ဆောင်းဥတုတွင် အေးသည်ဟုဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲ ရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအသောက်ပျက်လာသည်ကိုတွေ့ရသည်။မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာသည်။ ရေမချိုး ရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာခြင်းဖြစ်သည်။
အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားသည့် လင်္ကာရှိသည်။ မြန်မာ ဆေးဆရာ များသည် လူကြီးများ ရေချိုးမမှား စေရန် လိုက်နာ ခိုင်းသည့်လင်္ကာမှာ ”နွေ ကိုး၊ မိုး ခွန်၊ ဆောင်း တစ်ဆယ့်တစ်” ဟူ၍ ဖြစ်သည်။
အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်သည့် အချိန်မှာ နွေဥတုတွင် နံနက် ၉ နာရီခန့်၌ သင့်တော်သည်။ မိုးဥတုတွင် နံနက် ၇ နာရီနှင့် ဆောင်းဥတုတွင် အအေးပို လာသဖြင့် နံနက် ၁၀ နာရီခန့်မှသာ ရေချိုး ပေးသင့်သည် ဟု ဆိုလိုသည်။ ဤစာဆိုသည် ကျန်းမာရေး ကောင်းနေသူ လူငယ်များ အတွက် မဟုတ်ပါ။ ကျန်းမာရေး ယိုယွင်းလာသည့် လူကြီးများ အသက်ကြီး သူများ အတွက်သာ ဖြစ်သည်။
ဆောင်းဥတုသည် နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်သည်။နွေးထွေးအောင် ညအိပ်ချိန်နှင့် နံနက်စောစော အိပ်ရာထချိန် များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတစိုက် ဝတ်ဆင် သင့်ကြောင်း သတိပြု စေလိုသည်။
ရေချိုးလို့သေတဲ့ မသာပဲ ရှိတယ်။ ရေမချိုးလို့ သေတဲ့ မသာမရှိဘူး ဟု ပြောလေ့ရှိသည်။ဤသည်မှာ လူပြိန်းတွေး တွေးပြီး ပြောသော စကားဖြစ်သည်။ ပညာရှိများ ပြောသော စကား မဟုတ်ပေ။ ရေမချိုး သဖြင့်အသက်မသေ သော်လည်း ကျန်းမာရေးမကောင်းနိုင်ပေ။
အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ သွားခြေရောင်ခြင်း၊ လျှာတွင် အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံဝင်ရောက် လာနိုင်သည်။ ဤသည်မှာ ရေမချိုးခြင်း၏ နောက်ဆက်တွဲ ရောဂါများ ဖြစ်သည်။
ရှေးက မြန်မာ့ ဆေးပညာရှင် ကြီးများ မိန့်ကြားသည်မှာ ရေချိုးရမည်၊ မချိုးရမည် ဆိုသည်မှာ မိမိအပေါ် မူတည်သည်။ ရေချိုးလိုစိတ် ဖြစ်ပေါ်မှ ရေချိုးရမည်။ ရေအိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာလျှင် မချိုးရ။
အရဲကိုး၍ ချိုးမည် ဆိုလျှင်လည်း ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။ တဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။ အချိန် ကြာမြင့်စွာ ရေချိုးခြင်း မပြုရ။ အေးသော ရာသီတွင် လျင်မြန်စွာ ရေချိုးခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။
ရေချိုးခြင်းသည် လူတို့နေ့စဉ် ပြုအပ်သော ကိစ္စတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ဥတုနှင့် အချိန်အခါကို ကြည့်ရမည်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်သကဲ့သို့ ရေချိုးမှားလျှင် အခိုးငုပ်၍ ဖျားနာတတ်သည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ရေချိုးခြင်းသည် ဥတုနှင့် ဆိုင်သည်။ ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊ အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိဖြင့်သာ ပြုအပ်ကြောင်း တင်ပြလိုက်ရပေသည်။
credit;
