တချို့တွေဟာ ချစ်သူကို အရမ်းသဝန်တိုတတ်ကြပါတယ်။ ချစ်သူကို နီးစပ်ရာလူတကာနဲ့ အထင်လွဲတယ်။ စွပ်စွဲတယ်။ အချိန်တိုင်း ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ၊ ဘယ်သူနဲ့ရှိနေလဲ မေးမယ်။ Facebook မှာဆိုလည်း တခြားသူတွေနဲ့ စကားမပြောနဲ့။ မခင်မင်နဲ့။ Unfriend လုပ်ပစ်..ဆိုတာမျိုးတွေ ဖိအားပေးတယ်။ တကယ်တော့ အဲဒါတွေက ချစ်ခြင်းမေတ္တာ မဟုတ်ပါဘူး။ Anxious Attachment ခေါ် စိုးရိမ်ပူပန်လွယ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။
လူတစ်ယောက် သဝန်တိုလွန်းခြင်း၊ စိတ်မချဖြစ်ရခြင်းတွေဟာ ငယ်ငယ်တုန်းက အတွေ့အကြုံတွေနဲ့ သက်ဆိုင်နေပါတယ်။ အများအားဖြင့် မိဘတွေရဲ့ ပြုစုပျိုးထောင်ပုံကြောင့် ဖြစ်လာတာပါ။ မြန်မာလူမှုအသိုင်းအဝိုင်းမှာ ကလေးတစ်ယောက် ငိုလာရင် မိဘတွေက ဘယ်လိုတုံ့ပြန်ကြလဲ?။
“နေပါဦး… အမေအလုပ်ရှိနေတယ်”
“ဒီကလေး အရမ်းဆိုးတာပဲ… ပစ်ထားမှာနော်”
“နောက်နေ့ လျှောက်လည်ရင် မခေါ်ဘူး”
“မငိုနဲ့ ရိုက်မှာနော်”
အများစုက ဒီလိုပဲ တုံ့ပြန်ကြပါတယ်။
တကယ်တော့ ကလေးတစ်ယောက် ငိုတယ်ဆိုတာ သူ့မှာ တစ်ခုခုလိုအပ်နေလို့ပါ။ ဒါပေမယ့် အဲဒီလိုအပ်ချက်တွေကို အမြဲတမ်း လျစ်လျူရှုခံရတဲ့အခါ ဘာဖြစ်လာသလဲဆိုရင် ကလေးငယ်က အခုလို သင်ခန်းစာတွေ ရသွားပါတယ်။
“ငါ့ကို ဘယ်သူမှ နားမလည်ဘူး”
“ငါ့ခံစားချက်တွေ အရေးမကြီးဘူး”
“ငါ အရေးမပါဘူး”
“ငါ့ကို ဂရုစိုက်မယ့်သူ မရှိဘူး” လို့
ကလေးငယ်ရဲ့စိတ်ထဲမှာ စွဲမြဲသွားပါတယ်။
မိဘတွေက တစ်ခါတလေမှ အိမ်ပြန်လာမယ့်အချိန် သေချာမပြောဘဲ နောက်ကျတတ်တယ်ဆိုပါစို့။ ကလေးက အိမ်မှာ နာရီနဲ့ချီပြီး စိုးရိမ်တကြီး စောင့်နေရတယ်။ ဒီလိုအဖြစ်အပျက်တွေ အကြိမ်ကြိမ် ကြုံတွေ့လာရတဲ့အခါ “ကိုယ့်ကို စွန့်ခွာသွားမှာကို ကြောက်တဲ့စိတ်” က စတင်ဖြစ်ပေါ်လာပါတယ်။
နောက်တစ်ခုက မတည်ငြိမ်တဲ့ ဆက်ဆံရေးပုံစံ
တရက်မှာ အမေဖြစ်သူက စိတ်ညစ်နေတယ်။ တစ်နေ့လုံး ကလေးကို ဂရုမစိုက်နိုင်ဘူး။ နောက်တစ်နေ့ကျတော့ စိတ်တွေပြေသွားတော့ ကလေးကို အရမ်းချစ်ပြီး အချိန်ပေးတယ်။ တစ်ရက်ပြီးတစ်ရက် ဒီလိုအတက်အကျ ဖြစ်နေတော့ ကလေးက စဉ်းစားလာမိတယ်။
“မနက်ဖြန်ကျရင် အမေက ငါ့ကို ဒီလိုပဲ ဆက်ဆံဦးမလား”
“အဖေ အိမ်ပြန်လာရင် ချစ်မှာလား၊ ဆူမှာလား မသိဘူး”
“သူတို့ရဲ့အချစ်က တည်ငြိမ်မှု မရှိဘူး”
အဲဒီလိုအတွေးတွေနဲ့ ကြီးပြင်းလာတဲ့အခါ ဘာဖြစ်လာလဲဆိုတော့…
အရွယ်ရောက်တဲ့အခါမှာ…
ချစ်သူရည်းစား ရလာရင်..
သဝန်တိုလွန်းတယ်
သူဘာလုပ်နေလဲ အမြဲသိချင်တယ်
တစ်ဖက်သားက အချိန်မပေးနိုင်တိုင်း စိတ်ထိခိုက်တယ်
အများကြီး အာရုံစိုက်စေချင်တယ်
ချစ်သူကို ထိန်းချုပ်ချင်တယ်
သူစိတ်ပျက်သွားမှာ စိုးရိမ်နေတယ်
ဖုန်းမကိုင်ရင် အရမ်းစိတ်ပူတယ်
မေးခွန်းတွေ အများကြီးမေးတယ်
ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မထိန်းနိုင်ဘူး
သူပျောက်သွားမှာ ကြောက်နေတယ်
သူငယ်ချင်းတွေနဲ့ဆိုရင်..
