ထမင်းပူပူလေးနဲ့ ကန်စွန်းရွက်ကြော် သို့မဟုတ် ကန်စွန်းပလိန်း တို့စရာလေး တွဲဖက်စားသုံးရတာ မြန်မာလူမျိုးတိုင်း နှစ်ခြိုက်ကြသည့် အရသာတစ်ခုဖြစ်ပါတယ်။ ကန်စွန်းရွက်သည် အစာခြေစနစ်ကို ကောင်းမွန်စေရုံမျှမက ကျန်းမာရေးအတွက် အကျိုးကျေးဇူး အလွန်များပြားသည့် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ သို့သော် ကန်စွန်းရွက် စားပေးခြင်းက သဘာဝအတိုင်း အသားအရေကို ဝင်းပကြည်လင်စေသည့် လျှို့ဝှက်ချက် ပါဝင်နေသည်ကိုကား လူသိနည်းနေသေးပါတယ်။
ဒီတစ်ခါ Hug Myanmar ကနေ စျေးနှုန်းချိုသာပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ကန်စွန်းရွက်လေး၏ အသားအရေ ထိန်းသိမ်းရေးဆိုင်ရာ အံ့ဩဖွယ် အကျိုးကျေးဇူးများကို ဝေဝေဆာဆာ မျှဝေပေးလိုက်ပါတယ်။
ကန်စွန်းရွက်တွင် ပါဝင်သော အာဟာရဓာတ်များ
အရွက်ရော ရိုးတံပါ စိမ်းလန်းစိုပြည်ပြီး ရေတွင်ရော မြေပြင်တွင်ပါ လွယ်ကူစွာ ပေါက်ရောက်တတ်သည့် ကန်စွန်းရွက်ကို ရှေးယခင်ကာလများကတည်းက ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ပြေစေသည့် အရွက်တစ်မျိုးအဖြစ် သုံးစွဲခဲ့ကြပါတယ်။ ကန်စွန်းရွက်တွင် အသားအရေကို ပြုပြင်ပေးသည့် အောက်ပါ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပါတယ်။
-
ဗီတာမင်များ – Vitamin A, C, B-Complex (B1, B2, B3, B5, B6, B9)
-
သတ္တုဓာတ်များ – ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနစ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် ဇင့် (Zinc)
အသားအရေ လှပဖို့ ကန်စွန်းရွက် စားပေးရသည့် အဓိက အကြောင်းရင်းများ
၁။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း ကန်စွန်းရွက်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် နေရောင်ခြည်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် အရေပြားဆဲလ်များ ပျက်စီးခြင်းကို တားဆီးပေးပါတယ်။ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးပြီး အရွယ်တင် နုပျိုစေပါတယ်။
၂။ အရေပြား ပြဿနာများကို သက်သာပျောက်ကင်းစေခြင်း ကန်စွန်းရွက်တွင် ပါဝင်သော အဖူးနှင့် အရွက်လေးများကို သန့်စင်စွာ ဆေးကြော၍ ကြိတ်ခြေပြီး သဲဝဲ၊ နှင်းခူ၊ ပွေး၊ ဆိုရီရေးစစ်နှင့် ဝက်ခြံ စသည့် အရေပြားပေါ်ရှိ ယားယံသည့် အဖုအပိမ့်များပေါ်သို့ တိုက်ရိုက် အုံပေးပါက အံ့ဩဖွယ် သက်သာပျောက်ကင်းစေပါတယ်။
၃။ ထိခိုက်ဒဏ်ရာနှင့် အနာများကို လျင်မြန်စွာ ကျက်စေခြင်း အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သော ထိခိုက်ရှနာများ၊ ပိုးကောင်ကိုက်ခံရသည့် အဖုအပိမ့်များနှင့် ရောင်ရမ်းမှုများကို သက်သာစေရန်အတွက် ကန်စွန်းရွက်ကို ကြိတ်ခြေ၍ ကပ်ပေးနိုင်ပါတယ်။
၄။ အရေပြား အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း ခန္ဓာကိုယ်နှင့် အရေပြားအတွင်း စုဝေးနေသည့် အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အာနိသင်ရှိသဖြင့် ဝက်ခြံနှင့် အမဲစက်များ ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေကာ အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။
၅။ ဆဲလ်အသစ်များကို ဖြစ်ပေါ်စေပြီး Glow Skin ကို ပိုင်ဆိုင်စေခြင်း ကန်စွန်းရွက်တွင် ပါဝင်သော Vitamin A၊ Vitamin C နှင့် Lutein ဓာတ်တို့သည် အရေပြား ဆဲလ်အသစ်များ အမြန်ဆုံး ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။ ထို့ကြောင့် ဝက်ခြံကြောင့် ကျန်ရစ်ခဲ့သည့် အမဲစက်များနှင့် ချိုင့်ခွက်များကို သက်သာစေပြီး မျက်နှာကို ဝင်းပစိုပြည်သည့် Glow Skin လေး ဖြစ်လာစေတာပါ။
လှပပြီး ကျန်းမာသည့် အသားအရေကို ပိုင်ဆိုင်နိုင်ရန်အတွက် ငွေကုန်ကြေးကျ များပြားသည့် သောက်ဆေး၊ ထိုးဆေးများထက် သဘာဝက ပေးထားသည့် ကန်စွန်းရွက်လေးကို နေ့စဉ် အာဟာရဇယားတွင် ပုံမှန် ထည့်သွင်းစားသုံးပေးဖို့ Hug Myanmar က တိုက်တွန်းလိုက်ရပါတယ်။
