ပစ္စည်းဥစ္စာပြည်စုံသူတွေဆီ ဝင်ခိုခွင့်ရသူကရ၊ပညာတတ်မိဘတွေဆီ ခိုတွယ်ခွင့်ရသူကရ၊ဆင်းရဲနွမ်းပါးပြီး အသိပညာမရှိသူထံတွယ်ဝင်ခွင့်ရသူကရပါပဲ၊
ဒီနေရာမှာတော့ သူ့ကံနဲ့သူ လာတယ်လို့ ဆိုရမှာပါ၊ အများအားဖြင့် ဦးဆောင်သူ မိဘတွေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကို ဆက်ခံကြတာများပါတယ်၊
အနီးစပ်ဆုံး ဥပမာပြရရင် အဖေလုပ်သူက စာရေးဆရာ ဒါရိုက်တာဆိုရင် သားတွေဖြစ်တဲ့ မောင်ဝဏ္ဏ၊သုမောင်၊မင်းလူ၊အာယုတို့က ဒါရိုက်တာတွေ စာရေးဆရာတွေဖြစ်ကုန်တယ်၊
အဖေလုပ်သူ ရင်ဂိုက အဆိုတော်ဆိုတော့ သားကလည်း အဆိုတော် ကျားပေါက်ဖြစ်လာတယ်၊ ကိုယ့်ဆီမှာ ကားလာမောင်းဖူးတဲ့ ဒရိုင်ဘာလေးကို တစ်ခါက မေးဖူးတယ်၊
မင်းအဖေ ဘာလုပ်လဲ၊မင်းတို့ မောင်နှမဘယ်နှယောက်ရှိသလဲဆိုတော့ အဖေဖြစ်သူက လိုင်းကားမောင်းတယ်၊သူတို့ညီအစ်ကိုလေးယောက်လုံးလည်း လိုင်းကားမောင်းတယ်တဲ့၊ ခုဆရာ့ဆီမှာ အိမ်ကားတစ်လှည့်လာမောင်းကြည့်တာတဲ့၊
မြောင်းမြဒေါ်ချို မုန့်ဟင်းခါးအောင်မြင်လာတော့ သားစဉ်မြေးဆက် ဆိုင်ခွဲ အလီလီဖွင့်ပြီး မုန့်ဟင်းခါးပဲရောင်းကြတယ်၊
အမှိုက်လှည်းတွန်းတဲ့ မိဘကမွေးတော့ သားသမီးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အမှိုက်လှည်းတွန်းနေတာကိုမြင်တော့ စိတ်မကောင်းတောင်ဖြစ်မိတယ်၊ ဘာအပြစ်မှ မရှိတဲ့ကလေးတွေရဲ့ အနာဂတ်က မိဘပုံသွင်းပေးထားတဲ့အမှောင်အတိ၊
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးဖတ်မိတော့ သားသမီးတွေကို ပျိုးထောင်တာ ဘယ်လောက်အရေးပါတယ် ပိုသေချာသွားတယ်၊
အဖေဆရာဝန်၊အမေဆရာဝန်၊မွေးလာတဲ့ သားသမီးငါးယောက်လုံးဆရာဝန်၊ဒါတွေဟာ ကံမဟုတ်ဘူး၊အလကားနေ ကံကိုပုံချချင်တဲ့ သူတွေကိုလည်း အံ့ဩမိတယ်၊
မိဘတွေရဲ့ အရိပ်ဟာ သားသမီးတွေ တဘဝလုံးအတွက်အုပ်မိုးထားတယ်ဆိုတာ သိစေချင်တယ်၊ တာဝန်ယူချင်စိတ် မရှိရင် အစကတည်းက သားသမီးမယူတာ အကောင်းဆုံးပဲ၊
မွေးပြီးသွားပြီဆိုရင်တော့ သားသမီးတွေကို သူ့ကံနဲ့သူလာတာတို့၊ကံ ကံ၏အကျိုးတို့ တာဝန်မဲ့စကားမပြောနဲ့၊ မိဘ အသုံးမကျရင် သားသမီးခံရမှာပဲ၊
သူတို့ဘဝ သာယာဖြောင့်ဖြူးအောင် ထုဆစ်လမ်းခင်းပေးဖို့က မိဘတွေရဲ့တာဝန်၊သားသမီးတွေ ဘဝအသိရှိအောင် သွန်သင်ဆုံးမဖို့က မိဘဝတ္တရား၊ကျောင်းထားပေးရုံမကဘဲ အဆင့်ဆင့်ပျိုးထောင်ပေးနိူင်မှ သူတို့ဘဝလန်းဆန်းမှာ၊
ဘာလို့ ဒီလိုပြောသလဲဆိုရင် အိမ်ရာမရှိဘဲ ငွေကလေးရှစ်ကျပ်နဲ့ လင်မယားနှစ်ယောက် ကြိုးကြိုးစားစားထူထောင်ပြီး ပျိုးထောင်ခဲ့တဲ့ သားသမီးတွေကြောင့် ဘဝရဲ့နေဝင်ရီတရော ညနေခင်းစားပွဲဝိုင်းတွေဟာ ချိုအီမွှေးပျံ့နေလို့လေ။