ချမ်းသာမှုနဲ့အောင်မြင်ကျော်ကြားတဲ့သူတွေ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ ပိုက်ဆံနဲ့ပက်သက်တဲ့ အမှား ၁၀ ခု
ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ခြင်းဟာ အလွန် အရေးပါပြီး ခက်ခဲလှတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံကို သုံးရတာက လွယ်ပါတယ်။ ဘယ်သူ မဆို ပိုက်ဆံကို သုံးတတ်ပါတယ်။ ဒါပေမယ့် အကျိုး ရှိရှိ သုံးတတ်ဖို့ဆိုတာ အလွန်ပဲခဲယဉ်းပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ် တိုးတက်ဖို့အလားအလာ ရှိနေတဲ့ အချိန်အခါမှာ ပိုပြီးမှ ခဲယဉ်းပါတယ်။ အတတ်ပညာတွေ ရှိလာလို့ပိုက်ဆံကို ရှာဖွေနိုင်လာတဲ့ တတ်သစ်စ အရွယ်မှာ ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ဖို့ရာ အင်မတန်ပဲ လိုအပ်လှပါတယ်။ အဲ့ဒီလိုမှ မဟုတ်ယင်တော့ လူချမ်းသာ တစ်ယောက် ဖြစ်လာဖို့ခဲယဉ်းသွားပြီး သာမန် အလယ်အလတ် လူတစ်ယောက် အနေနဲ့ပဲ ရပ်တည်သွားပါလိမ့်မယ်။ အောက်မှာ ရေးမယ် အချက် ၁၀ ချက်ကတော့ ချမ်းသာမှု နဲ့အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် သူဌေးကြီးတွေရဲ ့ပိုက်ဆံကို ဘယ်လို အကျိုးရှိရှိ စီမံခန့်ခွဲ လေ့ ရှိသလဲ ဆိုတာကို ရေးထားတာပါ။
၁။ သူတို့ဟာ ဘယ်သောအခါမှ ပိုက်ဆံကို အလွန်အကျွံ မသုံးပါဘူး။ သူတို့ရှာဖွေနိုင်မှုထက် နိမ့်တဲ့ အဆင့်တစ်ခုမှာပဲ သူတို့နေပါတယ်။ အဲ့ဒါဟာ အလွန်မှ အရေးကြီးပြီး တကယ့်ကို အဓိကကျတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ Sir John Templeton ဆိုတဲ့ Billionaire ဆိုယင် သူ ရှာဖွေလို့ရသမျှရဲ ့၅၀ ရာခိုင်နှုန်းကျော်ကို ပြန်ပြီး ရင်းနှီးမြုပ်နှံပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို သာ သုံးစွဲပါတယ်။ အဲ့လိုနည်းနဲ့စုဆောင်း မြုပ်နှံလာခဲ့တဲ့အတွက် သူဟာ Billionaire တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သင့်အနေနဲ့သင့်လစာရဲ ့ ၅၀ ရာခိုင်နှုန်းကို စုဆောင်းဖို့ရာခက်ခဲလှတယ်ဆိုယင် စိတ်မပူပါနဲ့။ ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းလောက်တော့ စုဆောင်းဖြစ်အောင်ကြိုးစားနိုင်ပါတယ်။
