လူတွေက ရည်းစားနဲ့ ပြတ်တဲ့အခါ ငါ့အတွက် သူမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ ပြိုလဲကြရတယ်။သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်နဲ့ ပိုချစ်ခင်သွားကြတဲ့အခါ ငါကကောင်းပါလျက် ငါ့ကိုထားသွားရက်လိုက်တာဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းကြရတယ်။
အဖွဲ့အစည်းတစ်ခု၊နေရာတစ်ခုကနေ သူစိမ်းနေရာ၊သူစိမ်းတွေကြားထဲ ပြောင်းရွှေ့လုပ်ကိုင်ကြရတဲ့အခါ ကြေကွဲသောက ဖြစ်ကြရတယ်။ကိုယ့်အတွက် ကိုယ်အမြဲပါနေတာ။ ကိုယ့်ရှင်သန်မှုအတွက် ကိုယ်တိုင်ဖြစ်တည်ရှင်သန်ရ၊ ရုန်းကန်နေရတာကို မေ့လျော့နေခဲ့ကြတယ်။ တကယ်တော့ ကိုယ့်ဘယ်ဘက်လက် အလုပ်လုပ်တဲ့အခါ ညာဘက်လက်က ဖြည့်ဆည်းကူညီပေးနိုင်တယ် ဆိုတာကို မေ့နေခဲ့ကြတယ်။
ကိုယ့်နှလုံးသားက နာကျင်တဲ့အခါ ကိုယ့်ဦးနှောက်က ထိန်းချုပ်ကူညီပေးနိုင်တာကို မေ့နေခဲ့ကြတယ်။ကိုယ့်အတွက်ကိုယ်အလိုအပ်ဆုံးဆိုတာကို မေ့နေခဲ့ကြတယ်။တကယ်တော့ ကျွန်တော်တို့အတွက် အလိုအပ်ဆုံးဟာ ကျွန်တော်တို့ပါပဲ။ကိုယ့်ရဲ့ကျရှုံးမှုအတွက် ကိုယ်ကိုယ်တိုင် ရုန်းထမရှင်သန်နိုင်ရင် ဘဝတိုက်ပွဲမှာ ဘဝအပြီး ရှုံးနိမ့်သွားပြီးပဲတစ်ခုလုံး ကျွန်တော်တို့ကျရှုံးသွားမှာပဲ။
ဘယ်သူတွေ ဘယ်လောက်ပဲ တွဲထူပေမဲ့သူရှိနေပါစေ၊ ကျွန်တော်တို့ ထလိုစိတ်မရှိတဲ့အခါ မတ်တပ်ရပ်နိုင်ပါမလားတဲ့။ မိဘဘယ်လောက်ပဲ ပညာရှင်ဖြစ်အောင် ကျောင်းပေါင်းစုံထားပေးနိုင်ပါစေ၊ ကြိုးစားဖြစ်ချင်လိုစိတ် ကိုယ့်မှာသာ မရှိတဲ့အခါ နယ်ပယ်တစ်ခုရဲ့ ပညာရှင် ဖြစ်လာပါမလား။ အဲ့ဒီအတွက် ကိုယ့်အတွက်ကိုယ်ရှိနေရပါ့မယ်။ကိုယ့်ရှင်သန်မှုအတွက် ကိုယ်ရုန်းကန်နေရမှာပဲ။
ဘယ်သူတွေ ဘယ်လောက်ပဲတွန်းချပါစေ၊ ငါ့အတွက် ငါရှိတယ်ဆိုတဲ့ စိတ်နဲ့ အမြင့်ဆုံး ရောက်အောင်တက်ရပါမယ်။ ဘယ်သူတွေဘယ် လောက်ပဲ စိတ်ဓာတ်ကျအောင်လုပ်နေပါစေ၊ ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့ တွန်းကန်ရှင်သန်ရပါ့မယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြိုလဲသွားပါစေ၊ ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့ ရုန်းထရှင်သန်ရပါမယ်။
ကျွန်တော်တို့မိတ်ဆွေတို့ကလဲ စိတ်ထဲမှာ အမြဲမှတ်ထားရမှာက “ငါ့အတွက် ငါရှိတယ်”ဆိုတာပါပဲ။
