မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းဆိုတာ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေနဲ့ စုဝေးပြီး ပျော်ရွှင်စွာ စားသောက်ကြတဲ့ နေရာတစ်ခုပါ။

ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်ုပ်တို့နေ့စဉ် ရွေးချယ်စားသုံးနေတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်တွေ ပါဝင်နေပီလား?

၁။ ကစီဓာတ်လွန်ကဲတဲ့ နံနက်စာနှင့် နေ့စဉ်အစားအစာများ

မနက်ခင်းဆိုရင် ကောက်ညှင်းပေါင်း၊ အီကြာကွေး၊ မုန့်ဟင်းခါး စတာတွေကိုပဲ အားပြုစားသုံးလေ့ရှိကြပါတယ်။ ဒီအစားအစာတွေအားလုံးဟာ ဆန်နဲ့ ဂျုံကို အဓိကထားတဲ့အတွက် ကစီဓာတ် (Carbohydrates) အလွန်မြင့်မားပါတယ်။ ကစီဓာတ်ကို အလွန်အကျွံ စားသုံးခြင်းဟာ ဆီးချိုရောဂါဖြစ်ပွားဖို့ လမ်းစဖြစ်စေနိုင်တာမို့ သတိပြုသင့်ပါတယ်။

၂။ ဆီပြန်ဟင်းနှင့် သွေးတွင်းအဆီဓာတ်

နေ့လယ်စာ၊ ညစာမှာ ဆီပြန်ဟင်းတွေ၊ အနှစ်များတဲ့ ဟင်းလျာတွေကို မြန်မာတို့ အလွန်ကြိုက်နှစ်သက်ကြပါတယ်။ ဒီလို အဆီဓါတ်များပြားတဲ့ အစားအစာတွေဟာ သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေပြီး နှလုံးသွေးကြော ကျဉ်း/ပိတ်ခြင်းအထိ ဆိုးကျိုးပေးနိုင်ပါတယ်။

၃။ လုံလောက်တဲ့ အသားဓာတ်ရရဲ့လား?

ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာတို့ရဲ့ အသားဓာတ်စားသုံးမှုဟာ အတော်လေး နည်းပါးပါတယ်။ အထူးသဖြင့် ကြီးထွားဆဲကလေးငယ်တွေအတွက် အသားဓာတ် လုံလောက်စွာ မရရှိခြင်းဟာ ဖွံ့ဖြိုးမှုနှုန်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်အစားအစာထဲမှာ အသားဓာတ်ကို ပိုမိုထည့်သွင်းဖို့ လိုအပ်ပါတယ်။

၄။ ငါးပိ၊ ငါးခြောက်နှင့် ဆားဓာတ်အန္တရာယ်

ထမင်းဝိုင်းရဲ့ အနှစ်သာရဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့မှာ ဆိုဒီယမ်ဓာတ် (ဆားဓာတ်) အလွန်ပါဝင်ပါတယ်။ ခန္ဓာကိုယ်လိုအပ်ချက်ထက် ပိုမိုစားသုံးမိတဲ့အခါ သွေးတိုးရောဂါနဲ့ ကျောက်ကပ်ထိခိုက်ခြင်း၊ အရိုးပွခြင်းတို့ ဖြစ်လာနိုင်တာကြောင့် တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

၅။ မေ့လျော့နေတဲ့ အာဟာရဓာတ်များ

မြန်မာနိုင်ငံမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ ပေါများပေမဲ့ နေ့စဉ်စားသောက်မှုမှာ လုံလောက်တဲ့ပမာဏကို စားသုံးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့အပြင် ရေနဲ့ နွားနို့ကို လုံလောက်အောင် သောက်သုံးတဲ့ အလေ့အကျင့်ကိုလည်း ပိုမိုပျိုးထောင်ဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့ စားသောက်နေတဲ့ ပုံစံတွေကို တစ်ရက်တည်းနဲ့ ပြောင်းလဲပစ်ဖို့ မလွယ်ကူပေမဲ့ သတိပြုပြီး ဖြည်းဖြည်းချင်း ပြင်ဆင်သွားလို့ ရပါတယ်။

  • ကစီဓာတ်ကို လျှော့ချပါ။
  • အသီးအရွက် ပိုမိုထည့်သွင်းပါ။
  • ဆားဓာတ်ကို လျှော့စားပါ။
  • အသားဓာတ်ကို ပိုမိုဖြည့်တင်းပါ။

လူတစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ စွမ်းအင်လိုအပ်ချက်ချင်း မတူညီတဲ့အတွက် သင့်အတွက် အကောင်းဆုံးဖြစ်မယ့် အာဟာရလမ်းညွှန်ချက်ကို သိရှိလိုပါက အာဟာရဗေဒပညာရှင်များ (Nutritionists) နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။ သင်နဲ့ သင့်မိသားစု ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် Hug Myanmar က အမြဲစောင့်ရှောက်ပေးနေမှာပါ။