သူတို့က ကိုယ့်ကို အရေးမထားဘူးလို့ ထင်တယ်
ကိုယ့်ကို မခေါ်ဘဲ သူတို့ချည်း သွားကြတယ်လို့ ထင်တယ်
ကိုယ်က သူတို့အတွက် အရေးမပါဘူးလို့ ခံစားရတယ်
ပစ်ပယ်ခံရမှာကို အရမ်းကြောက်တယ်
အလုပ်မှာဆိုရင်…
လုပ်ဖော်ကိုင်ဖက်တွေ သဘောမကျမှာ စိုးရိမ်တယ်
ကိုယ်လုပ်တာ မှားနေမှာကို အမြဲစိုးရိမ်နေတယ်
အခြားသူတွေရဲ့ ခံစားချက်ကို အလွန်အမင်း ဂရုစိုက်တယ်
အဲဒီလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားရပါတယ်။ ချစ်သူနဲ့ဆိုရင်လည်း သဝန်တိုတာကြောင့်ပဲ ပြဿနာတွေခဏခဏတက်ရပါတယ်။ တကယ်တော့ “သဝန်တိုတာဟာ အရမ်းချစ်လို့” ဆိုတဲ့ အကြောင်းပြချက်က မှားယွင်းနေပါတယ်။
သဝန်တိုတာ၊ ထိန်းချုပ်ချင်တာဟာ ချစ်လို့ မဟုတ်ပါဘူး။ ကိုယ့်မှာရှိနေတဲ့ လုံခြုံမှုမရှိတဲ့ခံစားချက်ကြောင့်ပါပဲ။ ကိုယ်က တစ်ယောက်ယောက်ကို ဆုံးရှုံးမှာ ကြောက်နေတော့ အဲဒီလူကို ချုပ်ကိုင်ထားချင်တာမျိုးပါ။
ဒီအခြေအနေတွေကို ကိုင်တွယ်ဖို့ အဓိကအကျဆုံးက သတိရှိဖို့ပါ။ ကိုယ့်မှာ Anxious Attachment ရှိနေတယ်ဆိုတာ သိပြီဆိုရင် အခြားသူတွေနဲ့ ဆက်ဆံရေးမှာ သတိထားပါ။
ဥပမာ – ကိုယ်ကဖုန်းဆက်လို့ ချစ်သူက ဖုန်းကို ချက်ချင်း ပြန်မကိုင်ဘူးဆိုရင် “သူက ငါ့ကို မချစ်တော့ဘူး” ဆိုပြီး မတွေးမိအောင် သတိထားပါ။ သူ့မှာ အကြောင်းအမျိုးမျိုး ရှိနိုင်တယ်ဆိုတာ စဉ်းစားပါ။
နောက်ပြီးရင် ကိုယ်ခံစားချက်တွေကို ရိုးရိုးလေး ပြောပြပါ။
“ငါ မင်းအပေါ် စိတ်ပူနေမိတယ်”၊ “မင်း ငါ့ကို အဆက်အသွယ်မလုပ်ရင် ငါ တော်တော်လေး ခံစားရတယ်”၊ “ငါတို့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး အချိန်ပေးကြရင် ကောင်းမယ်ထင်တယ်”စသဖြင့် ကိုယ့်ရဲ့စိတ်အခြေအနေလေးတွေ၊ ဆန္ဒလေးတွေကို တစ်ဖက်သားနားလည်အောင်ပြောပြပါ။
ဗုဒ္ဓဘာသာအမြင်အရဆိုရင်လည်း
ဗုဒ္ဓက ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် စွဲလမ်းမှုကို သတိထားဖို့ သွန်သင်ခဲ့ပါတယ်။
မေတ္တာဆိုတာ အခြားသူအပေါ် ကောင်းကျိုးလိုလားတဲ့စိတ်၊ သူ့အတွက် အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်ပါ။ ဒါပေမယ့် အဲဒီမေတ္တာကို သဝန်တိုစိတ်တွေ စွဲလမ်းမှုတွေအဖြစ် မပြောင်းစေသင့်ဘူး။ မေတ္တာထားတတ်သလို လွတ်လွတ်လပ်လပ်လည်း နေတတ်ရပါမယ်။ ဒါကြောင့် မေတ္တာနဲ့အတူ ဥပေက္ခာကိုပါ ထားရှိဖို့ လိုအပ်ပါတယ်။
တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ..
လွတ်လပ်ခွင့် ပေးတယ်
ယုံကြည်မှု ရှိတယ်
တစ်ဖက်သားရဲ့ ဆန္ဒကို နားလည်ပေးတယ်
အတင်းအကျပ် ချုပ်ခြယ်တာမျိုးတွေ မလုပ်ဘူး။
သဝန်တိုခြင်းဟာ ချစ်ခြင်းမေတ္တာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ တစ်ဖက်သားကို ချစ်ရင် သူ့ကို ယုံကြည်မှု ပေးရမယ်။ လွတ်လပ်ခွင့် ပေးရမယ်။ သူ့ဘဝ သူ ရှင်သန်ခွင့် ပေးရမယ်။ ဒါမှသာ တကယ့်ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။
“ချစ်ခြင်းမေတ္တာဆိုတာ လွတ်လပ်မှုပေးတဲ့နေရာက စတင်ပါတယ်” လို့ ဗီယက်နမ်ဘုန်းကြီး Thich Nhat Hanh က ပြောခဲ့ဖူးပါတယ်။ လူတစ်ယောက်ကို လွတ်လပ်မှုကနေ စချစ်တတ်လာတဲ့အခါ… နှလုံးသားထဲက ပူပန်မှုတွေလည်း တဖြည်းဖြည်း လျော့ပါးသွားပါလိမ့်မယ်။