၂။ နောက် အချက်တစ်ခုကတော့ ချမ်းသာတဲ့သူတွေအနေနဲ့ပစ္စည်းတစ်ခုရဲ ့စျေးကို မကြည့်ပါဘူး။ ဒီပစ္စည်းရဲ ့ အရေးပါပုံကို ပဲ ကြည့်ပါတယ်။ ဒီအချက်ကတော့ ယျေဘုယျ အားဖြင့် စဉ်းစားကြည့်လျှင် ဆန့်ကျင်ဘက်လို့ထင်ရပါတယ်။ ချမ်းသာတဲ့သူတွေက ပစ္စည်း တစ်ခု ၀ယ်တော့မယ်ဆိုယင် စျေးကို မကြည့်ပါဘူး။ ဒီပစ္စည်းဘယ်လောက် အသုံးခံမလဲ။ ဘယ်လောက် အရည်အသွေးကောင်းမလဲ ကို ကြည့်ပါတယ်။ အဓိကကတော့ ကြာကြာခံမယ့် အချက်ကို ကြည့်ပါတယ်။ တကယ်သဘောကျပြီဆိုယင် စျေးများလည်း ၀ယ်ယူလေ့ရှိပါတယ်။ သူတို့စဉ်းစားတဲ့အချက်ကတော့ တစ်ခါ ၀ယ်ထားလိုက်လို့ ငါးနှစ် အသုံးခံတာက ငါးနှစ်အတွင်း ခဏခဏ ၀ယ်ရတာထက်စာယင် ပိုပြီး တွက်ခြေကိုက်တယ်လို့တွက်ချက်လိုက်တာပါပဲ။
အဲ…၀ယ်ပြီးလျှင်တော့ အဲ့ဒီ ပစ္စည်းကို ပဲ ရေရှည် စွဲစွဲမြဲမြဲ အသုံးပြုတာက အဓိက ကျတဲ့အချက်ပါ။ အဲ့လိုမှ မဟုတ်ပဲ Brand ကြီးပဲလိုက်၀ယ်မယ်။ ရေရှည်တော့ စွဲစွဲမြဲမြဲ မသုံးပဲ ခဏခဏ ပြောင်းလဲနေမယ်ဆိုယင်တော့ ပိုက်ဆံက ကုန်မှာပါပဲ။
၃။ တော်တော်များများဟာ သူတို့ပိုက်ဆံတွေကို ၀န်ဆောင်ခ၊ အခပေးရတာတွေ၊ အတိုးနှုန်းပေးရတာတွေအတွက် အသုံးမပြုပါဘူး။ အဲ့ဒီလို မျိုး ကုန်ကျမယ့် အချက်တွေကို အထူးသတိပြုပြီး ရှောင်ကြဉ်ပါတယ်။
ကျွန်တော် နဲ့ပဲ နှိုင်းယှဉ်ကြည့်ရအောင်။ ကျွန်တော် ထိုင်းမှာနေတုန်းက ကျွန်တော့် ATM card က ချင်းမိုင်မှာ လုပ်ထားတဲ့ အတွက် ချင်းမိုင်မှာ ပိုက်ဆံ ထုတ်ယင် ATM fee ပေးစရာမလိုဘူး။ ဒါပေမယ့် တခြား နေရာတွေ ရောက်ယင်တော့ ATM charge ဆိုပြီး ပိုက်ဆံထုတ်တိုင်း ၁၅ ဘတ် ပေးရတယ်။ အဲ့ဒီအတွက် ကျွန်တော်လုပ်သင့်တာကတော့ အခြားနေရာတွေကို သွားပြီဆိုယင် ပိုက်ဆံဘယ်လောက်သုံးမလဲဆိုတာကို ကြိုတင် တွက်ချက်ပြီး တစ်ခါတည်း ပိုက်ဆံကို ကြိုထုတ်သွားသင့်တာပေ့ါ။ ကျွန်တော် အဲဒီလို မျိုး မလုပ်ခဲ့ပါဘူး။ အခြားနေရာ ရောက်တဲ့အခါ ခဏခဏ ATM ကနေ ထုတ်ဖြစ်တယ်။ တစ်ခါ ထုတ်တိုင်း ၁၅ ဘတ် ပေးပေးနေရတာကို အေးအေးဆေးဆေး သဘောထားနေမိခဲ့တာပါ။ အဲ့ဒီလိုပဲ online purchasing လုပ်ယင်လဲ debit card ကနေ ပေးမယ်ဆိုယင် နံပါတ်တွေ အများကြီး ရိုက်ထည့်ရလို့ဆိုပြီး paypal ကို သာ အသုံးများခဲ့ပါတယ်။ တကယ်တော့ paypal ရဲ ့exchange rate က သာမန်ထက်များတာကို သေချာ သတိမထားခဲ့မိပါဘူး။ အလွယ်ပဲလိုက်ခဲ့မိတာပါ။
တကယ်အောင်မြင်ကျော်ကြားတဲ့သူတွေကတော့ အဲ့ဒီလိုမျိုးကုန်ကျမယ့် စရိတ်တွေကို မကုန်ကျအောင် သေချာတွက်ချက်စိစစ်ပြီး စီမံလေ့ရှိတာပါပဲ။
