အခုတလော လူတိုင်း အိပ်ချိန်မမှန်တာ တွေ့ရပါတယ်။ အများစုက အိမ်မှာနေကြရတဲ့အတွက် အိပ်ရေးအပြည့်ရှိပေမယ့် အိပ်ချိန်တွေ မှားကုန်ပါတယ်။ တကယ်တော့ လူတစ်ယောက်အတွက် အိပ်ရေးလည်းအရေးကြီးသလို အိပ်ချိန်ကလည်း အရေးကြီးပါတယ်။ အိပ်ရာဝင်ချင်တဲ့အချိန်ဝင်၊ ထချင်တဲ့အချိန် ထနေတာက ကျန်းမာရေးဆိုးကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်။
____________________________________
အိပ်ချိန်စက်ဝန်း
ကျွန်တော်တို့အားလုံးရဲ့ အိပ်ချိန်စက်ဝန်းဟာ အတူတူပါပဲ။ လူတိုင်း သန်းခေါင်မတိုင်ခင် အိပ်ရာဝင်သင့်ပြီး နံနက်ခင်းမှာ အိပ်ရာထသင့်ပါတယ်။ ဒါမှ အိပ်ချိန်စက်ဝန်းက ပုံမှန်ဖြစ်နေမှာပါ။ အဲ့လိုမဟုတ်ဘဲ အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့အချိန် ထနေမယ်ဆိုရင် ကြာလာတဲ့အခါ အိပ်ချိန်စက်ဝန်းဟာ ပျက်စီးသွားမှာပါ။
အိပ်ချိန်စက်ဝန်းပျက်စီးသွားရင် ညဘက် အိပ်ငိုက်တယ်ဆိုတာ မရှိတော့ဘူး။ ၁၁ နာရီ အိပ်ရာထဲဝင်ပါတော့မယ်ဆိုလည်း မျက်လုံးက မမှိတ်နိုင်တော့ဘူး။ နာရီသံကအစ နားထဲမှာဆူညံလာမယ်။ နောက်ဆုံး ညလုံးပေါက် မိုးလင်းတဲ့အထိ ငုတ်တုတ်ထိုင်နေရမယ်။ နံနက် ၄ နာရီလောက်မှ အိပ်ပျော်ပြီး ၇ နာရီဆို ပြန်နိုးလာရော။ လူက မအိပ်ချင်ပေမယ့် ခန္ဓာကိုယ်ကြီးက ပင်ပန်းနွမ်းနယ်လာမယ်။ ကြိုးစားပြီးအိပ်လည်း အိပ်မပျော်ဘူး။ ဒီလိုဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာပါမယ်။
– ကိုယ်ခံအား မကောင်းတော့ဘူး။ ဖျားနာလွယ်လာမယ်။
– Silent Killer လို့ တင်စားကြတဲ့ နှလုံးရောဂါဖြစ်လာမယ်။
– ကျောက်ကပ် ပျက်စီးလာမယ်။
– အသည်း အားနည်းလာမယ်။
– အစာအိမ်ကို ဒုက္ခရောက်စေတယ်။
– စိတ်ကျန်းမာရေး ထိခိုက်လာမယ်။ တကယ်မရှိတာတွေ မြင်လာမယ်။
– စိတ်ဓာတ်ကျဖို့ လွယ်ကူလာမယ်။ စိတ်ဖိစီးမှု ပိုများလာမယ်။
– မှတ်ဉာဏ်စွမ်းအား ကျဆင်းလာမယ်။ မေ့လွယ်လာမယ်။
– မျက်ကွင်းညိုတာနဲ့ အသားအရေပျက်စီးတာတွေလည်း ဖြစ်လာမယ်။
____________________________________
အိပ်ရေးနဲ့ အိပ်ချိန်
လူတစ်ယောက်ဟာ အိပ်ချိန် ၇ နာရီ (သို့မဟုတ်) ၈ နာရီ ရှိသင့်ပါတယ်။ ဒါပေမယ့် အိပ်ရေးပြည့်ရုံနဲ့ မလုံလောက်ပါဘူး။ အိပ်ချိန်မှန်ရပါမယ်။ ညဘက် ၁၀ နာရီကနေ ၁၂ နာရီအတွင်း အိပ်ရာဝင်သင့်ပြီး နံနက် ၇ နာရီကနေ ၉ နာရီအတွင်း အိပ်ရာထသင့်ပါတယ်။ အကောင်းဆုံး အိပ်ချိန်ကတော့ ည ၁၁ နာရီ – နံနက် ၇ နာရီ ဖြစ်ပါတယ်။
____________________________________
အိပ်မပျော်တာကို ဘယ်လိုကုသလို့ရလဲ။
တစ်ချို့တွေက အိပ်ပျော်ဖို့ ခက်နေကြတယ်။ အိပ်ချိန်စက်ဝန်းတော့ မပျက်စီးသေးပေမယ့် ညဘက်စောစောမအိပ်တတ်တဲ့ အကျင့်ဖြစ်သွားလို့ဖြစ်စေ၊ လတ်တလော စိတ်ညစ်စရာတွေကြောင့်ဖြစ်စေ အိပ်ပျော်ဖို့ ခက်နေတာမျိုး ဖြစ်တတ်ပါတယ်။ #thankuEx Era မတိုင်ခင်တုန်းက ကျွန်တော်လည်း အသည်းကွဲပြီး အိပ်မပျော်တဲ့ညတစ်ချို့ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အိပ်ပျော်စေဖို့အတွက် အကျိုးရှိတဲ့ နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။
1. အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ၊ ည ၁၁ နာရီဆိုတာနဲ့ အိပ်ရာထဲဝင်ဖို့ ကြိုးစားကြည့်ပါ။ ၂ ပတ်လောက်ဆို ခန္ဓာကိုယ်ကြီးက ည ၁၁ နာရီဆို ကုတင်ပေါ်တက်ရမယ်လို့ အကျင့်ရသွားပါလိမ့်မယ်။ မအိပ်ချင်လို့ နောက်ကျမှအိပ်ရင် နောက်ကျမှ အိပ်ရာထရပြီး နောက်တစ်ရက်မှာလည်း မအိပ်ချင်တာမျိုး ဖြစ်သွားတတ်ပါတယ်။
