နွေရောက်လာတာနဲ့အမျှ တစ်နေ့တစ်နေ့ ပူသထက်ပူလာတယ်နော်။ အပူဒဏ်ကြောင့် ထမင်းတွေ သိုးလို့ ချက်ထားပြီးမှ ပစ်လိုက်ရတာမျိုးရော ကြုံဖူးကြလား။

ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ထမင်းတွေ လွယ်လွယ်နဲ့ မသိုးအောင် ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေကို ဆန်ဆေးတာကစပြီး ထမင်းချက်ပြီးတဲ့အထိ တစ်ဆင့်ချင်းစီ ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ အဆုံးထိ အတူဖတ်ကြည့်လိုက်ရအောင်။

ဆန်ကိုစင်အောင်ဆေးပါ

ဆန်ကို ရေနဲ့ သုံးခါလောက် သေချာဆေးပေးရင် ဆန်ထဲက အနယ်အနှစ်တွေနဲ့ ဖုန်တွေ အညစ်အကြေးတွေပါရင်လည်း တစ်ခါတည်း ဖယ်ရှားပေးတာကြောင့် ချက်လိုက်တဲ့အခါ ထမင်းကို လွယ်လွယ်နဲ့ မသိုးစေပါဘူး။ ဒါကြောင့် ဆန်ဆေးတဲ့အခါ အနယ်အနှစ်တွေ များများထွက်သွားအောင် ဆေးပေးနော်။

ရေအချိုးအစားကိုသတိထားပါ

ထမင်းချက်ပြီးတဲ့အခါ ထမင်းကစိုစိုစိစိနဲ့ ရေကျန်နေသေးရင် သိုးတတ်တဲ့အတွက် ထမင်းချက်တဲ့အခါ ရေမကျန်အောင် ဆန်နဲ့ ရေ အချိုးအစားကိုလည်း သတိထားပြီး ချက်ပေးပါ။ ထမင်းကို ပေါင်းအိုးနဲ့ ချက်တဲ့အခါ၊ ငှဲ့ချက်တဲ့အခါ၊ ဆန်အမျိုးအစား မတူတဲ့အခါ ထည့်ရတဲ့ ရေအချိုးအစားတွေကလည်း ကွာတတ်ပါတယ်။

ဆန်ဟောင်းက များသောအားဖြင့် မာတတ်တဲ့အတွက် ရေနည်းနည်းပိုသွားရင် ကိစ္စသိပ်မရှိပေမယ့် ဆန်အသစ်ကတော့ ဆန်သားစေးတတ်တဲ့အတွက် ရေများသွားရင် သိုးနိုင်ပါတယ်။ ကိုယ်သုံးမယ့် ထမင်းအိုးနဲ့ ဆန်အမျိုးအစားပေါ် မူတည်ပြီး ရေအချိုးအစားကို သေချာလေး ချိန်ပေးပါ။

ထမင်းအိုးကိုပြောင်အောင်ဆေးပါ

ထမင်းအိုးမှာ အညစ်ကြေးတွေ၊ ထမင်းဂျိုးတွေ သေချာမစင်တဲ့အခါ အဲ့အိုးနဲ့ ချက်တိုင်း ထမင်းက လွယ်လွယ်နဲ့ သိုးတတ်ပါတယ်။ ဒါကြောင့် ထမင်းအိုးကို ပြောင်စင်သွားအောင်ဆေးဖို့ နည်းလမ်းလေး ပြောပြပေးမယ်နော်။

ဆေးချင်တဲ့ ထမင်းအိုးနဲ့ ရေနွေးအရင်တည်လိုက်ပါ။ ရေနွေးကို သွန်ပြီးရင်တော့ အိုးကို အခြောက်ခံပြီး ဆားနဲ့ ပွတ်တိုက်ပေးပါ။ အိုးလေး ပြောင်သွားပြီဆိုရင် ရေနဲ့ပြန်ဆေးလိုက်ရုံပဲနော်။

ရှာလကာရည်ထည့်ချက်ပါ

ရှာလကာရည်က ထမင်းမှာပါတဲ့ ကစီဓာတ်အပိုတွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ထမင်းချက်တဲ့အခါ ရှာလကာရည် ထည့်ချက်ရင် ထမင်းအလွယ်တကူမသိုးစေဘဲ ကြာရှည်ခံတဲ့အပြင် ထမင်းအနံ့လေးကိုလည်း ပိုမွှေးစေမှာပါ။

ထမင်းချွေးမကျအောင်ထားပါ

ညမနက်စာအတွက် ထမင်းကို ညဘက်မှာ ကြိုချက်ထားမယ်ဆိုရင် ထမင်းအိုးအဖုံးလေးကို ဖွင့်ပြီး သန့်ရှင်းတဲ့ အဝတ်စလေးတစ်ခုနဲ့ ဖုန်တွေမဝင်အောင်၊ ချွေးမကျအောင် အုပ်ထားပေးပါ။ ဒါဆို နောက်နေ့အထိ ထမင်းက မသိုးဘဲ အထားခံစေပါလိမ့်မယ်။ ထမင်းတင်မကပါဘူး ဟင်းအိုးထမင်းအိုးတွေဖွင့်တဲ့အခါမှာလည်း အိုးထဲ ချွေးမကျအောင် သတိထားပေးဖို့ လိုပါမယ်နော်။

ထမင်းချိုင့်ကိုဒီလိုထည့်ပါ

ပူပူနွေးနွေးလေးစားရအောင်ဆိုပြီး ထမင်းကို ချက်ပြီးတာနဲ့ ထမင်းဘူးတွေ၊ ထမင်းချိုင့်တွေထဲကို တန်းထည့်လိုက်တဲ့အခါမှာလည်း အထဲမှာ လေလုံပြီး ထမင်းသိုးတတ်တယ်နော်။ ဒါကြောင့် ထမင်းကို မထည့်မီ အိုးထဲက ထမင်းပူပူကို အပြင်မှာ ပန်းကန်နဲ့ထည့်ပြီး ခဏထားလိုက်ပြီးမှ ထည့်တာ‌ ထမင်းကိုပိုခံစေပါတယ်။