မိန်းမကိုယ်အတွင်း ရောဂါပိုးတစ်ခုခု ဝင်ရောက်ခြင်းကြောင့် ရောင်လာပြီး ယားယံ၍ အရည်များဆင်းလာခြင်းကို မိန်းမကိုယ်ရောင်ရမ်းတဲ့ ရောဂါ (Vaginitis) လို့ခေါ်ပါတယ်။
အဖြစ်များတဲ့ အကြောင်းရင်းတွေ
• လိင်ဆက်ဆံရာမှ တစ်ဆင့် အများဆုံးကူးစက်ပါတယ်
• ဘက်တီးရီးယားပိုး သို့မဟုတ် မှိုပိုးတစ်မျိုးမျိုး ကူးစက်ခံရခြင်း
• မိန်းမကိုယ်အကျိုးပြုဘက်တီးရီးယားများ နည်းနေခြင်း
• ဆပ်ပြာ၊ သုက်ပိုးသတ်ဆေးနှင့် ဓာတ်မတည့်တဲ့အခါမှာလည်း ရောင်လာတတ်ပါတယ်။
ကိုယ်ဝန်ရှိနေချိန်၊ တားဆေးသုံးနေချိန်၊ သွေးဆုံးချိန်တွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ရောင်ရမ်းတဲ့ လက္ခဏာမျိုး ပြလာနိုင်ပါတယ်။ အလွန်ကျပ်တဲ့ ဘောင်းဘီများ ဝတ်ဆင်တတ်တဲ့ အမျိုးသမီးများမှာလည်း ပွတ်တိုက်မှုကြောင့် ယားယံတာ၊ မိန်းမကိုယ်ရောင်တာ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
• မိန်းမကိုယ်မှ ထွက်လာတဲ့ အရည်အနံ့၊ အရောင်ပြောင်းနေခြင်း
• မိန်းမကိုယ်အတွင်း ယားယံနေခြင်း
• ဆီးသွားနေစဉ် နာကျင်ခြင်း
• မိန်းမကိုယ်မှ သွေးများ စီးကျနေတတ်ခြင်း
• လိင်ဆက်ဆံခြင်း နာကျင်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
ဘယ်လိုကုသနိုင်မလဲ။
မိန်းမကိုယ်ရောင်ရမ်းတဲ့ရောဂါသည် အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး စောစီးစွာ ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းရန်မြန်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ ဆရာဝန်အနေဖြင့် မိန်းမကိုယ်အား စမ်းသပ်စစ်ဆေးခြင်း၊ အရည်များကို နမူနာယူစစ်ဆေးခြင်း စတာတွေကို အရင်ဆုံး ပြုလုပ်ပြီးမှ မိန်းမကိုယ်ရောင်ရမ်းခြင်း ဟုတ်၊ မဟုတ် အတည်ပြုပေးပါတယ်။
မိန်းမကိုယ်ရောင်ရမ်းခြင်းအတွက် ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပေါ် မူတည်ပြီး
၁။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုရင် ပဋိဇီဝပိုးသတ်ဆေး ပေးခြင်း
၂။ မှိုရောဂါပိုးကြောင့် ဖြစ်တာဆိုရင် မှိုပိုးသတ်ဆေး၊ ဆေးမှုန့်များ ပေးခြင်း
၃။ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တာဆိုရင် ဓာတ်မတည့်စေတဲ့ ပစ္စည်းများကို ရှောင်ရှားခိုင်းခြင်း၊ အဝတ်အစားအကျပ်များ မဝတ်ဆင်ရန် ညွှန်ကြားခြင်း စတာတွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
မိန်းမကိုယ်ရောင်ရမ်းတာအတွက် ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သေချာသိဖို့ ဆရာဝန်နဲ့ သွားပြကြည့်တာကတော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်မှာပါ။
credit-Healtppy – ဟက်ပီး
