ဝေဖန်မှုတွေကို ဂရုမစိုက်ဘူး ဆိုတဲ့ စကားက ခုခေတ်မှာ ဆီသည်မ လက်သုတ်ပဝါလို ဖြစ်လာတယ်။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် ဒီစကားချည်းပဲ။

အဲ့လို အဆဲခံရင်းနဲ့မှ ပိုပြီး နာမည်ကြီးလာတာတွေ ရှိတော့ အဲဒါကို အောင်မြင်မှုသို့ သွားရာလမ်းတစ်ခုအဖြစ် ခံယူထားကြတာလည်း ဖြစ်နိုင်တယ်။
ဝေဖန်မှုတွေဆိုတာ အမြဲ ဂရုစိုက်နေရရင်လည်း ဘဝမှာ လုပ်စရာကို ရှိမှာ မဟုတ်ဘူး။ အဲ့လို ဂရုစိုက်လွန်းခြင်း၊ တခုခု အပြောခံလိုက်ရတာနဲ့ ပြိုလဲလွယ်လွန်းခြင်းက အစွန်းတစ်ဖက် ဖြစ်သလို၊ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး၊ ငါ့ကို မနာလိုလို့ ဝေဖန်နေကြတာ ဆိုတဲ့ စိတ်ကလည်း နောက်ထပ်အစွန်းတစ်ဖက် ဖြစ်ပါတယ်။
ကိုယ် တလွဲကြီး လုပ်နေလို့၊ ကိုယ့်လုပ်ရပ်ကြီးက မှားနေလို့ ဝိုင်းထောက်ပြနေတာကိုတော့ ဂရုမစိုက်လို့ မရဘူး။ မင်းတို့လုပ်ငန်းက ဘယ်လို ဘယ်ညာ ဆိုတဲ့ ဝေဖန်သံတွေကို ဂရုမစိုက်တာ ရတယ်။ ဒါပေမဲ့ သူများစီးပွားရေးကို ကော်ပီကူးထားတာ၊ လိမ်ညာပြီး ပိုက်ဆံတွေ ယူတာကိုတော့ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ဆိုပြီး လုပ်လို့မရပါဘူး။
အဲဒါ ခေါင်းမာတာ မဟုတ်ဘူး၊ အောင်မြင်မှုအတွက် ရူးသွပ်တာလည်း မဟုတ်ဘူး။ ကျင့်ဝတ် မရှိတာသာ ဖြစ်ပါတယ်။
အပြိုင်အဆိုင် များလှတဲ့ခေတ်မှာ အောင်မြင်ချင်ဇောတွေ ကြီးပြီး အောင်မြင်ဖို့သာ နံပါတ် ၁ လို့ ထင်နေကြတယ်။ ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး၊ ကြွက်ခုတ်တတ်ဖို့သာ လိုရင်း ဆိုတဲ့ အတွေးမျိုး ရှိလာတယ်။ ဝမ်းနည်းစရာ ကောင်းတာက ဒါကို အားပေးနေတဲ့သူတွေ ရှိသလို၊ အားကျနေတဲ့ လူငယ်တွေကလည်း အများကြီး ရှိနေပြန်တယ်။
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှုချင်း မတူကြပါဘူး။ တချို့က ငွေကြေး၊ တချို့က အောင်မြင်မှု၊ တချို့ကျတော့လည်း နာမည်ကျော်ကြားမှု။
ဒါကြောင့် ကိုယ်သာဆို ဒါမျိုး ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ အလုပ်တွေက တခြားလူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးလေး ဖြစ်ချင်ဖြစ်နေမှာပါ။

အဓိကကတော့ ကိုယ့်နာမည်၊ ကိုယ့်ပုံရိပ်ကို ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ ဒါကို ရှင်းရှင်းလင်းလင်း သိဖို့နဲ့ အဲဒီအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ကသာ အရေးကြီးဆုံးလို့ မြင်မိပါတယ်။

credit-ဒေါက်တာ ဖြိုးသီဟ