကြွက်သားထူထဲမူ့ကြောင့် နှလုံး ထွက်ပေါက် လမ်းကြောင်းပိတ်သူတွေ
(နှလုံးခုန်စက် ထည့်ထားသူတွေနဲ့ အဆို့ရှင် မကောင်းတဲ့သူတွေမှာ စက်ကို ပိုးကူးစပ်တာ ၊ အဆို့ရှင်ကို ပိုးကူးစပ်တာ အစရှိတာတွေ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။)
ကိုဗစ် က နှလုံးသွေးကြောပိတ် နဲ့ နှလုံးခုန် မမှန်တာ ဖြစ်စေလား
ကိုဗစ်က ရောင်ရမ်းမူ့ ဖြစ်စေတဲ့ အတွက် သီအိုရီအရ သွေးကြောနံရံမှာ ကပ်နေတဲ့ အဆီဖတ်တွေ အက်ကွဲပြီး သွေးကြောပိတ် ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်။ တချို့ နှလုံးခုန်နှုန်း မမှန်တာတွေလဲ ဖြစ်စေနိုင်ပါတယ်။
ကိုဗစ်က နှလုံးကြွက်သားတွေ ရောင်စေသလား
ပိုးက နှလုံးကြွက်သားတွေ တိုက်ရိုက် ထိခိုက် စေတဲ့ နှလုံး ရောင်ရမ်း စေတဲ့ ခိုင်မာတဲ့ အထောက်ထား မရှိသေးပါ။
နှလုံးလူနာ ဆီးချို နဲ့ သွေးတိုးရှိရင် ပိုဆိုးတတ်သလား
ပိုးဆိုးတာ တွေ့ရပါတယ်။
နှလုံးရောဂါ ရှိသူတွေ ကိုဗစ်ကြောင့် ပိုသေနိုင်သလား
အသက်ကြီး နှလုံးရောဂါ အခံရှိတဲ့သူ ပို ဆိုးကြပါတယ်။ ဒါပေမဲ့ နှလုံးရောဂါရှိပြီး လုံးဝအကောင်းတိုင်း ဖြစ်လာတဲ့ သူတွေလည်း ရှိပါတယ်။ စိတ်ဓာတ်မကျစေဖို့ပါ။
နှလုံးရောဂါအခံလဲ ရှိတယ် ကိုဗစ်ကူးစပ်ခံရတယ် လို့လဲ ထင်တယ် ဆေးရုံလဲ မသွားချင်ရင် ဘယ်လို အိမ်မှာ ကုသင့်လဲ
ပါရာစီတမော နဲ့ ကိုက်ခဲပျောက်ဆေး ပုံမှန် သူများတွေလိုပဲ သောက်လို့ ရပါတယ်။ ဒါပေမဲ့ မောလာရင်တော့ ဆေးရုံဆေးခန်း ဆရာဝန် ပြသတာ တိုင်ပင်တာ လုပ်သင့်ပါတယ်။
ကိုဗစ်ဖြစ်ရင် နှလုံးဆေးတွေ ရပ်ဖို့ လိုလား ။ အတိုးအလျော့ရှိလား
ဆေးတွေက သွေးတိုးတာ လေဖြတ်တာ နှလုံးသွေးကြောပိတ်တာ ကာကွယ်ပေးတာနဲ့ နှလုံး ညှစ်အားကောင်းအောင် ကူညီလုပ်ဆောင်ပေးပါတယ်။ ဆေးများ ပုံမှန် အတိုင်း ဆက်သောက်ဖို့ အရေးကြီးပါတယ်။
ဘယ် ဗိုက်တာမင် နဲ့ အားဆေး သောက်သုံးသင့်သလဲ ကိုဗစ်ပိုးကို ကာကွယ် ပေးနိုင်လား
လတ်လတ်ဆတ်ဆတ် အသီးတွေ အရွက်တွေက ဗိုက်တာမင် ဆေးပြားများထက် ကိုယ်ခံအား ပိုတက်စေပါတယ်။ တချို့ ဗိုက်တာမင် ချို့တဲ့ ရောဂါ ရှိသူတွေတော့ သက်ဆိုင်ရာ သမားတော် ညွန်ကြားထားတဲ့ အတိုင်း သောက်သင့်ပါတယ်။ ဗိုက်တာမင် အားဆေးပြားများ မညွှန်ကြားပဲ သောက်သုံးနေသူများ နေ့စဉ် ခန္ဓာကိုယ် လိုအပ်ချက်ထက် ပိုများနေပါက အန္တရာယ် ရှိပါတယ်။ တချို့ နှလုံးဆေးများရဲ့ အာနိသင် ကိုလည်း အနှောင့် အယှက် ပေးနိုင်တဲ့ အတွက် ဂရုပြုစေလိုပါတယ်။
အားလုံးပဲ ကိုဗစ်ကပ်ဘေးမှ အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ။
Credit;- ဒေါက်တာ သက်ဟိန်း ( နလုံး အထူးကု)
