အနားမှာ ချောင်းခဏခဏဆိုးနေသူ သို့မဟုတ် အသက်ရှူရခက်ခဲနေသူတစ်ဦးကို တွေ့သည့်အခါ “ငါ့ဆီများ ကူးစက်လာမလား” ဆိုသည့် စိုးရိမ်စိတ်မျိုး ဝင်ဖူးကြပါလိမ့်မည်။ အထူးသဖြင့် ပန်းနာရင်ကျပ် ခံစားနေရသူများ၏ အနားတွင် နေထိုင်ရသည့်အခါ ဤမေးခွန်းသည် လူအများစု သိချင်ကြသည့် ပဟေဠိတစ်ခု ဖြစ်လာပါတယ်။

ဒီတစ်ခါ Hug Myanmar ကနေ ပန်းနာရင်ကျပ်ရောဂါနှင့် ပတ်သက်ပြီး လူအများ မှားယွင်းစွာ သိထားတတ်ကြသည့် အချက်များနှင့် ပတ်သက်သော အမှန်တရားကို အပြည့်အစုံ ရှင်းပြပေးလိုက်ပါတယ်။

ပန်းနာရင်ကျပ်ဆိုတာ ဘာလဲ၊ တကယ်ရော ကူးစက်တတ်သလား

အတိုချုပ် ဖြေရလျှင် ပန်းနာရင်ကျပ် (Asthma) သည် လုံးဝ (လုံးဝ) မကူးစက်တတ်ပါ။ တီဘီ သို့မဟုတ် တုပ်ကွေးရောဂါတို့ကဲ့သို့ တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားသည့် ရောဂါမျိုး မဟုတ်ပါ။

ပန်းနာရင်ကျပ်ဆိုသည်မှာ လေပြွန်များ အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းလာခြင်း၊ ကျဉ်းမြောင်းသွားခြင်းနှင့် ချွဲသလိပ်များ လွန်ကဲစွာ ထွက်ရှိလာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခြေအနေ တစ်ခုသာ ဖြစ်ပါတယ်။ ဤသို့ဖြစ်သည့်အခါ အသက်ရှူရ ခက်ခဲလာခြင်း၊ အသက်ရှူလျှင် တရွှီရွှီ မြည်ခြင်းနှင့် ဆက်တိုက် ချောင်းဆိုးခြင်းတို့ကို ခံစားရတာဖြစ်ပါတယ်။

အချို့သူများတွင် ရောဂါလက္ခဏာ ပါးပါးလေးသာ ခံစားရသော်လည်း အချို့သူများတွင် နေ့စဉ်လူနေမှုဘဝနှင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့်အထိ ပြင်းထန်တတ်ပါတယ်။ ရောဂါကို အမြစ်ပြတ် ကုသရန် ခက်ခဲသော်လည်း စနစ်တကျ ထိန်းချုပ်ကုသပါက ပုံမှန်ဘဝအတိုင်း အေးချမ်းစွာ နေထိုင်နိုင်ပါတယ်။

ပန်းနာရင်ကျပ် ဘာကြောင့် ဖြစ်ရတာလဲ

ပန်းနာရင်ကျပ် ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းကို အတိအကျ မပြောနိုင်သေးသော်လည်း မျိုးဗီဇ (Genetics) နှင့် ပတ်ဝန်းကျင် တုံ့ပြန်မှုများ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ရောဂါရှိသူအများစုသည် ရုတ်တရက် ရင်ကျပ်လာခြင်းထက် ရင်ကျပ်စေသည့် လှုံ့ဆော်မှုအရာများနှင့် ထိတွေ့သည့်အခါမှ လက္ခဏာများ ပေါ်ထွက်လာလေ့ရှိပါတယ်။

အဓိက ဖြစ်ပွားစေသည့် အကြောင်းရင်းများနှင့် တိုက်ရိုက်သက်ဆိုင်သော အချက်များ

  • ဓာတ်မတည့်မှုများနှင့် ထိတွေ့ခြင်း – ဖုန်မှုန့်၊ ပန်းဝတ်မှုန့်၊ မှို အမှိုက်များနှင့် အိမ်မွေးတိရစ္ဆာန် မွေးမွှား/အမှုန်များမှတစ်ဆင့် အသက်ရှူလမ်းကြောင်း ဓာတ်မတည့်မှု ဖြစ်ပေါ်ကာ ရင်ကျပ်လာခြင်း။

  • မျိုးရိုးလိုက်ခြင်း – မိဘတွင် ပန်းနာရင်ကျပ်ရောဂါ ရှိပါက မွေးဖွားလာသည့် ကလေးတွင် ရောဂါဖြစ်ပွားနိုင်ခြေ အခြားကလေးများထက် ၂.၅ ဆခန့် ပိုမိုမြင့်မားပါတယ်။

  • လမစေ့ဘဲ မွေးဖွားခြင်း – ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၃၇ ပတ်မတိုင်မီ မွေးဖွားလာသူများတွင် အသက်ကြီးလာသည့်အခါ ရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ကလေးဘဝ အဆုတ်ပိုးဝင်ဖူးခြင်း – ငယ်စဉ်က အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်မှု ခံခဲ့ရဖူးပါက ကြီးပြင်းလာချိန်တွင် ပန်းနာရင်ကျပ် ဖြစ်ပွားရန် လမ်းစပွင့်သွားတတ်ပါတယ်။

  • လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် လေထု – အလုပ်ခွင်မှ ဓာတုအခိုးအငွေ့များ၊ ဖုန်မှုန့်များ၊ ဆေးလိပ်ငွေ့နှင့် မော်တော်ယာဉ် အိတ်ဇောငွေ့ စသည့် လေထုညစ်ညမ်းမှုများနှင့် နေ့စဉ် ထိတွေ့နေရခြင်း။

  • ဟော်မုန်း အပြောင်းအလဲ – အမျိုးသမီးများတွင် သွေးဆုံးခါနီး သို့မဟုတ် သွေးဆုံးချိန်၌ ဟော်မုန်း အပြောင်းအလဲများကြောင့် ရင်ကျပ်လက္ခဏာ ပေါ်လာတတ်ခြင်း။

  • အဝလွန်ခြင်း – ခန္ဓာကိုယ် ကိုယ်အလေးချိန် လွန်ကဲခြင်းသည် အဆုတ်အပေါ် ဖိအားသက်ရောက်စေပြီး အဆီတစ်ရှူးများမှ ရောင်ရမ်းစေသည့် ဓာတ်ပစ္စည်းများ ထွက်ရှိလာကာ အသက်ရှူရ ခက်ခဲစေခြင်း။