၁။ အချိန်ယူပါ
စိုးရိမ်ပူပန်မှုတွေလွှမ်းမိုးနေတဲ့အခါရှင်းရှင်းလင်းလင်းစဉ်းစားရန်မဖြစ်နိုင်ပါ။ ပထမဆုံးလုပ်ရမယ့်အရာကအချိန်ယူပြီးရုပ်ပိုင်းဆိုင်ရာငြိမ်သက်အောင်လုပ်ဖို့ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့်လမ်းလျှောက်ခြင်း၊ လက်ဖက်ရည်တစ်ခွက်သောက်ခြင်းသို့မဟုတ်ရေချိုးခြင်းပြုလုပ်ပါ။
၂။ အသက်ရှူလေ့ကျင့်ပါ
ကြောက်စိတ်ကြောင့်နှလုံးခုန်မြန်ခြင်းသို့မဟုတ်ချွေးထွက်လွန်ခြင်းရှိပါကအသက်ရှူ လေ့ကျင့်တာအကောင်းဆုံးဖြစ်ပါတယ်။ အာရုံလွှဲရန်မကြိုးစားဘဲထိတ်လန့်ချိန်မှာသင့်ရဲ့လက်ကိုသင့်ရဲ့ဝမ်းဗိုက်အပေါ် ထားပြီး ဖြည်းဖြည်းနှင့်နက်ရှိုင်းစွာအသက်ရှူသွင်းရှူထုတ်လုပ်ပါ။
၃။ ကြောက်စိတ်ကိုရင်ဆိုင်ပါ
ကြောက်စိတ်ကိုရှောင်ခြင်းကသူတို့ကိုပိုပြီးကြောက်စရာကောင်းစေပါတယ်။ ဘယ်ကြောက်ရွံ့မှုမျိုးကိုမဆိုရင်ဆိုင်ကြုံတွေ့ရပါကနိုးနိုးကြားကြားရင်ဆိုင်ရပါမယ်။ ဥပမာအားဖြင့်သင်တစ်နေ့ဓာတ်လှေကားထဲဝင်ရမှာကိုထိတ်လန့်ရင်၊ နောက်တစ်နေ့ဓာတ်လှေကားသို့ပြန်သွားပြီးစီးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။ ချက်ချင်းမရင်ဆိုင်နိုင်ရင်နောက်နေ့ပြန်ရင်ဆိုင်ပါ။
၄။ အဆိုးဆုံးမြင်ယောင်ကြည့်ပါ
အဆိုးဆုံးအဖြစ်အပျက်ကိုမြင်ယောင်ကြည့်ပါ။ အဲလိုမြင်ယောင်ကြည့်လို့နှလုံးရောဂါမရပါဘူး။ အဲလိုလုပ်ခြင်းဟာထိတ်လန့်ခြင်းကိုလျော့နည်းစေပါတယ်။
၅။ အထောက်အထားကိုကြည့်ပါ
ဥပမာ သင်ဟာဓာတ်လှေကားထဲမှာပိတ်မိနေပြီးအသက်ရှူကျပ်နေမှာကိုကြောက်ရင်တခြားတစ်ယောက်ရောအဲလိုဖြစ်ဖူးတာကိုကြားဖူးပါသလားစဥ်းစားပါ။ အလားတူကြောက်ရွံ့မှုမျိုးခံစားခဲ့ရတဲ့မိတ်ဆွေတစ်ဦးကိုသင်ဘယ်လိုပြောမလဲကိုမိမိကိုယ်ကိုမေးပါ။
၆။ အရာရာမပြည့်စုံပါ
ဘဝဟာဖိစီးမှုများစွာနဲ့ပြည့်နှက်နေပေမယ့်လည်းကျွန်တော်တို့အများစုကဘ၀ ဆိုတာပြည့်စုံခြင်းရှိရမယ်လို့ထင်မြင်ကြတယ်။ ဆိုးရွားလှတဲ့နေ့ရက်များနှင့်ဆုတ်ယုတ်မှုများကအမြဲတမ်းဖြစ်ပျက်နေတာမလို့ ဘဝဟာစကတည်းကရှုပ်ထွေးတယ်ဆိုတာကိုမှတ်မိဖို့အရေးကြီးပါတယ်။
၇။ ပျော်ရွှင်စရာနေရာတစ်ခုကိုမြင်ယောင်ကြည့်ပါ
မျက်လုံးများကိုပိတ်ပြီးလုံခြုံစိတ်ချရသောနေရာတစ်ခုကိုစိတ်ကူးကြည့်ပါ။ ဥပမာ လှပသောကမ်းခြေပေါ်မှာလမ်းလျှောက်နေတယ် သို့မဟုတ် သင့်ဘေးမှာရှိတဲ့ကြောင်နဲ့အိပ်ရာလှလှလေးပေါ်မှာဆော့နေတယ် သို့မဟုတ် ကလေးဘဝမှပျော်ရွှင်ဖွယ်အမှတ်တရတစ်ခုကိုပြန်စဉ်းစားတာမျိုးတွေပါ။ အပြုသဘောဆောင်တဲ့ခံစားချက်တွေကသင်စိတ်အေးလက်အေးမခံစားရမချင်းသင့်ကိုသက်သာစေပါလိမ့်မယ်။
၈။ ကြောက်တာတွေထုတ်ပြောပါ
ကြောက်ရွံ့မှုတွေကိုမျှဝေခြင်းဟာတကယ်ကိုသက်သာစေပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ သူငယ်ချင်းသို့မဟုတ်မိသားစုဝင်များကိုကြောက်တဲ့အကြောင်းကိုရင်ဖွင့်ပြောပြပါ။ သူတို့နဲ့ပြောမရရင်တော့စိတ်ကုထုံးသမားကိုရှာပြီးပြောပြပါ။
၉။ အခြေခံကိုပြန်သွားပါ
လူများစွာဟာအရက်သို့မဟုတ်မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့မိမိကိုယ်ကိုပူပန်သောကရောက်စေတဲ့စိုးရိမ်မှုများစွာကိုဖြစ်ပေါ်စေပြီး အခြေအနေကိုပိုမိုဆိုးရွားစေပါတယ်။ ကောင်းသောအိပ်စက်ခြင်း၊ အဟာရပြည့်သောအစာစားခြင်းနဲ့လမ်းလျှောက်ခြင်းလိုမျိုး ရိုးရှင်းတဲ့နေ့စဉ်အရာများလုပ်ခြင်းက စိုးရိမ်ပူပန်မှုအတွက်အကောင်းဆုံးကုထုံးများဖြစ်ပါတယ်။
၁၀။ ကိုယ့်ကိုယ်ကိုဆုချပါ
နောက်ဆုံးအနေနဲ့ကိုယ့်ကိုယ်ကိုအားရစရာတစ်ခုပေးပါ။ ဥပမာ လိုချင်တာဝယ်ခြင်း၊ စားချင်တာစားခြင်း၊ စာအုပ်တစ်အုပ်၊ ဒီဗီဒီသို့မဟုတ်သင့်ကိုပျော်ရွှင်စေမယ့်အရာတစ်ခုခုနဲ့ မိမိကိုယ်ကိုကုသခြင်းဟာထိရောက်ပါတယ်။
credit -ဒေါက်တာမျိုးမင်းဦး (ခေါင်းဆောင်မှုပညာနှင့် အတိုင်ပင်ခံစိတ်ပညာပါရဂူ)