၄။ သူတို့ ဘ၀မှာ ကြီးကြီး မားမားပြောင်းလဲ မှုဖြစ်ပြီးလျှင် သူတို့ငွေသုံးစွဲပုံကို ပြန်ပြီး လေ့လာ သုံးသပ်လေ့ရှိတာပါပဲ။ ဥပမာ ဆိုကြပါစို့။ အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်လာတယ်။ အဲ့ဒီအချိန်မျိုးမှာဆိုယင် မိမိရဲ ့သုံးစွဲနေထိုင်ပုံကို ပြန်လည် သုံးသပ်ပြီး လျှော့တန်လျှေ့ာ့၊ ချွေတာတန် ချွေတာ တာမျိုးကို လုပ်ကြပါတယ်။ မလိုအပ်တဲ့ သုံးစွဲမှုတွေကို လျှော့လိုက်ပါတယ်။ ဥပမာ ကား ဒရိုင်ဘာ နှစ်ယောက်ကနေ တစ်ယောက်ကို လျှော့လိုက်ပြီး ကိုယ်တိုင် ကားမောင်းတာမျိုး၊ ကားသုံးစွဲမှုကို ဒရိုင်ဘာ တစ်ယောက်နဲ့လောက်အောင် စီမံခန့်ခွဲလိုက်တာမျိုး ပါ။ အဲ့ဒါရဲ ့ဆန့်ကျင်ဘက်ကတော့ အထည်ကြီးပျက်ပေ့ါ။ စီးပွားရေး ကျနေတဲ့အချိန်မှာလည်း အသုံးမပျက် သုံးလျှက်ပဲ ဆိုလျှင်တော့ မွဲမှာပါပဲ။
၅။ သူတို့ဟာ ပုံမှန်၀င်နေတဲ့ ၀င်ငွေနဲ့မကျေနပ်နိုင်ပါဘူး။ သူတို့ဟာ တစ်နေ့ထက် တစ်နေ့၀င်ငွေကို တိုးပွားလာအောင် အစဉ်အမြဲ ကြိုးပမ်း အားထုတ်နေတာပါ။ တစ်လကို ၀င်ငွေ သိန်း ၁၀၀ ရလို့ဘ၀က ချမ်းသာပြီးဆိုပြီး မရပ်နေပါဘူး။ နောက်လမှာ သိန်း ၂၀၀ ရအောင် အကြံထုတ်ကြိုးစားနေတတ်ကြပါတယ်။ တကယ်လည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကုန်စျေးနှုန်းက ရပ်နေတာမှ မဟုတ်တာ။ ဒါကြောင့် သူတို့တွေဟာ ၀န်ထမ်းဘ၀ ထက် ကိုယ်ပိုင် စီးပွားရေးကို ပိုပြီး ဦးစားပေးပါတယ်။
၆။ ငွေကြေးရှင်းတမ်းတွေ၊ voucher တွေ၊ Bank book တွေကို လျစ်လျူ ရှုထားလေ့မရှိပါဘူး။ အနည်းဆုံး အနေနဲ့တစ်လကို တစ်ကြိမ်လောက် မိမိနဲ့ပက်သက်မှုရှိတဲ့ ငွေကြေးရှင်းတမ်းတွေ၊ voucher တွေ၊ bankbook တွေကို စစ်ဆေးလေ့ရှိပါတယ်။ ဘာကို စစ်ဆေးတာလဲ ဆိုတော့ အမှားအယွင်း ရှိမရှိကို ဦးစားပေးစစ်တာပါ။ ဘာလို လဲဆိုတော့ အမှားအယွင်း တစ်ခုကို စောစော တွေ့လို့ရှိလျှင် စောစောပြင်နိုင်အောင်လို့ပါ။ နောက်ကျမှ တွေ့လို့ဆုံးရှုံးမှုများမှာကို ကြိုတင်ပြီး ကာကွယ်တဲ့ သဘောပါပဲ။
၇။ သူတို့တွေဟာ ပိုက်ဆံကို ဘယ်တော့ မှ အသိဥာဏ်မဲ့စွာ အဆုံးမခံပါဘူး။ Warren Buffet ရဲ ့ဆောင်ပုဒ်လိုပါပဲ။ နံပါတ်တစ် အရေးအကြီးဆုံးသည် ပိုက်ဆံ ဘယ်တော့ မှ မဆုံးရှူံးဖို့ပါပဲ။