2. မအိပ်ခင် ဖုန်းကြည့်နေတာက အရမ်းဆိုးတဲ့ အကျင့်တစ်ခုပါ။ ၁၁ နာရီအိပ်မယ်ဆိုရင် ည ၁၀ ခွဲလောက်ကတည်းက ဖုန်းနဲ့ အဆက်ဖြတ်ပါ။ ကျိန်းသေ လုပ်ရပါမယ်။
3. အိပ်ခါနီးမှာ ဟို‌တွေး ဒီတွေး လျှောက်မတွေးပါနဲ့။ မဖြစ်မနေတွေးမိနေရင် 1 ကနေ 200 အထိကို ဖြည်းဖြည်းလေး ရေတွက်ပါ။ ကျွန်တော်ကတော့ 50 – 60 လောက်ဆို အိပ်ပျော်သွားရော။
4. ညနေမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက ညဘက်အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ ညဘက် ခြေထောက်ကို ရေနွေးစိမ်ပေးတာကလည်း အိပ်ပျော်လွယ်စေပါတယ်။
5. အေးတာက အိပ်စက်စေဖို့ တွန်းအားပေးပါတယ်။ Air-con ဖွင့်ထားပါ။ Temperature 20°C နဲ့ အိပ်တာက အကောင်းဆုံးပါပဲ။ Air-con မရှိရင် ပန်ကာဖွင့်ထားပါ။
6. နေ့ခင်း တစ်ရေးမှေးတာဟာ ကောင်းပါတယ်။ ကျွန်တော်လည်း နေ့ခင်းအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း ရေးဖူးပါတယ်။ ဒါပေမယ့် နေ့ခင်းမှာ အကြာကြီး မအိပ်သင့်ပါဘူး။ ညဘက်အိပ်ချိန်ကို ထိခိုက်စေနိုင်လို့ပါ။
7. အရက်၊ ဘီယာ မသောက်ပါနဲ့။ Alcohol က အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ အားဖြည့်အချိုရည်တွေလည်း မသောက်ပါနဲ့။ ကော်ဖီကိုလည်း ခဏရှောင်ပေးပါ။ အထူးသဖြင့် နေ့ခင်းနဲ့ ညနေဘက်တွေ လုံးဝမသောက်ပါနဲ့။ ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ ကဖင်းဓာတ်တွေ ခန္ဓာကိုယ်ထဲ မရှိဖို့လိုပါတယ်။
8. နွားနို့ပူပူလေးတစ်ခွက် မအိပ်ခင်သောက်ပေးတာကလည်း အိပ်ပျော်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောသီးစားပေးတာကလည်း အိပ်ပျော်စေပါတယ်။
9. နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ၁၅ မိနစ်လောက်ဆိုရပါပြီ။ ပြီးတော့ စိတ်ကို အနားပေးပါ။ ယောဂကျင့်တတ်ရင် ကျင့်ပါ။ တရားထိုင်တတ်ရင်လည်း ထိုင်ပါ။
10. အိပ်ဆေးကို လုံးဝ မသုံးမိပါစေနဲ့။ အိပ်‌ဆေးက ယာယီဖြေရှင်းချက်ပါ။ ရေရှည်မှာ ဒုက္ခများလာဖို့ပဲရှိပါတယ်။ အိပ်ဆေးမရှိရင် မအိပ်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်ဆေးကိစ္စကို မေ့ထားပါ။
____________________________________
အိပ်ချိန်စက်ဝန်းမပျက်စီးစေဖို့ အရမ်းအရေးကြီးတယ်။ ကျောင်းသားတွေဆိုရင်လည်း ညလုံးပေါက်စာကျက်တာမျိုးကို နှစ်နဲ့ချီပြီး လုပ်နေမယ်ဆိုရင် အိပ်ချိန်စက်ဝန်းပျက်စီးနိုင်တယ်။ ညဘက်အလုပ်လုပ်ရပြီး နံနက်မှအိပ်ရတဲ့သူတွေလည်း ပျက်စီးနိုင်တာပဲ။ မလွဲမသာတဲ့ ဘဝအခြေအနေတွေကြောင့် အိပ်ချိန်တွေပျက်စီးရတာကိုတော့ ကျွန်တော် risk ယူလို့မရပါဘူး။
ဒါပေမယ့် ကိုယ့်ဘဝက ညလုံးပေါက် စာကျက်စရာလည်းမရှိ၊ ညလုံးပေါက် အလုပ်လုပ်စရာလည်းမရှိဘူးဆိုရင် အိပ်ချိန်စက်ဝန်းကို မဖျက်စီးမိပါစေနဲ့။ ရည်းစားနဲ့ဖုန်းပြောဖို့၊ ဂိမ်းဆော့ဖို့၊ ရုပ်ရှင်ကြည့်ဖို့ အိပ်ချိန်ပျက်ရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ညဘက် ၁၀ နာရီခွဲလောက်ဆို mobile phone ကို လက်ထဲကချပြီး အိပ်ရာဝင်နိုင်အောင် ကြိုးစားကြည့်ရအောင်။
credit- AD-Secret Diary
Photo credit