ဒီတစ်ခေါက်မှာတော့ မြန်မာ့ပတ္တလားအကြောင်းအကျဉ်းချုပ်လေးကို ဖော်ပြရင်း MYANHOUSE မှာ စုစည်းရောင်းချနေတဲ့ ပတ္တလားလေးတွေကိုတင်ပေးလိုက်ပါတယ်နော်..။
မြန်မာ့ဆိုင်းဝိုင်းမှာ အရေးပါတဲ့ တူရိယာတစ်ခုဖြစ်တဲ့ ပတ္တလားကို အမြင်အားဖြင့်တော့ တော်တော်များများ ရင်းနှီးကြမှာပါနော်။ တကယ်တော့ မြန်မာ့ဂီတရဲ့အရေးပါတဲ့ တူရိယာတစ်ခုဖြစ်သလို၊ နန်းသုံးတော်ဝင်လည်းဖြစ်တဲ့ ပတ္တလားဟာ အမြင်အားဖြင့်ခန့်ငြားသလို အချိန်ပေးပြီး အဆင့်ဆင့်ပြုလုပ်ရတဲ့ တူရိယာတစ်မျိုးလည်းဖြစ်ပါတယ်။
ပတ္တလားမှာ ပတ္တလားအဆံနဲ့ပတ္တလားအိမ်ဆိုပြီး နှစ်ပိုင်းရှိပြီး ပတ္တလားအဆံကတော့ ဂီတသံတွေထွက်လာအောင် တီးခတ်ရတဲ့ (ဝါး၊ ကြေး၊ သံ) အပြားတွေကိုပြောတာဖြစ်ပြီး၊ ပတ္တလားအိမ်ကတော့ ပတ္တလားဆံတွေကို တီးခတ်လိုက်တဲ့အခါ ကျယ်ပြီး၊ ပြတ်သားတဲ့အသံထွက်ရအောင် အသံထွက်အတွက်ပံ့ပိုးပေးတဲ့အိမ်ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် (Sound Box) လိုမျိုးအရာပါ။ ပတ္တလားအိမ်ကိုတော့ သစ်သားနဲ့ပြုလုပ်ကြပြီး မြန်မာ့ရိုးရာမှန်စီရွှေချပညာနဲ့ အလှဆင်ကြပါတယ်။
ပတ္တလားမှာ အဆံ (၂၄) ဆံပါဝင်ပြီး ဘယ်ကနေညာကို ပိုကြီးသွားတာပါ။ ပတ္တလားကို မြန်မာ့ဂီတနုတ်စ်အပြင်၊ နိုင်ငံတကာဂီတနုတ်စ်တွေနဲ့ပါ တီးခတ်လို့ရတာဖြစ်ပါတယ်။ ပတ္တလားမှာထပ်ပြီး အရေးပါတဲ့အရာကတော့ လက်ခတ်ပါပဲ။ လက်ခတ်ကောင်းမှသာ တိကျပြတ်သားပြီး၊ သာယာတဲ့အသံကိုရမှာဖြစ်ပါတယ်။ အရွယ်အစားညီညာပြီး ချောမွတ်နေတဲ့ပွတ်လုံးလက်ခတ်တွေကို ထိပ်ဖျားမှာ ကတ္တီပါစကို ဂွမ်း (သို့မဟုတ်) မှို့သွပ်ထားတဲ့ ထိပ်သီးဘုလုံးလေးတွေဆင်ရပါတယ်။
ဒါကတော့ ပတ္တလားတစ်လုံးရဲ့ အကြမ်းဖြင်းဖွဲ့စည်းပုံဖြစ်ပြီး သံပေါက်ကောင်းတဲ့ ပတ္တလားတစ်လက်ရလာဖို့ကိုတော့ ပိုမိုအသေးစိတ်တဲ့ နည်းစနစ်တွေနဲ့ အဆင့်ဆင့်ပြုလုပ်ရမှာဖြစ်ပါတယ်။