ရင်းနှီးမြှုပ်နှံမှု မှန်သမျှမှာ ဆုံးရှူံး နိုင်မှု ဆိုတာ ရှိပါတယ်။ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်းအာမမခံထားပါဘူး။ ဒါဆို သူတို့တွေ ရင်းနှီးမြုပ်နှံမှုမလုပ်ကြတော့ဘူးလား။ လုပ်တာပေ့ါ။ သူတို့လောက်လုပ်တာ သူတို့ပဲ ရှိတယ်။ ဒါဆို ယင် ဘယ်လို လုပ်ကြလဲ။ ဆုံးရှူံးမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ သုံးပါတယ်။ အာမခံမျိုးစုံထားပါတယ်။ နေရာခွဲပြီး ရင်းနှီးမြှပ်နှံမှု ပြုပါတယ်။ တစ်နေရာတည်း စုပုံမထည့်ပါဘူး။ အဲ့ဒီလို နည်းတွေနဲ့ဆုံးရှူံးမှုကို ကာကွယ်ပါတယ်။
၈။ ဒီအချက်ကတော့ အရမ်း အရေးကြီးတဲ့အချက်ပါ။ ပိုက်ဆံနဲ့ပက်သက်လာလျှင် တတ်ယောင်ကား မလုပ်ပါဘူး။ တတ်ချင်ယောင် မဆောင်ပါဘူး။ မတတ်ယင် လေ့လာပါတယ်။ သင်ယူပါတယ်။ မရှက်မကြောက်မေးပါတယ်။ ပြီးတော့ ကိုယ်မှာ ရှိတဲ့ အားသာချက်၊ အားနည်းချက်ကို သိပြီး ဘယ်နေရာဆိုယင်တော့ သင်ယူဖို့လိုတယ်ဆိုတာကို နားလည်ထားပါတယ်။
၉။ ဒီအချက်လည်း အရမ်းအရေးကြီးပါတယ်။ သူတို့ဟာ သူတို့ရဲ ့ တာ၀န်တွေကို တခြားသူ အပေါ် မလွှဲပြောင်းပါဘူး။ သူတို့ပဲ တာ၀န်ယူလုပ်ဆောင်ပါတယ်။ ဘယ်လို မျိုးတာ၀န်တွေ ဖြစ်မလဲ။ ငွေကြေးနဲ့ဆိုင်တဲ့ တာ၀န်တွေပေ့ါ။
သူတို့တွေဟာ ပညာရှင်တွေ ဆီကနေ အကြံဥာဏ်တောင်းခံလျှင်တောင်းခံတတ်ကြပါတယ်။ ဒါပေမယ့် အကြံဥာဏ်ပဲတောင်းခံတာပါ။ အကြံဥာဏ် ရပြီးလျှင် အဲ့ဒီ အကြံဥာဏ်ကို သေချာ အကဲဖြတ်သုံးသပ်ပါတယ်။ ပြီးမှသာ ဆုံးဖြတ်ချက်ကို ချပါတယ်။ ဘာလို့လဲဆိုတော့ လူယုံသတ်လို့ဒုက္ခများသွားတဲ့ လူတွေ လောကမှာ အများကြီးပါ။ ပညာရှင်လက်ထဲ ထိုးအပ်ထားလို့ဘ၀ပျက်သွားတဲ့ သူဌေးတွေလည်း အများကြီးပါပဲ။
၁၀။ သူတို့တွေဟာ ဘ၀ရဲ ့အရေးကြီးတဲ့ အရာတွေကို နားလည်ပါတယ်။ ပိုက်ဆံ က ဘ၀ရဲ ့တစ်စိတ် တစ်ပိုင်းသာ ဖြစ်တယ်ဆိုတာကို လက်ခံထားပါတယ်။ ကျန်တဲ့အရေးကြီးတဲ့ အရာတွေ ရှိသေးတယ်ဆိုတာကို လည်း နားလည်ထားပါတယ်။ ပိုက်ဆံနောက်လိုက်နေရတဲ့အတွက် အဲ့ဒီအရာတွေကို မေ့လျော့ထားခြင်း မဖြစ်အောင် ကြိုးစားပါတယ်။ ဥပမာ ကျန်းမာရေး၊ ပညာရေး၊ မိသားစု အရေးတွေကို လည်း ပိုက်ဆံ ရှာတာနည်းတူ ဦးစားပေးပြီး အမြဲတမ်း ဂရုပြု အလေးထားပါတယ်။
ဘာလို့လည်းဆိုတော့ အဲ့ဒီ အရာတွေ ဆုံးရှူံး ခဲ့လို့ရှိလျှင် ပိုက်ဆံလည်း လိုက်ပြီး ဆုံးရှူံးနိုင်တယ်ဆိုတာ ကို လက်ခံထားလို့ပါပဲ။
ဒါတွေကတော့ ချမ်းသာမှု နဲ့ကျော်ကြားတဲ့ ကမ္ဘာကျော်တွေရဲ ့ပိုက်ဆံနဲ့ပက်သက်တဲ့ အလေ့အကျင့်တွေပါ
Credit: Ko Hein(Prospect Mynmar)
